ဘ၀ကပေးတဲ့ အိမ်စာတွေကို
ဘ၀နဲ့ရင်းပြီးဖြေဆိုမှ မှန်လိမ့်တော့မပေါ့။
ဟောဒီဒွန္နယာမှာ
လမ်းလျှောက်သူအချင်းချင်းတောင် ခြေထိုးခံရ
နာလိုခံခက်တဲ့ ဂီတတွေနဲ့
သူတပြန်ကိုယ်တပြန် ရက်စက်ကြ
ခိုလေးတွေနဲ့အပြိုင် ညည်းညူကြ
သံဝေဂအတုတွေနဲ့ ရိုးသားကြ
ပြောလိုက်ရင်
ဘုရားသခင်သန့်စင်ပြီးသားလူချည်း။
ငါတစ်ကောင်သာ
ဒယ်အိုးထဲကနေ နှစ်စေ့လို့ ဆယ်ယူခံထားရတဲ့
ခပ်ညံ့ညံ့ကဗျာဆရာပါ ညီမလေးရဲ့…..
ဒီလိုနဲ့ပဲ
လက်တစ်ဖက်မဲ့ ညနေခင်းတွေများခဲ့။
အဆီပြန်နေတဲ့အပြုံးတွေနဲ့
အလင်းပဆုံး ခြယ်မှုန်းနေပေမယ့်
ဘယ်ရသနဲ့မှ အကျုံးတ၀င်ရှိမလာခဲ့။
မင်းပြောတဲ့ ဘ၀အာမခံချက် ဆိုတာကလည်း
ငါမရေးဖြစ်သေးတဲ့ ကဗျာရိုင်းတစ်ပုဒ်ဖြစ်နေရဲ့။ ။
ဥက္ကာကိုကို(သံတွဲ)
သည်းထိတ်ရင်ဖိုမဂ္ဂဇင်း၊ စက်တင်ဘာ၊ 2007။