တစ်ရံရောအခါက လျှင်သူစားစတမ်း ကတုံးပေါ်ထိပ်ကွက်သူများ နေထိုင်သမှုပြုရာ မြန်မာဟူသော နိုင်ငံတော်ကြီးတစ်ခု ရှိလေ၏။
ထိုနိုင်ငံတွင် အော်ကြီးဟစ်ကျယ်လုပ်မှု၊ လက်သီးလက်မောင်းတန်းမှု၊ မယုံဘူး..မယုံဘူးဟု ကျယ်ကျယ်လောင်လောင်ပြောဆိုမှု၊ လမ်းမပေါ်တွင် မူးယစ်လမ်းလျှောက်မှုတို့ဖြင့် ထောင်သွင်းအကျဉ်းချခံထားရသူများရှိလေ၏။
အတင်းပလင်းအဖျင်းမျိုးစုံကို စပ်စုတတ်ပြီး ကြားလာသောအတင်းအဖျင်းများကို စာရွက်ပေါ်တွင် ပုံနှိပ်ဖြန့်ဝေလေ့ရှိကြသော အဆင်းဘီးတပ်သူ အတင်းထောက်များလည်း ရှိလေ၏။
တစ်နေ့သောအခါ ထိုနိုင်ငံတွင် ထိပ်ပြောင်၍ သမ္မတဖြစ်လာသော ဂီးဆောင်ဂျောင်း အူးတိန်းရှိန်ဆိုသူသည် မလိမ္မာသဖြင့် ဖမ်းဆီးအကျဉ်းချထားသော သကောင့်သားလေးများကို လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်လေသည်။
အတင်းထောက်များသည် သူ့ထက်ငါ အတင်းဦးရစေရန်အလို့ငှာ ထောင်ရှေ့ဝသို့ သွားရောက်စုဝေးကြကုန်၏။ ထောင်ထဲမှ ခါးပိုက်နှိုက်ဆရာသခင်ကြီးများလည်း လွတ်မြောက်လာမည်ဖြစ်ရာ ချစ်လှစွာသော တပည့်ကျော်ခါးပိုက်နှိုက်ကလေးများကလည်း ဆရာသခင်များကို ပြုစုရန်အတွက် ထောင်ဝရှိ လူအုပ်ကြီးထဲဝင်ကာ လက်သွက်ခြေသွက် အစွမ်းပြ ရန်ပုံငွေစုဆောင်းကြလေကုန်၏။
ထောင်တွင်းမှ မလိမ္မာအခါခါမိုက်သူများ ထွက်လာကြသောအခါ ပြင်ပရှိလူအုပ်ကြီးနှင့် ရောထွေးရစ်ပတ် ရှုပ်ယှက်ခတ်လေတော့ရာ …..
ထိုအချိန်တွင် ပုရွက်ဆိတ်မည်းများသဖွယ် တိုးဝှေ့စုပြုံနေကြသောနေရာ၌ အတင်းထောက်တစ်ဦးဖြစ်သည့် ခင်ပပ၀တီလှိုင်သိန်းတစ်ယောက် တွန့်ခနဲ တွန့်ခနဲဖြစ်နေသည်ကို တွေ့ရလေသည်။
ကနဦးတွင်….. ခံစားရသော ဝေဒနာကို ခင်ပပ၀တီလှိုင်သိန်းခမျာ ကြိတ်မှိတ်ခံပါသော်လည်း မအောင့်နိုင်သည့်အဆုံး နောက်ဖက်သို့ ချာခနဲလှည့်ပြီး –
““ဘယ်ကောင်လဲ.. ဘယ်ကောင်လဲ…. ငါ့ဖင်ကိုနှိုက်တာ… ငါ့ဖင်ကို ပယ်ပယ်နယ်နယ် ဟော့သလို ဟော့သလို နောက်ကနေ နှိုက်နေတာ ဘယ်ကောင်လဲ”” – ဟူ၍ အော်ဟစ်လေတော့၏။
အနီးအနားရှိ အတင်းထောက်လေးများလည်း အူလည်လည်ဖြင့် သူ့ကြည့်ကိုယ့်ကြည့်ဖြစ်ကုန်ကြလေသည်။ ပြီးသော် ကိုယ့်လက်ကိုယ် ပြန်ကြည့်ကြလေ၏။ ထို့နောက် လက်ဖျားလေးများကို နမ်းရှုပ်ကြည့်ကြလေ၏။
ပြီးသော် တညီတညာတည်း ခေါင်းခါပြကြလေကုန်၏။
ထို့ကြောင့် ခင်ပပ၀တီလှိုင်သိန်း ဒေါသထွက်လေသည်။ ဘယ်သူမှန်းလည်းမသိ၊ အကောင်အထည်မပေါ်သောကြောင့် ရှူးရှူးရှဲရှဲဖြင့် လှည့်ပြန်ခဲ့ရလေတော့သည်။
အတင်းထောက်များက ခွေးနှစ်ကောင်ဖင်ပူးတာကိုတောင် အလွတ်ပေးသူများမဟုတ်တော့ ခင်ပပ၀တီလှိုင်သိန်း ထောင်ရှေ့မှာ ဖင်နှိုက်ခံရသည့်ကိစ္စက မပြီးပြတ်သွားခဲ့ပေ။ တိုးတိုးတဖုံ၊ ကျယ်ကျယ်တမျိုးဖြင့် အင်တာနက်စာမျက်နှာများပေါ်သို့ပင် ရောက်ရှိသွားလေသည်။
အတင်းထောက်လောကတွင်မူ လှုပ်လှုပ်ခတ်ခတ်ဖြစ်နေလေ၏။ အတင်းထောက်အသစ်မလေးများက ထောင်ရှေ့မှဖြစ်ရပ်ကို နားနှင့်ဆတ်ဆတ်ကြားရုံမျှဖြင့် တွန့်လိမ်ကုန်ကြလေသည်။
အတင်းထောက်ယောက်ျားလေးများကလည်း ခင်ပပ၀တီလှိုင်သိန်းအမှုတွင် မည်သူမည်ဝါဖြစ်နိုင်မည်ဆိုသည်ကို စုံစမ်းကြလေသည်။
လက်ရဲဇက်ရဲရှိသူများ၊ ရဲစခန်းထောက်ခံစာမရသူများစသဖြင့် ယခင်လက်စလက်နရှိဖူးသူများကို စောင့်ကြည့်ကြလေသည်။
ထို့ကြောင့် အတင်းထောက်လောကကြီးသည် အချင်းချင်းပြန်လည်စောင့်ကြည့်ကြရင်းဖြင့် ၀ိုင်းကြီးပတ်ပတ်ဒူဝေေ၀ ဖြစ်နေလေတော့သည်။ အမှုကမပေါ်။ တချို့တလေကတော့.. ““သတင်းနှိုက်လို့မရလို့ ဖင်နှိုက်ခဲ့တာဖြစ်မယ်”” ဟူ၍လည်းကောင်း၊ ““သတင်းနှိုက်တာ အရှိန်လွန်ပြီး ဖင်ပါနှိုက်မိသွားတာဖြစ်မယ်”” ဟု၍လည်းကောင်း သုံးသပ်ကြလေသည်။
အတင်းထောက်လောကတွင် ထိုအမှုကိုစဉ်းစားဆင်ခြင်ရင်း ဝေဖန်ချက်များလည်း တပုံတပင်ပေါ်ထွက်လာလေသည်။
အတင်းထောက်တစ်ဦးက ““ ဖင်နှိုက်တယ်ဆိုတာ… ဖင်ရှိနေလို့ပဲ”” ဟု စတင် ကြေငြာလိုက်သောအခါ…““မိန်းကလေးများတွင် ဖင်မရှိသင့်”” ဟူသည့် မဟာတွေးခေါ်ချက်များ အလျှိုလျှိုပေါ်လာပြန်၏။ ဖင်မရှိလျှင် ဖင်နေရာတွင် ဘာထပ်ထည့်ကြမည်နည်းဟူသည့် တန်ပြန်မေးခွန်းများ ထွက်လာသောအခါ တချို့အတင်းထောက်ပညာရှိများက ဖင်နေရာတွင် ရင်သားကို ပြောင်းလဲတပ်ဆင်ကြည့်သင့်ပါသည်ဟု မီးလောင်ရာလေပင့်ကြကုန်၏။
မိန်းကလေးများတွင် ရင်ရော ဖင်ပါမရှိလျှင် ယောက်ျားလေးများနှင့် တစ်သားတည်းဖြစ်သွားလိမ့်မည်ဖြစ်ပြီး မိန်းမသားတို့ကြွေးကြော်လေ့ရှိသော ယောက်ျားများနှင့်ရင်ဘောင်တန်းမည်ဟူသည့် အဆိုသည်လည်း အောင်မြင်သွားလိမ့်မည်ဖြစ်ကြောင်း ရှင်းလင်းကြကုန်၏။
အတင်းသင်တန်းများပို့ချလျှက်ရှိသော သင်တန်းကျောင်းကြီးများကလည်း ဖင်စပါယ်ရှယ်လစ်သင်တန်းများကိုပါ ထည့်သွင်းဖွင့်လှစ်ရန် စဉ်းစားလာကြလေ၏။ နိုင်ငံတော်အစိုးရကလည်း ဥပမာ- မောင်ခိုင်(ဖင်ဗေဒ) စသဖြင့်… မောင်နိုင်(PHD-Phin) စသဖြင့် ဖင်မေဂျာဖြင့်ဘွဲ့ရများ၊ ဖင်လော်ဆော်ဖာပညာရှင်များ မွေးထုတ်သင့်ကြောင်း လွှတ်တော်တွင်အဆိုပြုရန် ဂျာနယ်များမှတဆင့် ခပ်တည်တည်တိုက်တွန်းကြသော် လွှတ်တော်အမတ်များလည်း ဖင်ကျိန်းရလေ၏။
အတင်းထောက်မိန်းမသားများကလည်း အဆိုပြုချက်များကို အတိအလင်းကန့်ကွက်ကြကာ ဖင်ကာကွယ်ရေးကော်မတီတစ်ရပ်ကို စုဝေးဖွဲ့စည်း၍ ခံစစ်ပြင်လိုက်ကြလေ၏။ ထိုအတင်းထောက်မိန်းမသားများ ဖင်ကာကွယ်ရေးကော်မတီကို အတင်းထောက်လောကအတွင်းရှိ ဖင်ကြီးသူများက ဦးဆောင်ကြလေ၏။ ဖင်မဟာဗျုဟာများကိုချမှတ်ကုန်လေ၏ ဖင်အလုပ်ရုံဆွေးနွေးပွဲများပြုလုပ်ကာ အပြည်ပြည်ဆိုင်ရာဖင်များနေ့ကို သတ်မှတ်ကြကုန်လေ၏။
ဖင်ရှောင်နည်းသင်တန်းများကိုလည်း ပြည်တွင်းပြည်ပ ပညာရှင်များဖိတ်ခေါ်၍ ဖွင့်လှစ်လာကြလေ၏။ ထိုဖင်ရှောင်နည်းသင်တန်းများတွင် ဖင်ဝှေ့ရန်ရှောင်၊ ဖင်မယဉ်သာ စသော ခေါင်းစဉ်များ၊ အာရုံခံမိတာနှင့် ၀ှစ်ခနဲရှောင်တိမ်းနည်းအသွယ်သွယ်များ၊ လက်ညိုး၏ဦးတည်ရာနေရာကို ဆတ်ခနဲကျုံ့လိုက်နည်းများ စသည်ဖြင့် သင်ကြားပို့ချပေးသည်ကို တွေ့ရလေ၏။
““ဖင်ပြောင်ကြီး အမြီးနားကျမှတစ်နေမယ်”” ဟူသော စကားပုံတစ်ရပ်လည်း ပေါ်ထွန်းလာလေ၏။
အစည်းအဝေးများတွင်လည်း “တင်ပြသည်” ဟူသော စကားလုံးအစား “ဖင်ပြသည်” ဟူသောစကားလုံးကို တွင်တွင်ကျယ်ကျယ်သုံးစွဲလာကြလေတော့၏။
နည်းပညာကမ်ပနီများကလည်း မိန်းကလေးများဖင်မှာတပ်ဆင်ရန် အလို့ငှာဆို၍ အသားကပ်စီစီတီဗီကလေးများကို တီထွင်ဖြန့်ချိကြကုန်လေ၏။
အ၀တ်အစားဒီဇိုင်နာများကလည်း “ဖင်ပျောက်ဝတ်စုံ” ဆိုသည်များကို ဖောဖောသီသီတီထွင် ဖြန့်ချိလာကြလေ၏။ အမှန်တကယ်ဝတ်ဆင်ကြည့်သောအခါ ဖင်မပျောက်ဘဲ ဖင်ကောက်လာသည်ကိုသာ မြင်ကြရလေ၏။
“ဖင်ပိန်ရင် ဆိတ်သားရေနဲ့ဖုံး”ဟူသည့် စကားပုံများပေါ်လာသဖြင့် ဖင်ပိန်သောမိန်းကလေးများဖုံးကွယ်ရန် သူ့ဘာသာနေသော ဆိတ်များကို အရေခွံဆုတ်ကြလေ၏။
ထိုသို့… ထိုသို့ဖြင့် ….
ထောင်ဂဏန်းမျှသော အတင်းထောက်တို့သည် အထက်ပါကဲ့သို့ ဖင်ကိစ္စဖြင့် အလုပ်များနေကြသည်ကိုကြည့်ကာ ….
မြန်မာနိုင်ငံတော်ကြီးရှိ လူဦးရေသန်းခြောက်ဆယ်ခမျာ မရိုးမရွဖြင့် “ဖင်တမမ” ဖြစ်နေကြရလေတော့သတည်း။ ။
ဥက္ကာကိုကို
18.709669
94.356513