written by – ဥက္ကာကိုကို
““အခုလို ကံ့ကော်ပွင့်ချိန်ဆိုရင် စိတ်လှုပ်ရှားလာတာအမှန်ပဲ”” ဟု သူတို့ကပြောကြသည်။ သူတို့ဆိုသည်က ရန်ကုန်တက္ကသိုလ် ကျောင်းသားဟောင်းကြီးများလည်းဖြစ်၊ ပန်းချီဆရာ၊ပန်းချီရေးသူများလည်းဖြစ်ကြသော “ကံ့ကော်ရွာသား” တို့ပင်ဖြစ်သည်။ နှစ်စဉ် ဖော်ဖော်ဝါရီလ၊ မတ်လ နွေဦးသို့ရောက်ပြီးကံ့ကော်ဖူးများပွင့်လန်းတော့မည့် ကာလတွင် သူတို့တွေ ရင်ခုန်လာကြသည်။ လန်းဆန်းလာကြသည်။ ပျော်ရွှင်လာကြသည်။ အသက်အရွယ်အားဖြင့်ဆယ့်ရှစ်နှစ်သို့ပင် ပြန်ရောက် သွားကြသယောင် ခံစားတက်ကြွလာကြသည်။ ထို့နောက် ပြန့်ကျဲနေသော ကံ့ကော်ရွာသားတွေ ပြန်လည်စုစည်း ကြလေသည်။သူတို့လက်ထဲတွင်တော့ ပန်းချီကားချပ်ကိုယ်စီနှင့်ဖြစ်သည်။
“ံကံ့ကော်ရွာ” ဟုအမည်ပေးထားသည့် ပန်းချီပြပွဲကိုလောကနတ်ပန်းချီပြခန်းတွင် ဖေဖော်ဝါရီ ၂၂ ရက်မှ ၂၆ရက် အထိပြသခဲ့ သည်။ ယခုနှစ်သည် ကံ့ကော်ရွာပန်းချီမိသားစုလေး၏ ၂၂ကြိမ်မြောက် ပြပွဲဖြစ်သည်။ သူတို့ကိုယ် သူတို့ရာဇူးကျောင်းသား ဟုဂုဏ်ယူစွာပြောဆိုကြသောရန်ကုန်တက္ကသိုလ်ပင်မကျောင်းသားဟောင်းပန်းချီဆရာကြီးများ ၏ တက္ကသိုလ် ပြင်ပတွင် ပြသ သော ကံ့ကော်ရွာပန်းချီပြပွဲ၂၂ကြိမ်မြောက်လည်းဖြစ်သည်။ ကံ့ကော်ရွာ ပန်းချီပြပွဲများသည်ရန်ကုန်တက္ကသိုလ်အနုပညာ အသင်း၊
ပန်းချီခန်းမမှ စတင်ပေါက်ဖွားလာခြင်း ဖြစ်ပြီး ယခင်က ရန်ကုန်တက္ကသိုလ်ရှိ အာရ်စီဟုနာမည်ကျော်သည့် အပန်းဖြေရိပ်သာတွင် နှစ်စဉ်ပြသခဲ့ကြရာမှ ကျောင်းပြီးဆုံး၍ ကျောင်းဝင်းပြင်ပသို့ထွက်ခွာလာခဲ့ကြရသောကျောင်းသားပန်းချီဆရာများ၏ အမှတ်တရ လက်ဆင့်ကမ်း ရှင်သန်လာခဲ့သော ပြပွဲများဖြစ်သည်။
ပြင်ပတွင် ကံ့ကော်ရွာဟူသောအမည်ဖြင့် ကျောင်းသားများစတင်ပြသခဲ့ကြသည်မှာ ၁၉၇၉ ခုနှစ်တွင်ဖြစ်သည်။ ရာဇူး (ရန်ကုန်တက္ကသိုလ်ပင်မ)ပြင်ပ၌ပထမဆုံးပြသသည့်နေရာမှာ ပြည်လမ်းရှိ ဆေးတက္ကသိုလ်(၁)မှ လိပ်ခုံးခန်းမတွင် ဖြစ်ပြီး ရာဇူး အနီးအနားရှိ ယုဒဿန်ရိပ်သာတွင်လည်း ၁၉၉၅အထိ ပြသခဲ့ကြသည်။ နောက်ပိုင်းတွင်အကြောင်းကြောင်း ကြောင့် တက္ကသိုလ် အနီးတွင်ပြသရန်ခက်ခဲလာသောကြောင့် ရန်ကုန်မြို့တွင်းရှိလောကနတ်ပန်းချီပြခန်းသို့ ၂၀၀၀ ခုနှစ်မှ စတင်၍ ယနေ့အထိ ပြောင်းရွှေ့ပြသခဲ့ကြရသည်။
““ယဉ်ကျေးမှုတက္ကသိုလ်ပေါ်လာတယ်။ နောက်ပိုင်းမှာ ရာဇူးကအနုပညာအသင်းလည်းပျက်သွားတယ်။ ဒါပေမယ့် ကံ့ကော်ရွာ မိသားစုလေးကတော့ မပျက်သွားခဲ့ဘူး။ နှစ်စဉ်ကံ့ကော်ပွင့်ချိန်မှာ ကျင်းပမြဲပါပဲ””ဟု ပန်းချီ မျိုးမြင့်လေးကပြောသည်။
ယခုနှစ်တွင်လည်း အစဉ်အလာမပျက်စေရန် သူတို့တွေကြိုးစားအားထုတ်ထားကြသည်။ သူတို့၏ပန်းချီပညာကို စတင်မျိုးစေ့ချ သင်ကြားပေးခဲ့သည့် ပန်းချီဆရာကြီး ဦးလွန်းကြွယ်၊ ဦးသိန်းဟန်တို့နှင့် ဦးသုခ၊ ဦးနန်းဝေတို့၏ပန်းချီလက်ရာ များကိုလည်း ပူးတွဲပြသခဲ့သည်။
ယခုနှစ်ပြပွဲတွင်ပါဝင်ပြသခဲ့ကြသော ကံ့ကော်ရွာသားများမှာ…..ပန်းချီအောင်ကျော်မိုး၊ ဒါလီ၊ ဖော်မတ်၊ လှတိုး၊ ဌေးမြင့်၊ ဌေးဌေးမြင့်၊ ကြီးမြင့်စော၊ ခင်ဆွေဝင်း၊ ခင်မောင်ဗိုလ်၊ ကိုကိုနိုင်၊ ကြည်သာအေး၊ လမင်းအောင်ဇင်၊ လွန်းသစ်၊ မမွှေး၊ မိုးကျော်သူ၊ မြိုင်သန်းဦး၊မျိုးမြင့်လေး၊ မျိုးဝေ၊ ညီညီ၊ စံမင်း၊ စိုးနိုင်၊ သောင်းထွန်း၊ သပြေထွန်း၊ သည်ဝင်းနိုင်၊ တင်ဝင်း(ကံ့ကော်ရွာ)၊ တီးတို၊ တင်ဝင်းအောင်၊ ၀င်းဖေမြင့်၊ ဇော်လူဝင်း၊ ဇော်ဝင်းလှိုင်၊ ဇင်ဝေလတ်တို့ဖြစ်ကြသည်။ ကံကော်ရွာသားများမှာ အချိန်ကြာလာ သည်နှင့်အမျှတချို့ကပြည်ပသို့ရောက်ရှိသွားကြခြင်း၊ တချို့မှာ ကွယ်လွန်သွား ကြခြင်း၊ တချို့မှာ ပန်းချီလောကမှ ထွက်ခွာ သွားကြခြင်းတို့ကြောင့်လူအင်အားတဖြည်းဖြည်း လျော့နည်း လာခဲ့သည်။ ရွာသားများမှာလူတန်းစားပေါင်းစုံဖြစ်ပြီး အများစုမှာ
စားဝတ်နေရေးအတွက်ရုန်းကန်လှုပ်ရှားနေကြရသဖြင့် ကံ့ကော်ပွင့်ချိန်ရောက်မှ ပြပွဲအတွက်အချိန်မှီရေးဆွဲကြရသဖြင့်လက်ရာ ပိုင်းဆိုင်ရာအားနည်းမှုများရှိနေဆဲဖြစ်သည်ဟု သူတို့က ဆိုကြသည်။ ““ဒီပွဲတွေမှာ ပါဝင်ဖူးတဲ့သူတွေ ၈၀လောက်ရှိတယ်။ ဆုံးသွားတဲ့လူကတော့ ၁၅ယောက်လောက်ရှိပြီ။ ပရော်ဖက်ရှင် နယ်ပွဲတွေနဲ့တော့ နည်းနည်းကွဲမယ်။ တို့အထဲမှာ ပန်းချီနဲ့ အသက်မွေးတဲ့သူ သုံးပုံတစ်ပုံပဲပါတယ်။ပန်းချီဆွဲရင်းတခြားအလုပ် လုပ်တဲ့သူတွေပါတယ်။ ပွဲလုပ်ကာနီးမှဝါသနာ အလျောက် ၀င်ဆွဲတဲ့သူတွေပါတယ်””ဟု ကံ့ကော်ရွာသူကြီးဟောင်းတစ်ဦး ဖြစ်သော ပန်းချီမျိုးမြင့်လေးကပြောပြသည်။
ပန်းချီနည်းစနစ်များအနေဖြင့် ကိုယ်နှစ်သက်ရာကိုရွေးချယ်ရေးဆွဲပြသကြခြင်းကြောင့် ကံ့ကော်ရွာပြပွဲများမှာ ပုံစံမျိုးစုံ ဖြင့် ပန်းချီလက်ရာစုံလင်ကြသည်။ ယခုနှစ်တွင် ရေဆေး၊ ဆီဆေး၊ အခရိုင်းလစ်၊ ဓာတ်ပုံပန်းချီ၊ ပန်းပု၊ ဖယောင်း၊ ပရင့်စသော ရေးဆွဲနည်းအမျိုးမျိုးဖြင့် ကိုယ်နှစ်သက်ရာရေးဆွဲတင်ပြခဲ့ကြသည်ကိုတွေ့ရသည်။ ပန်းချီကားများမှာ အကြောင်းအရာ အမျိုးမျိုးဖြစ်သော်လည်း သူတို့ရောက်ရှိကျင်လည်ခဲ့၊ ပညာရင်နို့သောက်စို့ခဲ့သည့် ရန်ကုန်တက္ကသိုလ် (ပင်မ)နှင့် သက်ဆိုင်သော အကြောင်းအရာများကိုဦးစားပေးရေးဆွဲကြသည်ကိုလည်းတွေ့မြင်ရသည်။ ထို့ကြောင့် ကံ့ကော်ရွာပြပွဲများတွင် ကံ့ကော်၊ သစ်ပုပ်ပင်၊ အင်လျားကန်၊ ရွက်လှေများ၊ ဂျပ်ဆင်၊ ဘွဲ့နှင်းသဘင်ခန်းမ စသော ပန်းချီကားချပ်များကိုအမြဲမြင်တွေ့ကြရမည် ပင်ဖြစ်သည်။
““တချို့ကားတွေဆိုရင် ကျောင်းတုန်းကပဲဆွဲထားတာကိုအမှတ်တရအနေနဲ့ပြန်တင်ကြတယ်။ အသစ်တွေတော့ များပါတယ်”” ဟု
ကံ့ကော်ရွာသားပန်းချီဆရာတစ်ဦးကပြောသည်။
သူတို့အားလုံးက မိသားစုလိုပင်ဖြစ်နေကြပြီဖြစ်သည်။ နှစ်ပေါင်း ၃၀ ကျော်တွင် ပြပွဲပေါင်း ၂၂ပွဲပြသခဲ့သည့်တစ် လျှောက်တွင်
သူတို့၏သံယောဇဉ်တွေမြဲမြံခဲ့ကြသည်။
““ဆွေမျိုးတွေလိုပါပဲ။ ရင်ဘတ်ချင်းတူတဲ့အသိုင်းအ၀ိုင်းတွေတစ်နှစ်တစ်ကြိမ်ပြန်တွေ့ကြတာပေါ့။ မတွေ့ရရင် လည်း မနေနိုင် ဘူး””ဟု သူတို့ကပြုံးရယ်ရင်းပြောကြသည်။
ရန်ကုန်တက္ကသိုလ်ကြီးတွင် သူတို့ပညာသင်ကြားနေစဉ်ပထမနှစ်ကာလများမှာပင် တက္ကသိုလ်အနုပညာအသင်း၊ ပန်းချီဌာနစိတ်မှ ဦးစီးသင်ကြားသောပန်းချီသင်တန်းကို ၀ါသနာအလျှောက်တက်ရောက်ခဲ့ကြခြင်းဖြစ်သည်။ဆရာကြီး ဦးလွန်းကြွယ်နှင့် ဦးသိန်းဟန်တို့က အဓိကသင်ကြားပေးကြပြီးတစ်ခါတရံမှာတော့ ကွယ်လွန်သွားပြီးဖြစ်သော ဆရာကြီး ဦးသုခနှင့်ဦးနန်းဝေတို့က လာရောက်ပို့ချပေးကြောင်းသိရသည်။ပထမနှစ်ကျောင်းသားငယ်လေးများကို ကျောင်းသားကြီး များကလည်းကူညီပြသပေးကြ လေသည်။ သင်တန်းကို ကျောင်းဖွင့်စမှနေ၍ စနေ၊တနင်္ဂနွေနေ့တိုင်း ဖွင့်လှစ်သည် ဟုသိရသည်။
““၁၉၇၆ ခုနှစ်မှာ သင်တန်းက ၂၅နှစ်ပြည့်ငွေရတုဖြစ်နေပြီ။တော်တော်ကြာခဲ့ပြီပေါ့။ အဲဒီအချိန်ထိ ပထမနှစ် သင်တန်း တစ်ခုပဲရှိတယ်။ ၁၉၇၇လောက်ကစပြီး ဒုတိယနှစ်သင်တန်းဖြစ်လာတယ်။ ၁၉၈၁ခုနှစ်လောက်မှာတော့ တတိယနှစ်သင်တန်း ရှိလာတယ်။ နောက်ပိုင်းမှာပန်းချီဆရာကြီးမန္တလေးဦးတင်အေး သင်ပေးနေတယ်လို့ကြားရတယ်”” ဟုကံ့ကော်ရွာပန်းချီဆရာ တစ်ဦးကပြောပြသည်။
““အဲဒီတုန်းက အသက်တွေက ၁၉-၂၀ပတ်ဝန်းကျင်တွေ။ဝါသနာလေးနဲ့ပျော်ပြီးလုပ်ကြတာ။ ဆွဲတာတွေက လည်းတက္ကသိုလ်အနံ့ အသက်လေးတွေပေါ့။ ကံ့ကော်ပါမယ်။ ကျောင်းပတ်ဝန်းကျင်တွေပါမယ်။ အစ်ကိုတွေကလည်း ကူညီပေးကြပါတယ်”” ကျောင်းသူ ဟောင်းတစ်ဦးဖြစ်သော ကံ့ကော်ရွာသူဒေါ်သင်းသင်းမာကပြောသည်။
နှစ်စဉ်ကျောင်းမှရွေးကောက်တင်မြှောက်သော ပန်းချီဌာနစိတ်မှကြီးမှူး၍ အာရ်စီ(တက္ကသိုလ်အပန်းဖြေရိပ်သာ) တွင် သင်တန်းမှ ကျောင်းသားများနှင့် တခြားဝါသနာရှင်ကျောင်းသားများ စုစည်းပြီး ပန်းချီပြပွဲများကိုပြသကြလေ့ရှိ ကြောင်းသိရသည်။
တက္ကသိုလ်စာမေးပွဲများနီးချိန်တွင် သင်တန်းပိတ်ပြီးသင်တန်းဆင်းလက်မှတ်များပေးအပ်ကာ သင်တန်းဆင်း ပန်းချီပြပွဲကိုပါ တစ်ပါတည်းပြုလုပ်ကြခြင်းဖြစ်သည်။ ထိုစဉ်ကရန်ကုန်တက္ကသိုလ်အနုပညာအသင်းမှပြုလုပ်သော ပန်းချီပြပွဲများသည် အကြီး အကျယ် အောင်မြင်စည်ကား ခဲ့သည်ဟုသိရသည်။ ကျောင်းနှစ်ပတ်လည်ပြပွဲများစည်ကားရခြင်းမှာ ရာဇူးမှပန်းချီဝါသနာရှင် ကျောင်းသားများသာမကဘဲ ဆေး တက္ကသိုလ်၊ စီးပွားရေးတက္ကသိုလ်၊ ပညာရေးကောလိပ်တို့မှ ပန်းချီဝါသနာရှင် ကျောင်းသားများပါ လာရောက်ပူးပေါင်း ပါဝင်ပြသခဲ့ကြသောကြောင့်ဖြစ်သည်ဟုဆိုကြသည်။
““နှစ်ပတ်လည် ပန်းချီပြပွဲတွေတိုင်း ပထမနှစ်၊ ဒုတိယနှစ်၊ တတိယနှစ်နဲ့ တခြားကျောင်းကကျောင်းသားတွေပါ အကုန် ပါဝင်ပြသကြတာ။အာရ်စီဟောကြီးနဲ့အပြည့်ပဲ။ ပန်းချီကားတွေက ကားပေါင်း ၅၀၀ နဲ့ ၁၀၀၀ ကြားမှာရှိတယ်။ ပန်းချီကားတွေဆို ဟည်းထနေတာပဲ”” ဟု၁၉၇၇တွင်ကျောင်းပြီးခဲ့ပြီးနှစ်ပတ်လည်ပြပွဲခြောက်ပွဲခန့်ပါဝင်ပြသခဲ့ဖူးသော ပန်းချီဆရာမျိုးမြင့်လေးက အားပါးတရပြန်ပြောပြသည်။
သူတို့လုပ်ခဲ့ကြသော တက္ကသိုလ်ပြပွဲများသို့ ပြင်ပမှလူအများလည်းလာရောက်ကြည့်ရှုဝယ်ယူကြသည်ဟု သိရသည်။ ရန်ကုန်တက္ကသိုလ်အနုပညာအသင်းမှ ထွက်သွားကြသော ကျောင်းသားဟောင်းကြီးများထဲမှာ အောင်မြင်နေ ကြသူတွေ အများကြီးရှိကြသည်။ အထူးသဖြင့် လူရွှင်တော်များမှာ လူသိပိုများကြသည်။ ကံ့ကော်ရွာသို့ရောက်ရှိလာကြသော ပန်းချီဆရာ ကျောင်းသားဟောင်းများမှာ ကျောင်းဆင်းပြီးနောက်ပိုင်းတွင်မှ ပြန်လည်စုစည်းခဲ့ကြခြင်းဖြစ်သည်။ တချို့ကျောင်းသားဟောင်း ကြီးများက ထိုအချိန်မှာပြင်ပပန်းချီလောကကြီးအတွင်းသို့ တိုးဝင်နေကြပြီဖြစ်သည်။ ထိုစဉ်မှာပင် သူတို့နားခိုခဲ့သည့် ကျောင်း ပန်းချီခန်းမမှညီငယ်မောင်ငယ်မျိုးဆက်သစ်တို့အတွက် နေရာပေးရန်၊ပြင်ပပန်းချီလောကနှင့်ပေါင်းကူးပေးရန် ပန်းချီအဖွဲ့တစ်ဖွဲ့ လိုအပ်လာပြီဟု သူတို့တွေးမိလာကြသည်။
၁၉၇၉ ခုနှစ်၊ နှစ်ဆန်းပိုင်းမှာတော့ရန်ကုန်တက္ကသိုလ်ဝင်းအတွင်းလက်ဖက်ရည်ဆိုင်တစ်ဆိုင်မှာ ပြင်ပရောက် အနုပညာအသင်းမှ ပန်းချီဆရာကျောင်းသားဟောင်းများနှင့်ပန်းချီခန်းမသို့အသစ်ရောက်ရှိလာကြသည့် ဂျုနီယာ ကျောင်းသားလေးများ စိတ်အား ထက်သန် စွာ တစ်စုံတစ်ခုကို ဆွေးနွေးနေကြသည်။ငြင်းခုံသံများ၊ ထောက်ခံသံများ၊ တစ်ယောက်တစ်ပေါက်ပြောဆိုသံများ အဆုံးမှာတော့ သဘောတူညီချက် တစ်ခုကိုသူတို့ရရှိသွားကြပြီဖြစ်သည်။ စာရွက်လွတ်တစ်ရွက်တွင်အမည်နာမပေါင်း မြောက်မြားစွာကို ရေးခြစ်ထားကြရာမှ ဆရာခင်အောင်အေးရေးထား သောနာမည်တစ်ခုကို သူတို့အားလုံး ရင်ခုန်နှစ်သက်စွာ
အတည်ပြုလိုက်ကြတော့သည်။ ထိုနာမည်က ““ကံ့ကော်ရွာ”” ။
ကံ့ကော်ပင်ပေါင်းများစွာ ပေါက်ရောက်ရှင်သန်လျှက်ရှိသောအမိတက္ကသိုလ်ရင်ခွင်ကြီးကိုကိုယ်စားပြုစေရန် “ကံ့ကော်” ဟူသော စာလုံးနှင့် မြန်မာမိသားစုပုံစံ စည်းလုံးညီညွှတ်မှုရှိစေရန်အတွက်“ရွာ”ဟူသောစကားလုံးတို့ကို အဓိပ္ပယ်ရှိစွာပေါင်းစပ်၍ ကံ့ကော်ရွာ ဟူသည့်ကျောင်းသားဟောင်းပန်းချီသမားများ၏ အနုပညာလှုပ်ရှားမှုတစ်ရပ် ထိုသို့ဖြင့်ပေါ်ထွန်းခဲ့လေသည်။
““ကျောင်းထဲကနေ အပြင်ရောက်လာတဲ့လူတွေမှန်သမျှ စုစည်းမိတဲ့သဘောပါ။ ကျောင်းအပြင်ရောက်တော့ ကျောင်း ထဲပြန်ဝင်ပြီး ပြပွဲတွေပြဖို့ကအခက်အခဲရှိသွားပြီလေ။ အဲဒါနဲ့ အပြင်ရောက်တဲ့လူတွေနဲ့ စုပြဖို့ဆိုပြီး လုပ်ဖြစ်ကြတယ်”” ဟုပန်းချီဆရာ ခင်မောင်ဗိုလ်ကပြောသည်။
ကံ့ကော်ရွာအဖွဲ့မှပန်းချီဆရာ၊ ဆရာမများသည် သူတို့ကိုယ်သူတို့ရွာသူရွာသားများဟု ၀င့်ကြွားဂုဏ်ယူစွာ သုံးနှုန်းကြသည်။ သူတို့၏ ကံ့ကော်ရွာတွင် ရွာသူရွာသားပန်းချီဆရာများရှိသလို ရွာကိုအုပ်ချုပ်သည့် သူကြီးမင်း ဆိုတာလည်း ရှိနေသည် ကိုတွေ့ရသည်။ပန်းချီပြပွဲများပြုလုပ်သည့်နှစ်တိုင်း ပြပွဲကိုတာဝန်ခံရသည့်တာဝန်ခံတစ်ဦးကို ရွေးချယ်ကြပြီး သူ့ကို သူကြီးမင်း ဟုခေါ်ဝေါ်ကြသည်။ တာဝန်ကျသည့်သူကြီးအား ကျန်သူကြီးဟောင်းများနှင့် ရွာသား ပန်းချီဆရာများက ၀ိုင်းဝန်းကူညီကြရ သည့် ချစ်စဖွယ် အလေ့အထကိုသူတို့ကျေနပ်စွာကျင့်သုံးကြသည်။ ယခင်က ကံ့ကော်ရွာသူကြီးတာဝန်ကို ကျောင်းတုန်းက အတွင်းရေးမှူးဟောင်းများမှ အလှည့်ကျတာဝန်ယူခဲ့ကြသော်လည်း ၂၀၀၁ ခုနှစ်မှစတင်ကာ ရွာသူရွာသားများထဲမှ စီနီယာ ကျသူများကိုအလှည့်ကျသူကြီးအဖြစ်တာဝန်ယူစေခဲ့ကြကြောင်း သိရသည်။
ပန်းချီပြပွဲများကိုလည်း ငွေကြေးတတ်နိုင်သည့်ရွာသားကတတ်နိုင်သလောက်ပိုထည့်ပြီး မတတ်နိုင်သူကို လျှော့ပေါ့ ထည့်စေကာ ပြည်ပရောက်ရွာသားများ၏ ပံ့ပိုးပေးမှုများဖြင့် ရုန်းကန်နေကြရသည်ဟုသိရသည်။ ကံ့ကော်ရွာကျောင်းသားဟောင်းကြီးများတွင် အသက်အကြီးဆုံးကျောင်းသားမှာ အသက် ၇၀နှစ်ဝန်းကျင်ရှိနေပြီ ဖြစ်ပြီး အငယ်ဆုံးကျောင်းသားမှာ အသက် ၄၀ နှစ်ခန့်ရှိနေကြပြီဖြစ်သည်။ပြည်ပထွက်ခွာကြသူများ၊ ကွယ်လွန်သွားကြသူများ။အဆက်အသွယ်ပြတ်တောက်သွားကြသူများဖြင့် ကံ့ကော်ရွာကလေးသည် တဖြည်းဖြည်းနှင့် တိတ်ဆိတ်မယောင်ဖြစ်လာနေသည်။ ထို့ကြောင့် ရွာကလေးဆက်လက်ရှင်သန်နိုင်ရန် အတွက် ရွာသားများကိုထပ်မံမွေးထုတ်ရန်လိုအပ်လာပြီဖြစ်ကြောင်း သူတို့သတိထားမိကြသည်။
ထို့အတွက် ကံ့ကော်ရွာမိသားစုဝင်များထဲမှ ပန်းချီဝါသနာပါသော သားသမီးများ၊ ရန်ကုန်တက္ကသိုလ် ပန်းချီခန်းမ တွင် သင်တန်းမတက်ဖူးသော်လည်းဝါသနာပါသူကျောင်းသားဟောင်းများကို စိစစ်ရွေးချယ်၍ တစ်နှစ်လျှင် နှစ်ဦး၊ သုံးဦးခန့် ပြသစေခဲ့သည်။ လက်ရှိယဉ်ကျေးမှုတက္ကသိုလ်မှပန်းချီကျောင်းသားကျောင်းသူများကိုလည်းနှစ်စဉ်ရွေးချယ် ခေါ်ယူသွားရန် ဆောင်ရွက်ကြသည်။
၂၀၀၇ခုနှစ် ဖေဖော်ဝါရီလ ကံ့ကော်ပွင့်ချိန်က၁၇ကြိမ်မြောက်ကံ့ကော်ရွာပန်းချီပြပွဲကို သုဝဏ္ဏဘူမိ ဂယ်လာရီ ၏စီစဉ်မှုဖြင့် ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင်တစ်ကြိမ်သွားရောက်ပြသခဲ့ကြပြီးဖြစ်ကြောင်း သိရသည်။ကံ့ကော်ရွာ၏ပန်းချီပြပွဲ နောက်ဆုံးပိတ်ပွဲတွင်
ရောင်စုံဝေဒနာအမည်ရှိကဗျာစာအုပ်ကိုလည်းအမှတ်တရထုတ်ဝေလေ့ရှိကြောင်းသိရသည်။ရန်ကုန်ဝိဇ္ဇာနှင့်သိပံ္ပတက္ကသိုလ်အနုပညာ အသင်း ပန်းချီခန်းမသမိုင်းကိုစာအုပ်တစ်အုပ်ပြည့်စုံစွာပြုစုထုတ်ဝေနိုင်ရန် လည်း သူတို့ကြိုးစားနေကြသည်ဟုသိရသည်။
နောက်လာမည့် ၂၀၁၄ ခုနှစ်တွင် ကံ့ကော်ရွာပန်းချီပြပွဲများသည်၂၅နှစ်ပြည့်ငွေရတုတိုင်တော့မည်ဖြစ်သည်။ ငွေရတုပွဲကို ကံ့ကော်ရွာသူရွာသားများ ရင်ခုန်ငံ့လင့်နေကြသည်။သူတို့အားလုံးတညီတညာတည်း ဆန္ဒရှိနေကြသည်က သူတို့၏ ဘူမိနက်သန် နယ်မြေဖြစ်သော ရာဇူး(ခေါ်) ရန်ကုန်တက္ကသိုလ်ပင်မတွင် ကံ့ကော်ရွာ၏၂၅နှစ်ပြည့်ငွေရတုပန်းချီပြပွဲလေးကို ကျင်းပပြုလုပ်ချင် ကြခြင်းဖြစ်သည်။
““တက္ကသိုလ်ထဲမှာမဟုတ်ရင်တော့ တက္ကသိုလ်နဲ့ အနီးဆုံးနေရာမှာပြပွဲလုပ်လို့ရအောင်ကြိုးစားနေကြပါတယ်”” ဟု ၁၉၇၄ခုနှစ်က ကျောင်းပြီးခဲ့ပြီး ယခုနှစ်ကံ့ကော်ရွာ၏ သူကြီးဖြစ်သူပန်းချီဦးစံမင်းက ၂၀၁၄ခုနှစ်ကံ့ကော်ပွင့်ချိန်ကို ယခုပင်မြင်ယောင် မျှော်လင့် နေဟန်ဖြင့် ပြောလေသည်။ ။
အောင်မြင်စွာ ဆက်လက်ချီတက်နိုင်ပါစေ
ဒီလိုပြပွဲမျိုးတွေကို ကိုယ်တိုင်တက်ရောက်ဖူးချင်သေးတယ် ကံကော်ရွာ
သူ/သားတွေ အောင်မြင်စွာ ဆက်လက်ချီတက်နိုင်ပါစေ … :)