အပိုင်း(၅)
မကြာမီ ၂၀၀၇ သြဂုတ်လ၏ ရန်ကုန် နေ့ရက်တွေမှာပဲ နယ်မှ ကျနော်တို့ကဗျာဝိုင်းလေး ရဲ့ဆရာတစ်ဆူဖြစ်သူ လူငြိမ်းခိုင် ဆိုတဲ့ အစ်ကိုတစ်ယောက် ရောက်လာသည်။
ကျနော်ကလည်း လမ်းစရိတ်ပင်အနိုင်နိုင်။ သူကလည်း ထမင်းအနပ်နပ်ငတ်နေသူ။
ကျနော်တို့နှစ်ယောက် လေထန်ကုန်းမှာ ရေနွေးအိုးများစွာနှင့် ကပ်ရပ်ထိုင်ရင်း ကျနော်က ရေးထားသော ကဗျာများ၊ ၀တ္ထုတိုလေးများကို မဂ္ဂဇင်းတိုက်တွေလိုက်ပို့သည်။ ကြုံတဲ့နေရာမှာ ကဗျာတွေထိုင်ရေးသည်။ ထမင်းကငတ်နေတာကိုး။ တတ်ထားသည့်ပညာကလည်း ဘာမှမရှိ။ ကျောင်းပညာကလည်း ဒုတိယနှစ်တစ်နှစ်ကျ။
ဒီတော့ကဗျာရေးပြီးပိုက်ဆံရှာရသည်။ ကိုယ်က ကဗျာဆရာကြီးမဟုတ်သည့်အပြင် နယ်မှတစိမ်းတစ်ဦးဖြစ်နေ သေးတာမို့ စာပေလောကထဲဝင်တိုးရန်သိပ်တော့
မလွယ်လှပေ။
နောက်တော့ ရတဲ့စာမူခအပြင် ရတဲ့စာအုပ်လက်ဆောင်ကိုအရည်ဖျော်တတ်လာသည်။ ၃၁လမ်းထဲက စာအုပ် ဆိုင်တွေကိုပြန်သွင်းတာဖြစ်သည်။ မူရင်းဈေးထက် သုံးလေးရာခန့်လျှော့ပေးသည်။ ဘာဖြစ်ဖြစ် ထမင်းတစ်နပ် စားရဖို့အတွက် ရောင်းလိုက်
ရတာပါပဲ။
မိုးတွေအရမ်းရွာတဲ့တစ်နေ့က ပန်းဆိုးတန်းအလယ်ဘလောက်နှင့် မဟာဗန္ဓုလလမ်းထောင်က ဟိန္ဒူဘုရား ကျောင်းကြီးထဲက နတ်ဘုရားရုပ်ထုရှေ့မှာ ကုပ်ကုပ်လေးထိုင်ရင်း ကဗျာရေးဖူးသည်။ ရေးပြီးတာနဲ့ မိုးနည်းနည်းစဲအောင် စောင့်ပြီး အနီးအနားမှာရှိတဲ့ ပန်းဆိုးတန်းတာဝါက ဖက်ရှင်အင့်မေ့ခ်ျမဂ္ဂဇင်းကို တက်ပေးလိုက်သည်။ အဲဒီတုန်းက အယ်ဒီတာက ဝေယံလှိုင်ဝင်းဆိုတဲ့လူဖြစ်သည်။ နောက်တော့သူလည်း စာပေလောကထဲကပျောက်သွားသည်။ ပြန်တွေ့ တော့ အွန်လိုင်းပေါ်မှာ ဘလော့ဂါအငွေ့ဆိုပြီး စာတွေရေးနေတာတွေ့သည်။
လေထန်ကုန်းမှာညနေတိုင်းထိုင်ရင်း အောင်မှူးဝေဆိုတဲ့ဘုန်းကြီးငယ်တစ်ပါးနှင့် ရင်းနှီးရသည်။ ဘုန်းကြီးက ကျနော့်ထက်အနည်းငယ်သာ အသက်ကြီးသည်။ သူက အောင်မှူးဝေ(ကလေး)ဆိုတဲ့ကလောင်နဲ့ ကာတွန်းဆွဲလိုက်၊ ကဗျာရေးလိုက်လုပ်သည်။
ခုတော့ ဘာသာရေးစာအုပ်တွေရေးပြီး ကောင်းစားနေသည်။ ဦးပဇင်းအောင်မှူးဝေဟု စာပေလောကထဲက သူ့ကို ခေါ်ကြသည်။ အောင်မှူးဝေက ခပ်ရွှတ်ရွှတ်၊ ခပ်နောက်နောက်ဘုန်းကြီးဖြစ်သည်။ သွက်သွက်လက်လက်၊ ပေါ့ပေါ့ပါးပါး၊ ရယ်ရယ်မောမောနေတတ်သည်။
အခန့်မသင့်လျှင် စာရေးဆရာကြီးတွေကိုတောင် မျက်နှာချင်းဆိုင် မိုးမွှန်အောင်ကလော်တုတ် သည်။ ကျနော်ကသူ့ကို အားကျနေသည်။ ငါလည်း သင်္ကန်းဝတ်လိုက်ရင် ဒီလူကြီးတွေကို ကောင်းကောင်းဆဲနိုင်မှာပဲ ဆိုပြီး။ သို့သော် ကျနော် သင်္ကန်းမ၀တ်ခဲ့ပါ။
တစ်ခါတလေ အောင်မှူးဝေနေသော မြောက်ဒဂုံကဘုန်းကြီးကျောင်းကို ကျနော်နှင့် ကိုတင်ထွဋ်တို့ ဆွမ်းစားချိန် အမှီ သွားကြသည်။ ဦးပဇင်းအောင်မှူးဝေက ဘုန်းကြီးကျောင်းအောက်ထပ်က သူ့အခန်းလေးထဲမှာ သူဆွမ်းခံထားတဲ့ ထမင်းဟင်းတွေကို သပိတ်ထဲပုံကျွေးသည်။
ဘုန်းကြီးက ဘုဉ်းပေးပြီး ကျနော်တို့က ပုန်းလွေးတယ်ပေါ့လေ။ သပိတ် တစ်လုံးထဲက ဆွမ်းတွေကို နှစ်ယောက်နဲ့တစ်ပါး အားရပါးရနှိုက်စားကြသည်။ ထမင်းဝလျှင် လေကြီးမိုးကြီးတွေ လျှောက် ပြောကြသည်။
ကြီးကျယ်ခမ်းနားသောအိပ်မက်တွေကို စိတ်ကူးပေါ်သလို ချပြတိုင်ပင်ကြသည်။ ဆေးပေါ့လိပ်တဖွာဖွာဖြင့် စာပေ လောကထဲက အချိုးမပြေတဲ့စာရေးဆရာတွေကို ထိုင်ဆဲကြသည်။
—————————————————————————————————————
အပိုင်း(၆)
တစ်ရက်မှာတော့ ကျနော် လေထန်ကုန်းမှာထိုင်နေတုန်း ကိုတင်ထွဋ်ရောက်လာသည်။ ပိုက်ဆံမရှိကြောင်း ပြောပြီး ကိုတင်ထွဋ်က People မဂ္ဂဇင်းတိုက်မှာ ရခိုင်သူတစ်ဦးရှိကြောင်းပြောပြီး ပိုက်ဆံချေးလို့ရတယ်ဟုဆိုကာ ကျနော့်ကိုခေါ်သွားသည်။
လပြည့်ဝန်းပလာဇာ၊ ဆယ်လွှာက people ကိုရောက်တော့ အယ်ဒီတာလုပ်နေသော မမိုးမိုးအောင်ဆိုတဲ့ အစ်မ နှင့်တွေ့သည်။ မမိုးမိုးအောင်က ကိုတင်ထွဋ်ရေးတဲ့ရခိုင်သီချင်းတစ်ပုဒ်မှာ ရခိုင်အဆိုတော်ဝင်းကိုခိုင်နဲ့တွဲပြီး သီဆိုခဲ့ဖူး သည်။ တောင်ကုတ်ဇာတိဖြစ်သည်။
မမိုးမိုးအောင်က ကိုတင်ထွဋ်ကို ပိုက်ဆံနှစ်ထောင်ချေးလိုက်သည်။ ကိုတင်ထွဋ်က ကျနော်နဲ့မိတ်ဆက်ပေးသည်။ မမိုးမိုးအောင်က “အလုပ်မရှိသေးရင် 7Day မှာဝင်လျှောက်ပါလား” ဟုပြောပြီး ဂျာနယ်မှာပါတဲ့ အလုပ်ခေါ်စာကို လှန်ပြသည်။ ခေါ်တာက သတင်းထောက်(ငါးဦး)တဲ့။ ကျနော်က နည်းနည်း စိတ်ဝင်စားသွားသည်။
လူကလည်း မျက်လုံးနှစ်လုံးသာ ကျန်တော့သည့်အခြေအနေဖြစ်တာကြောင့် မမိုးမိုးအောင်တောင်းပေးသော စီဗီဖောင်တစ်စောင်ကိုယူလာခဲ့သည်။ လှည်းတန်းပြည်မြန်မာကုန်တိုက်ဘေးက ကွန်ပျုတာဆိုင်တစ်ဆိုင်မှာ ရှိတဲ့ပိုက်ဆံ လက်ကျန်လေးနှင့် စီဗီဖောင်တစ်ခုစာစီသည်။ လိုင်စင်ဓာတ်ပုံရိုက်သည်။ ပြီးတော့ ဂျာနယ်တိုက်ကိုသွားပေးလိုက်သည်။
ဂျာနယ်တိုက်ဆိုပေမယ့် ကုမ္ပဏီက အင်ဖော်ရစ်သမ်မေ့ဇ်ဖြစ်သည်။ အင်တာနက်ဂျာနယ်၊ 7Day Sport ဂျာနယ်၊ People မဂ္ဂဇင်းတို့ရှိသည်ဟုတော့ သိထားသည်။
အင်တာဗျုးမယ့်နေ့ကိုမှတ်ထားပြီး အဲဒီနေ့မှာ ကျနော် သပ်သပ်ရပ်ရပ်ဝတ်စားကာ အင်တာဗျုးဖြေရန် သွားလိုက် သည်။ သပ်သပ်ရပ်ရပ်ဆိုပေမယ့် တခြားလူတွေနဲ့စာရင် ကျနော်က သူတောင်းစားရုပ်ထွက်နေသေးသည်။
ခေါ်တာက သတင်းထောက်ငါးယောက်တည်းဆိုပေမယ့် လာလျှောက်ကြတာ လူတစ်ရာနီးပါးရှိသဖြင့် နှစ်ရက်ခွဲဗျူးရသည်။ ကျနော့် အလှည့်ရောက်လို့ အင်တာဗျုးခန်းထဲရောက်တော့ အသားအနည်းငယ်မည်းသော လူတစ်ဦးမျက်နှာထားတင်းတင်းဖြင့် ထိုင်နေသည်။ သူ့နာမည် ဦးမျိုးသာထက်ဖြစ်ကြောင်း အပြင်မှာကတည်းက ကျနော်ကြားခဲ့ပြီးပြီဖြစ်သည်။ သူက ကျနော့် ကို စဗျုးသည်။
သူမေးသောမေးခွန်းများနှင့် ကျနော့်အဖြေများမှာ မှတ်မိသလောက်ရေးပြရလျှင် အောက်ပါအတိုင်းဖြစ် သည်။
““ရန်ကုန်ရောက်တာ ကြာပြီလား”
“ဟုတ်ကဲ့”
(တကယ်တော့ တစ်လလောက်တော့ကြာပြီဟု ဆိုလိုတာဖြစ်သည်)။
“ရန်ကုန်မှာ သွားတတ်လာတတ်ရှိရဲ့လား”
“ဟုတ်ကဲ့။ သွားတတ်ပါတယ်”
(အင်းစိန်ဂိတ်စမှ ၄၅ကားစီးပြီး ဆူးလေဂိတ်ဆုံးအထိသွားတတ်ကြောင်း ကျနော်ကဆိုလိုတာဖြစ်သည်)
“မင်း ဒီအလုပ်ကိုဘာလို့လာလျှောက်တာလဲ”
“၀ါသနာအရမ်းပါလို့ပါ။ ကျနော်က ငယ်ငယ်ကတည်းက စပ်စုတတ်ပါတယ်”
(ဒီဒိုင်ယာလော့ခ်တွေက ကျနော့်ကို စာရေးဆရာတစ်ချို့ဝိုင်းသင်ပေးလိုက်တာ)
“မင်း စာတွေဘာတွေရေးတတ်လား”
“ဟုတ်ကဲ့(အကွက်ဝင်ပြီးဆိုပြီးဝမ်းသာအားရဖြင့်)… ကျနော်မဂ္ဂဇင်းတွေမှာရေးဖူးပါတယ်”
“ဟင်… (မျက်ခုံးပင့်လိုက်သည်)… ဘယ်တွေမှာရေးဖူးတာလဲ”
“အစုံပါပဲခင်ဗျ… ကျနော်ကဗျာ အပုဒ်ငါးဆယ်ကျော်နဲ့ ၀တ္ထုတိုဆယ်ပုဒ်လောက် ပါဖူးပါပြီ”
(အထင်ကြီးသွားမယ်လို့ထင်ထားသည်)
“ဟာ… ဒါဆို မင်းသတင်းထောက်လုပ်လို့မဖြစ်ဘူးကွ”
“ခင်ညာ…”
“သတင်းထောက်အလုပ်နဲ့ စာရေးဆရာနဲ့မဖြစ်ဘူးကွ… တခြားစီပဲ၊ တူမှမတူတာ”
“ကျနော် တကယ်ဝါသနာပါလို့ပါဆရာ… ”
(မျက်နှာငယ်လေးလုပ်ပြထားသည်)
“ထားပါတော့ကွာ.. ဒါနဲ့ မင်းငါဘာလဲသိရဲ့လား”
“ဟုတ်ကဲ့ သိပါတယ်.. ဆရာကအယ်ဒီတာပါ”
“ဟေ့ကောင်.. အယ်ဒီတာမဟုတ်ဘူး… ဒု-အယ်ဒီတာချုပ်ကွ၊ မင်း ငါ့ကိုရာထူးလျှော့နေတာလား”
(တကယ်စိတ်တိုသွားသလား၊နောက်ပြောင်တာလားဝေခွဲမရပေ)
နောက်ရက်အနည်းငယ်နေတော့ 7DayNews ကိုကျနော်ဖုန်းဆက်ပြီး အင်တာဗျုးအောင်မအောင် မေးကြည့် သည်။ အဖြေက သိတဲ့အတိုင်းပဲ။ မအောင်ပါဘူးတဲ့။ အလုပ်ခန့်လိုက်တဲ့ငါးယောက်တောင် အလုပ်ဆင်းနေတာ တစ်ပတ်ပြည့်တော့မည်ဆိုပဲ။
ကျနော်စိတ်ဓာတ်တွေ ဘုန်းခနဲပြုတ်ကျသွားသည်။ ကမန်းကတမ်းပြန်ကောက်ထားလိုက်ရသည်။
ငါလဲသံတွဲသားသံတွဲကfacebook အကောင်ရှိပေးငါအကောင်angopu
M