လက်ချမီး ကျနော့်ကိုစိတ်ကောက်တဲ့ညက ခွေးတွေ သည်းသည်းမည်းမည်း အူပါသည်။
အမည်းရောင်လက်ပ်တော့ကိုဖွင့်ကာ ဂျီတော့ခ်ပေါ်မှာ လိုက်ရှာတော့လည်း လက်ချမီးအရိပ်မည်းမည်းကိုမျှမမြင်ရ။ ဖုန်း အမည်းလေးကိုထုတ်ဆက်တော့လည်း ဆက်သွယ်မှုဧရိယာပြင်ပက မည်းနက်လျှက်ရှိသည်။
စိတ်ပေါက်ပေါက်ဖြင့် မည်းမည်းမြင်ရာကိုပဲ ကလော်တုတ်နေလိုက်သည်။
ပြဿနာက လက်ချမီး အသားမည်းခြင်း မမည်းခြင်းနှင့် မဆိုင်ပါ။ လက်ချမီးသည် အသားမည်းသော ဗမာတစ်ဦး ဖြစ်သည်။ သူသည် မိန်းကလေးတစ်ဦးလည်းဖြစ်ပါသည်။
(၂)
Facebook ထဲက စာမျက်နှာတစ်ခုပေါ်မှာ ခေတ်ပျက်သူဌေးကြီးတစ်ဦးနှင့် ငယ်ကျိုးငယ်နာဖော်ကြသည့် ညက လက်ချမီးကျနော့်ထံ ဆက်သွယ်လာခဲ့သည်။ အမေးအမြန်းထူသော ကျနော်နှင့် ဒိတ်ဒိတ်ကြဲလက်ချမီးတို့ အွန်လိုင်းကမ္ဘာ ထဲမှာ စာသားများဖြင့် အော်ကြီးဟစ်ကျယ်ပစ်ပေါက် ကုတ်ဖဲ့ရင်း စဆုံခဲ့ကြသည်။
““ဘယ်သူလဲ။ ဘယ်ကလဲ။ အသက် ဘယ်လောက်လဲ။ ဒီအကောင့်ကို ဘယ်ကရတာလဲ။ ဘာလို့ Invite လုပ် တာလဲ။ ဘာအလုပ်လုပ်သလဲ။ ဘယ်မှာနေသလဲ။ အဖေအမေဘယ်သူလဲ။ မှတ်ပုံတင်ပြော။ မှန်မှန်မဖြေရင် ခုချက်ချင်း Block လိုက်မယ်။ ဘာမှတ်နေလဲ””
အဲဒီစကားတသီတတန်းကြီးက လက်ချမီးဆီက မဟုတ်ပါ။ တစ်ခါတစ်ရံ ယောက်ျားကြီးတန်မဲ့ ကက်ကက်လန် အောင် ရန်တွေ့တတ်သော အနံကြီးကွင်းကျယ် အဘဥက္ကာကိုကိုဟူသည့် ငနဲသား ကျနော့်ဆီမှပီပီသသကြီးကို ထွက်လာ တာဖြစ်ပါသည်။
စိတ်သေးသေးကလေး ညစ်သွားပုံရသော လက်ချမီးကလည်း ရုတ်ချည်းပင် ထမီစွန်တောင်ဆွဲမတတ်ဖြင့် ကွန်ပျု တာခလုတ်များကို တဖြောင်းဖြောင်းနှိပ်၍ ကျနော့်ကို အဆက်မပြတ်ပြန်လည်တုံ့ပြန်ပါသည်။ ဘယ်မိန်းမကိုမှ အထင်မကြီး ဘူးဟု ထိုတစ်နေ့စာ အဓိဌာန်ပြုထားသော ကျနော်က လက်ချမီးပြောသမျှကို လားလားမျှ မနာချေ။ ဒိန်ချဉ်တစ်ငုံစုပ်လိုက်၊ ကွမ်းတစ်ယာဝါးလိုက်ဖြင့် ရယ်ချင်ပက်လက်ကလေးပင် ဖြစ်နေလိုက်သေး၏။
နောက်တော့ လက်ချမီးနှင့် ကျနော် “အိုကီ”သွားပါသည်။ ကျနော်ရေးဖူးသော အက်ဆေးတစ်ပုဒ်ထဲမှ ““တာ့တာ ပြရတာ သိပ်လွယ်တာပဲ”” ဟူသည့် စကားလုံးကို နှစ်သက်မိကြောင်း၊ အဲဒီစကားလုံးကို အသုံးပြုပြီး လက်ရှိရည်းစားကို “ဖြတ်” ပစ်လိုက်ကြောင်း လက်ချမီးက ပြောပါသည်။ ဘယ်နေရာ ဖြတ်ခံလိုက်ရမှန်းမသိသော သူမရည်းစားဆိုသူအား ကျနော်က သနားမိနေသေးသည်။
““တာ့တာပြရတာ သိပ်လွယ်တာပဲ”” ဟု ဗလုံးဗထွေးရေရွတ်ရင်း ထမီတိုတိုဝတ်ကာ ကတ်ကြေးကြီး တစ်လက် ဖြင့် ဟန်ရေးပြနေသည့် လက်ချမီးကိုမြင်ယောင်ကြည့်ရင်း “ခွိ..ခွိ”ဟု ရယ်လိုက်မိသည်။ တစ်ယောက်တစ်မြို့နယ်စီ ကိုယ့် ဘာသာ ရှိနေကြတာဖြစ်၍ လက်ချမီးက မကြားချေ။
(၃)
လက်ချမီးကို ယောက်ျား၊ မိန်းမ မကွဲပြားဘဲ အွန်လိုင်းပေါ်တွေ့တိုင်း ကလော်တုတ်နေသောကြောင့် သူမသည် မိန်းမသားတစ်ဦးဖြစ်ပါသည်ဟူ၍ သက်သေသက္ကရပြရန်အတွက် ကျနော့်ဂျီမေးလ်ထဲကို လက်ချမီးက ဓာတ်ပုံသုံးပုံပို့ လိုက် ပါသည်။
မွေးကတည်းက အိမ်မှပေးထားသည်ဆိုသော အမည်နာမ အက္ခရာသုံးလုံးကိုလည်း သူမက ရေရွတ်ပြပါသည်။ အမည်နာမဆိုသည်မှ ပညတ်ချက်တစ်မျိုးပင်ဖြစ်သောကြောင့် ပညတ်ဆိုသည့် စကားလုံးကိုမုန်းသော ကျနော်က လုံးလုံး ၀၀ မှတ်မထားမိပါ။
သေးသေးကွေးကွေးနှင့် နားရွက်လည်းကားသဖြင့် ဟယ်ရီပေါ်တာဇာတ်ကားထဲမှ မှင်စာကလေးနှင့် တူသည်ကို အကြောင်းပြုပြီး “ဒေါ်ဘီ”ဟူ၍လည်းကောင်း၊ ပါပီဟူ၍လည်းကောင်း၊ ဟိတ်ကောင်ဟူ၍လည်းကောင်း၊ ငနာမဟူ၍ လည်း ကောင်း၊ ဖက်လုံးမဟူ၍လည်းကောင်း၊ မီးခြစ်မဟူ၍လည်းကောင်း စိတ်ကူးထဲအဆင်ပြေသလို ကျနော်ခေါ်ဝေါ်သည်ကို သူမကလည်း ကန့်ကွက်ခြင်းမပြုပါ။ လက်မှတ်ရေးထိုး၍ သမ္မတကြီးထံ အကူအညီတောင်းခြင်းလည်းမပြုပါ။ ထို့ကြောင့် ကျနော်ကလည်း လျှာပေါ်တွေ့ရာကောက်ခေါ်လိုက်သည်ပဲ ဖြစ်သည်။
သူမကတော့ တစ်ခါတစ်ရံမှာ သူ့ကိုယ်သူ နတ်သမီးမဟုတ်သည့် လက်ချမီးဟု ဝေဖန်လေ့ရှိပါသည်။ ထိုသို့ဖြင့် သူမ၏ အမည်မှာ ကျနော့်အတွက် လက်ချမီးဖြစ်လာပါသည်။
(၄)
တစ်နေ့သောအခါ…. လက်ချမီးနှင့်ကျနော် အွန်လိုင်းပြင်ပမှာ ရုတ်တရက်(သို့မဟုတ်) ကြိုတင်ကြံစည်မှုဖြင့် နှစ်ဦးသဘောတူ တွေ့ဆုံခဲ့ကြသည်။ ရန်ကုန်တက္ကသိုလ်၊ ဂျပ်ဆင်ရှေ့လမ်းမှ တောက်ဆတ်ဆတ်လမ်းလျှောက်လာသည့် ပိန်ပိန်ပါးပါး၊ အသားမဲမဲ၊ မျက်ကွင်းညိုပြူး ကောင်မလေးသည် စကားပြောဆိုရာတွင်လည်း အလွန်ဘုဂလန့်ကျကျ လက် ပေါက်ကပ်သူတစ်ဦးဖြစ်ကြောင်း ထိုနေ့မှာ ကျနော် သိရှိလိုက်ရပါသည်။
ကျနော်ကလည်း ကျနော်ပါ။ ဘယ်ကောင်မလေးနှင့်တွေ့တွေ့ အင်လျားကန်ပေါင်ကို မရောက်မဖြစ် ရောက် တတ်သည်။ ထို့ကြောင့် ကျနော့်မှာ ဟိုး…. ရှေးရှေး…. သိပ်မကြာမီတုန်းကပေါ့… အစချီသည့် အင်းလျားကန် ဇာတ်လမ်း တွေအများကြီးရှိနေတာ ဖြစ်သည်။ ကောင်မလေးတွေ တစ်ဦးပြီး တစ်ဦးပြောင်းသွားသော်လည်း အင်းလျားကန်ပေါင် ဇာတ်စင်ပေါ်မှာ ကျနော်သာ တစ်ပင်တိုင်မင်းသားကြီးဖြစ်နေခဲ့သည်။ ထိုနေ့နံနက်က လက်ချမီးသည် ပရီမီယာ သရီးအင်ဝမ်း တစ်ခွက်သောက်ပြီး မူးနေခဲ့သည်။
မျက်ကပ်မှန်တပ်ထား၍ ပြောင်လက်လက်ပြူးကျယ်ကျယ်ဖြစ်နေသည့် မျက်စိကြီးနှစ်လုံးဖြင့် စေ့စေ့ကြည့်ရင်း ကျနော့်ကို “ရစ်”သည်။ တဖြည်းဖြည်းကြည့်မရဖြစ်လာသဖြင့် ကျနော် သူမကို ရိုက်ပစ်လိုက်သည်။ ရိုက်တာတောင် ဖြတ် ရိုက်ပစ်လိုက်တာဖြစ်သောကြောင့် အိမ်အပြန်လမ်းမှာ ကျနော့်ကင်မရာထဲ လက်ချမီး၏ လိုင်စင်မကျတကျဓာတ်ပုံ ခြောက် ပုံပါလာခဲ့သည်။
မှတ်မှတ်ရရ…. ထိုနေ့က ပြည်လမ်းမဘေး ပလက်ဖောင်းမှာ လက်ချမီးခလုတ်တိုက်လေသည်။
(၅)
ထို့သို့ဖြင့် ကျနော်တို့နှစ်ဦးသည် ၅၂၈ ကိန်း ဂဏန်းကိုပင် စားသုံးရင်း ဗိုက်ဝခဲ့ကြပါသည်။
အလွန်တရာမှလည်း စကားများလှစွာသော လက်ချမီးကသာ တောင်တောင်အီအီတွေလျှောက်ပြောနေပါသည်။ အိမ်ကဂျစ်ကားကိုယူမောင်းပြီး မြောင်းထဲကျသဖြင့် ပယ်ပယ်နယ်နယ်အဆူခံရကြောင်း၊ အိမ်ကခွေးကလေး လမ်းပေါ်ထွက် ပြီး ကားတိုက်သေသွားကြောင်း၊ အဖေက သူမကိုသိပ်ချစ်ပြီး အမေက ကြိမ်လုံးဖြင့်ဆော်သည့်အကြောင်း၊ သူမ၏ ရည်းစား က နောက်ရည်းစားထားသဖြင့် “ဖြတ်”ပစ်လိုက်ကြောင်း၊ သူမနဲ့ချစ်ကြိုက်နေစဉ် တခြားတစ်ယောက်နှင့် တွဲတာ လုံးဝ မကြိုက်သည့်အကြောင်း၊ ဒီတစ်ဘွဲ့ရပြီးရင် နောက်တစ်ကျောင်းတက်ပြီး နောက်တစ်ဘွဲ့ယူဦးမည့်အကြောင်း၊ အနာဂတ် ရည်မှန်းချက်မှာ ထမင်းဆိုင်ဖွင့်ရန်ဖြစ်ကြောင်း၊ လောလောဆယ် ရည်းစားထားလိုစိတ် လုံးဝမရှိတော့ကြောင်း၊ သူမမှာ ထမီအဆင်စုံမြောက်မြားစွာရှိကြောင်း စသဖြင့် မရိုးနိုင်အောင် ပြောတတ်သည်။
လက်ချမီးသည် ရုပ်ခံမရှိပါက ဘုရားစူးမှင်စာကလေးနှင့်တူမည်ဖြစ်ပြီး သူမ စိတ်ကောက်သောအခါတွင်လည်း ပါးစပ်မှ ပိကျိ ပိကျိဟု အသံထွက်လေ့ရှိလေသည်။
““တော်ပြီ… အဘကို ပိကျိတယ်… ဒါဘဲ””
ထိုသို့ဖြင့် လက်ချမီးထံမှာ ကျနော် အမြဲပင် “ပိကျိ”ခံရလေ့ရှိပါသည်။
(၆)
ကျနော် အိုဘားမားထက်နှင့် ဘန်ကီမွန်းတို့ထက် အလုပ်များနေသည့် တစ်နေ့ခင်းမှာ လက်ချမီး ကျနော့်ဆီ ဖုန်း ခေါ်ပါသည်။
““ဟလို””
““အဘ…””
““ဟေ””
““အီး……………၀ါး……………. အီးဟီးဟီး…… ””
““အွမ်””
လက်ချမီးဖုန်းထဲမှာ ငိုလေသည်။ အသက်တဖြည်းဖြည်းကြီးလာ၍လားမသိ။ ဖုန်းထဲမှ အသံတွေကို သိပ်မကြားရ ဖြစ်နေသည့် ကျနော်က လက်ချမီးငိုသည်ကို မသိဘဲ ကျနော့်ကိုလှောင်ရယ်နေသည်ဟုထင်မှတ်ကာ အော်ငေါက်ပစ် လိုက်ဖို့ ရုတ်တရက် စဉ်းစားမိသေးသည်။ သေချာနားထောင်ကြည့်မှ တကယ်ငိုနေတာဖြစ်၍ ဘယ်နားမှာငိုနေသလဲ မေးကာ တက္ကစီငှား၍ အမြန်ပြေးသွားရသည်။ လက်ချမီးက နေ့ခင်းကြောင်တောင်ကြီး ရန်ကုန်စီးပွားရေးတက္ကသိုလ် ဂိတ် ပေါက်ဝမှာ လုံခြုံရေးအဘိုးကြီးနှစ်ဦးကြား အသံကုန်ဟစ်၍ ထိုင်ငိုနေခြင်းဖြစ်လေသည်။
နီရဲမို့အစ်သော မျက်လုံးပြူးကြီးများဖြင့် ဂိတ်မှထွက်လာသော လက်ချမီးကို ကန်ပေါင်မှာ ကော်ဖီတိုက်ရင်း အနည်းငယ်ချော့ရသည်။ ဒါတောင်မှ အချော့မတတ်သဖြင့် သူမ ငိုတာကို ၀မ်းသာအားရဖြစ်နေပါသည်ဟု စွပ်စွဲကာ ထပ်ငို မည်ကြံသဖြင့် မနည်းတားယူရလေသည်။ လက်ချမီးကလည်း လက်ချမီးပင်။ MBA ကျောင်းတက်ရန် ထောက်ခံစာသွားယူ သည်ကို ဌာနမှူးဆရာမကြီးက သူမ၏ အလုံးအထည်နှင့် ရုပ်ခံကိုကြည့်ကာ မဖြစ်နိုင်ဟု အော်ငေါက်မောင်းထုတ်လိုက် သောကြောင့် ကျောင်းပေါက်ဝမှာ ငုတ်တုတ်ထိုင်ငိုပြလာခြင်းဖြစ်သည်။
သိပ်တော့မချော့လိုက်ရပါ။ ကျနော့်ကိုငိုပြလည်း ကျနော်ကသနားမည်မဟုတ်သည်ကို သိနေသော လက်ချမီးက အငိုတိတ်ကာ ထုံးစံအတိုင်း တောင်တောင်အီအီတွေ လျှောက်ပြော၍ အိမ်ပြန်သွားပါသည်။
ကျနော့်မှာသာ…. မောလျစွာဖြင့်……။
(၇)
တာရာမင်းဝေ၏ ““မိုးခေါင်လို့တီးတဲ့ဗုံသံ””ကဗျာစာအုပ်ကို ကျနော့်ဆီက ငှားရမ်းဖူးသည့် (ကျနော်ကလည်း မပေးခဲ့ချေ) လက်ချမီးသည် ““မီးတောက်ရစ်သမ်””ကဗျာရှည်ကြီးကိုလည်း တစ်ပုဒ်လုံးပင် အံ့မခန်း အလွတ်ရသူဖြစ် သည်။ စိတ်လိုလက်ရ ညချမ်းတစ်ခုမှာ သူမနှင့် ကျနော် မီးတောက်ရစ်သမ်ကဗျာကို တစ်ယောက်တစ်ပိုဒ် ရွတ်ဖတ်ခဲ့ ဖူးကြသည်။ တစ်ခါတစ်ရံမှ ကျရောက်လေ့ရှိသော နေ့သစ်များမှာ ကျနော်နှင့်လက်ချမီးတို့ ရစ်သမ်ကျကျ စီးဆင်းခဲ့ကြ သည်။ မောင်နှင့်နှမ သံယောဇဉ်သက်သက်ဖြင့် ဆက်လက်ရွေ့လျားခဲ့ကြသည်။
တစ်ဦးတည်းဖြစ်နေသည့်အချိန်နှင့် အခက်အခဲတစ်ခုကြုံသည့်အချိန် တိုက်ဆိုင်တိုင်း လက်ချမီးက ကျနော့်ဖုန်း ကို စိတ်လိုလက်ရခေါ်ဆိုလေ့ရှိပါသည်။ ကျနော် ရာဇဌာနီ မင်းနေပြည်တော်သို့ (နေပူတော်ဟုလည်း ဗန်းစကားအရ အမည်တွင်သည်) အလုပ်ကိစ္စတစ်ခုဖြင့် ရောက်ရှိနေပြီး လမ်းမထက်မှာ အူရားဖားယားဖြစ်နေသည့်တစ်နေ့က လက်ချမီး ၏ ဖုန်းခေါ်သံမှာ အလောသုံးဆယ်နိုင်လှပါသည်။
““အဘ… … လုပ်ပါဦး…. အီးဟီးဟီး…. ””
““ဟင် … ဘာဖြစ်ရပြန်တာတုန်းဟ။ ခု ဘယ်ရောက်နေတာလဲ””
““လိုင်းကားပေါ်မှာ ””
““ဟင်… လိုင်းကားပေါ်မှာ အာဗြဲကြီးနဲ့ ငိုရသလား””
““လိုင်းကားက ရဲစခန်းကို မောင်းနေတာ အဘရဲ့… အီး..ဟီးဟီး ””
““အိရှ်””
သေချာမေးကြည့်တော့ လက်ချမီးစီးနင်းလိုက်ပါလာတဲ့ မထသလိုင်းကားကြီးပေါ်မှာ ခါးပိုက်နှိုက်ခံရမှုတစ်ခု ဖြစ် ပွားသည့် အတွက် ရဲစခန်းသို့ ဦးတည်မောင်းနှင် နေကြခြင်းဖြစ်ကြောင်း သိရသည်။
““ဘာမှမဖြစ်ပါဘူးကွာ… တိတ်တိတ်။ မငိုနဲ့။ ရဲစခန်းရောက်ရင် ရုပ်တည်ကြီးနဲ့သာနေ။ လာစစ်ရင်သေချာဖွက် ထား””
““၀ါး……… သမီးကခါးပိုက်နှိုက်မှ မဟုတ်တာ။ အဘက သမီးကို သူခိုးရိုးနေတယ်… တော်ဘီ။ ဘာမှအားကိုး မရဘူး။ ရဲတွေရှေ့ရောက်မှ အားရပါးရထပ်ငိုပြဦးမယ်… ဟင့်””
ရယ်ချင်စိတ်ဖြင့် ဖုန်းချလိုက်သော်လည်း တကယ်တော့ ကျနော်က သနားမိနေသည်။ သေးသေးကွေးကွေးနဲ့ လိုင်းကားလည်း သေချာစီးတတ်တာမဟုတ်တဲ့ လက်ချမီးကို စိုးရိမ်စိတ်ကြောင့် အလုပ်ကမဖြောင့်။ ထို့ကြောင့် ယင်းနေ့က ကျနော့်အလုပ်တွေကွေးကောက်ကုန်သည်။ သံယောဇဉ်တစ်ခုသာ ဖြောင့်တန်းလျှက်ရှိလေ၏။
(၈)
သွားကြားထိုးတံငါးချောင်းနှင့်တူလှစွာသော လက်ချမီး၏ လက်ချောင်းသေးသေးသွယ်သွယ်လေးများကို နေပူရှိန် အလွန်ပြင်းထန်သည့် ရန်ကုန်နေ့လည်ခင်းတစ်ခုမှာ ကျနော် ဆုပ်ကိုင်ခဲ့ဖူးသည်။ လက်ချမီးက ““ဟေ့”” ဟု တစ်ခွန်း အော် ပြီးနောက် တစ်ဖက်သို့လှည့်နေခဲ့သည်။ ညီမလေးရယ်….. ။ ရင်ထဲမှ လှိုက်လှိုက်လှဲလှဲနှင့် ညီမလေးဟု ပထမဆုံး ကြိတ် ခေါ်မိသည်ကို လက်ချမီးမကြားခဲ့ပါ။ လက်ချမီး နှင့် ကျနော့်အပေါ် ၅၂၈ မေတ္တာတံတိုင်းခတ်၍ ခိုင်မြဲစေခဲ့သည့် သက်ပြင်းပူများကို နောက်ဆုံးအကြိမ်မှုတ်ထုတ်လိုက်ပြီး သည့်နောက်မှာ လမ်းမပေါ်ငေးမောနေသော လက်ချမီး၏ မျက်နှာနုနုညိုညိုလေးကို ဖြူဖြူစင်စင် ကြည့်မိသည်။
သူမအကြောင်းကို အက်ဆေးတစ်ပုဒ်ရေးနေတယ်လို့ ပြောတဲ့အခါ လက်ချမီးပြုံးပါသည်။ ဘယ်လိုဇာတ်သိမ်း လိုက်ရင်ကောင်းမလဲဟု ကျနော်က အကြံထပ်တောင်းလိုက်တော့ ““ကိုးရီးယားကားတွေလိုပဲ လုပ်လိုက်ပေါ့”” ဟု ရယ် မောရင်း ပြန်ဖြေသည်။
ထို့ကြောင့် သူမအကြောင်းကို စာဖွဲ့ထားသော ကျနော့်အက်ဆေး၏ နောက်ဆုံးစာကြောင်းမှာ ““ဆက်ရန်ရှိသေး သည်””ဟူ၍သာ ဖြစ်လာခဲ့ပါသည်။
တကယ်တမ်း ဆက်ရန် ရှိမရှိကိုတော့ ကျနော် မသိခဲ့ပါ။ လက်ချမီးလည်းမသိခဲ့ပါ။
ကျနော့်ဖုန်းထဲကို လျှပ်တပြက်တိုးဝင်လာမည့် ငိုသံတဗြဲဗြဲကိုတော့ ကြားယောင်နေမိပါသေးသည်။
(၉)
““သံယောဇဉ်ဆိုတာ….
အရောဝင်လို့မကောင်းတဲ့ ခွေးကလေးပါပဲ””
(မီးတောက်ရစ်သမ် – တာရာမင်းဝေ)
(နိဂုံး)
လက်ချမီး ဖုန်းမဆက်သည့် ညမှစ၍ နောင်ညများစွာတိုင် ကျနော်တို့လမ်းထဲမှာ ခွေးတွေ သည်းသည်းမည်းမည်း အူနေဆဲပင် ဖြစ်ပါသည်။ ။
ဥက္ကာကိုကို
၂၅.၅.၂၀၁၂ (သန်းခေါင်ယံအလွန် ၁ နာရီခွဲတိတိ)