RSS

Tag Archives: ရသအက်ဆေး

“နေမကောင်းဘူး သံလွင်ခက်တွေနဲ့ငါ”

imagesrrrrrမြစ်ထဲမှာ ဗေဒါတွေ အလုံးအရင်း ဆန်တက်နေကြတယ်။ ငါ နေမကောင်းဘူး။ အိမ်ရှေ့ကအုန်းပင်ပေါ်မှာ ကျီးကန်းနဲ့ ဆက်ရက်တွေ ငြိမ်သက်စွာ မိုးခိုနေကြရဲ့။ ကြည့်မြင်တိုင်တစ်ဖက်ကမ်းက တံငါရွာတွေဟာ မိုးစက်ဖြူဖြူ တွေကြားမှာ မှုန်ပျပျဖြစ်နေတယ်။ ဒါဆို မိုးရွာနေတာသေချာပြီပေါ့။ မိုးစက်ပေါက်တွေ ငါ့ဆီရောက်မလာကြသေးပါ လား။ ညနေ ၅နာရီ။ အနောက်တစ်ခွင်မှာ ပုဇွန်ဆီရောင်မလင်းဘူး။ ကောင်းကင်ဟာ သူ့မျက်ခွက်ကြီးကို မဲညို့နေ အောင်စူပုပ်ထားတယ်။ တစ်ခုခုကို သူစိတ်တိုနေပုံပဲ။ ငါနေမကောင်းဘူး။

စပျစ်သီးတစ်ဆယ်သားနှစ်ရာတဲ့။ တိုက်အောက်မှာ တွန်းလှည်းနဲ့အော်ရောင်းနေတယ်။ ၀က်သားမစားချင်ဘူး။ ဆေးလိပ်သောက်ပါရစေ။ ဆေးလိပ်မသောက်ရတာ သုံးရက်နဲ့တစ်ည။ ငါနေမကောင်းဘူး။ အထားအသိုမှားနေတဲ့ ၀ါကျတစ်ကြောင်းအဖြစ်နဲ့စကားပြေဘယ်နှပုဒ်တိုင်အောင် ငါ ကပြခဲ့ပြီးပြီလဲ။ မြစ်ထဲမှာ သမ္မာန်တွေ၊ သမ္မာန်တွေပေါ်မှာ လူတွေ။ လူတွေပေါ်မှာ မိုးစက်တွေ။ မိုးစက်တွေပေါ်မှာ မိုးတိမ်တွေ။ မိုးတိမ်တွေပေါ်ကို ငါမသွားဖူးဘူး။ အဲဒါ ငါနေမကောင်းလို့ဖြစ်လိမ့်မယ်။

နေလည်းဝင်တော့မယ်။ နေ၀င်ရင်မိုးချုပ်တတ်သလား။ အခုလိုမှိုင်းမှောင်နေတဲ့ရာသီဥတုမှာ နေဟာ ဘယ်နားက၀င်သွားမလဲ။ နေလုံးနီနီကြီးရေ…မင်းဘယ်မှာလဲကွယ်။ ခန္ဓာကိုယ်ထဲကနာကျင်မှုတွေ ငါ့ကိုဒုက္ခ ပေးပြန်ဘီ။ တောက်။ ဘယ်သူတက်ခေါက်တာလဲ။ မဟုတ်ဘူး။ ၀ရန်တာထိပ်ပိုက်လုံးထဲက ရေစက်ကျတာပါ။ ပုံးအလွတ် တစ်လုံးနဲ့ မိုးရေခံလိုက်။ သိပ်မကြာခင် ရေတွေပြည့်သွားပါလိမ့်မယ်။

ခုမှသတိရတယ်။ နတ်သမီးနဲ့လမ်းခွဲတုန်းက ငိုခဲ့ရတဲ့ငါ့မျက်ရည်တွေကိုလည်း ပုံးအလွတ်တစ်လုံးနဲ့ခံ ထားခဲ့ရင် ကောင်းသား။ မျက်ရည်ခံတယ်ပေါ့။ အဲ့ဒီမျက်ရည်တွေကို ဘာလုပ်လို့ရမလဲ။ မိုးရေလိုကျိုသောက်လို့ရသလား။ တော်ကြာ မျက်ရည်ခါးတွေဖြစ်နေရင် ဘယ့်နှယ်လုပ်မလဲ။ အသည်းကွဲမျက်ရည်ဆိုပြီး လေလံပစ်ရင်ကော…။ မြောက်ကိုရီးယားနဲ့ အီရန်က၀ယ်မှာလား။ ငါ့မျက်ရည်က နြူကလီးယားလက်နက်အတွက် အသုံးဝင်မှာမို့လား။ ဘာမှသုံးစားလို့မရရင်တော့ ငါ့မျက်ရည်အကြောင်းကိုနားထားလိုက်။ ငါနေမကောင်း ဘူး။

ကမ္ဘာကြီးမျက်ရည်ကျနေတာကို သနားကြပါ။ ကမ္ဘာအနှံ့က ကလေးလေးတွေရဲ့ မျက်ရည်စတွေကို စာနာကြပါ။ သူတို့မျက်ရည်မကျအောင် ငါတို့ ဘာလုပ်ပေးနိုင်မလဲ။ လောလောဆယ်တော့ ငါနေမကောင်းဘူးနော်။

ငါနေမကောင်းဘူးဆိုတော့ ဘာလို့နေမကောင်းတာလဲလို့ မေးစရာရှိလာမယ်။ ညစဉ်ရက်ဆက် အယ်လ်ကို ဟောတွေမျိုချနေခဲ့လို့လား(ဟုတ်တယ်…အသည်းပြန်အောင့်နေတယ်)။ ထမင်းအချိန်မှန်မှန်မစားဘဲ ပေတေနေ ခဲ့လို့လား(ဟုတ်တယ်…အစာအိမ်မှာ တစ်ခုခုဖြစ်နေတယ်လို့ ဆရာဝန်ကပြောတယ်)။ ဆေးလိပ်တွေအရမ်း သောက် လို့မဟုတ်လား(ဟုတ်မယ်…ချောင်တဟွပ်ဟွပ်ဆိုးပြီး အာသီးရောင်နေတယ်)။ ကွန်ပျူတာရှေ့ တစ်နေကုန် ထိုင်၊ Chatting လုပ်နေလို့ဖြစ်မယ်(ဟုတ်နိုင်တယ်…ခေါင်းအရမ်းကိုက်ပြီး မျက်စိတွေေ၀၀ါးနေတယ်)။ ညညမူးပြီး အင်္ကျီမပါဘဲအမြဲအိပ်တယ်မဟုတ်လား (အင်း…အဆုတ်အအေးပတ်ပြီး နှာအရမ်းစီးနေတယ်…ဟပ်ချိုး … ဘုရားသခင်နဲ့ကုလားဘုရင်)။

နေစမ်းပါဦး။ မင်းရောဂါကဘာလဲလို့ ခင်ဗျားကမေးမယ်။ ၉၆ ပါးမဟုတ်ပေမယ့် စောစောကပြောတာတွေ အားလုံးကို အလိုမတူဘဲ ပိုင်ဆိုင်ထားရတဲ့ကောင်ပါ။ ခြုံပြောရရင် ငါနေမကောင်းဘူး။

ညဟာ အမှောင်ထဲစုန်းစုန်းမြုပ်ဝင်သွားခဲ့။ မိုးတွေလည်းစဲသွားခဲ့ပြီ။ ပုရစ်အော်သံတွေကျွက်ကျွက်ညံစီ။ မြစ်ထဲကမော်တော်ခုတ်သံ တဒုတ်ဒုတ်ကြားနေရတယ်။ ငါးပုပ်နံ့က ဒီဖက်ကမ်းကို လှိုင်လှိုင်ကြီးရိုက်ခတ်ပျံ့လွင့်လာ။ နံလိုက်တာ။ ငါနေမကောင်းဘူး။

ငါနေမကောင်းဘူးဆိုတာပြောနေရတာ အာညောင်းတယ်။ ဘယ်သူက ငါ့ကိုယုံမလဲ။ ငါနေမကောင်းတာ ဘယ်သူယုံသလဲ။ ဘုရားသခင်ယုံသလား။ မာရ်နတ်ကောယုံသလား။ လင်းဆေးလိုဟန်ယုံသလား။ ဂျိုလီယုံသလား။ ဟီလာရီကလင်တန်ယုံသလား။ ဆိုမာလီယာ ပင်လယ်ဓားပြတွေယုံသလား။ ကောင်မလေးတစ်ယောက်ကတော့ သူယုံပါ တယ်တဲ့။ (အဲ့ဒီကောင်မလေးရူးနေတယ်လို့ လူတွေထင်ကုန် တော့မှာပဲ)။

ငါနေမကောင်းတဲ့ကိစ္စ။ ဒေါက်တာအဲလ်ဗတ်ရွိုက်ဇာသိမသွားဘူး။ ဂန္ဒီကြီးသိမသွားဘူး။ သခင်ကိုယ်တော်မှိုင်း နဲ့ ဗိုလ်တေဇ သိမသွားဘူး။ မာသာထရီဆာသိမသွားဘူး။ သမ္မတဂျွန်အက်ဖ်ကနေဒီနဲ့ ပါကစ္စတန်လူထုခေါင်းဆောင် အမျိုးသမီးဘင်နဇာဘုတိုသိမသွားဘူး။ မိုက်ကယ်ဂျက်ဆင်သိမသွားဘူး။ မောင်ချောနွယ်သိမသွားဘူး။ ထူးအိမ်သင် သိမသွားဘူး။ တာရာမင်းဝေသိမသွားဘူး။ မင်းသိင်္ခသိမသွားဘူး။ ဒွေးသိဖို့တော့မလိုအပ်ဘူး ထင်တယ်။

အိမ်ရှေ့အုန်းပင်ရဲ့ ကြီးထွားမှုက ခြောက်လွှာတိုက်ခန်းတည့်တည့်ကိုရောက်လာပြီ။ ကျီးကန်းတစ်ကောင် ငါ့ကိုပြူးကြည့်တယ်။ သူ့ဘာသာလည်းစကားမဆက်နိုင်ဖြစ်နေသေးရဲ့။ ““အ..အ..အ..””နဲ့။ လေစိမ်းတွေ တိုက်လှချည်ရဲ့ နွေမိုးမွန်ရယ်။ ငါ့ကိုကယ်ပါလှည့်။ ကဗျာတွေနဲ့ပိပြီးလန့်ဖျားဖျားနေတဲ့ ငါ့ကိုကယ်ပါလှည့်။

နင်မကယ်ရင်လည်း ကဗျာဆရာတွေကယ်ကြပါ။ ၀ိုင်ချိုကယ်ပါ။ ကြည်မောင်သန်းကယ်ပါ။ မိုဃ်းဇော်ကယ်ပါ။ စိုင်းဝင်းမြင့်ကယ် ပါ။ သစ္စာပိုင်စိုးကယ်ပါ။ လင်းသဏ်ညီကယ်ပါ။ ငုအိမ်ထက်မြက်ကယ်ပါ။ ခရမ်းပြာထက်လူကယ်ပါ။ သုခမိန်လှိုင်ကယ်ပါ။ မောင်ပြည့်မင်းကယ်ပါ။ အောင်ဘညိုကယ်ပါ။ မျိုးနေနွယ်ကယ်ပါ။ နေမျိုးကယ်ပါ။ ဆရာသစ္စာနီ ကယ်ပါ။ ဘောင်းဘီတိုအမြဲဝတ်တဲ့ဝေမှူးသွင်ကယ်ပါ။ ကျေးဇူးပြု၍ ဟဲမင်းဝေမကယ်ပါနဲ့။ အိပ်မက်ဆိုးတွေကြောက်လို့ ပါကိုယ့်လူရာ။ ငါနေမကောင်းဘူးလေ။

ဘိုးဘိုးမန်ဒဲလားနေကောင်းပါစေ။ အိုးဘားမားကြီးနေကောင်းပါစေ။ ဘီလ်ဂိတ်ကြီးနေကောင်းပါစေ။ ဘန်ကီမွန်းနေကောင်း ပါစေ။ ဘီလ်ကလင်တန်နေကောင်းပါစေ။ ကိုဖီအာနန်နေကောင်းပါစေ။ ဘင်လာဒင်နေကောင်း ပါစေ။ အီရတ်နဲ့ အာဖဂန်ပြည်သူတွေ နေကောင်းကြပါစေ။ ဂျီ-၂၀ ခေါင်းဆောင်များနေကောင်းကြပါစေ။ ငြိမ်းချမ်းရေး နိုဗယ်လ်ဆုရှင်တွေနေကောင်းကြပါစေ။ ကလေးလေးတွေနေကောင်းကြပါစေ။ ရုရှားကပန်ဒါဝက်ဝံလေးတွေ နေကောင်းကြပါစေ။ အမေ နေကောင်းပါစေ။ ငါလည်းနေကောင်းပါစေပေါ့။

နေမကောင်းတာဟာ မကောင်းမှုတစ်ရပ်ပဲ။ အဲဒီတော့ ငါနေကောင်းရမယ်။ သိပ်တော့မလွယ်ဘူးပေါ့။ ကမ္ဘာကြီးကိုကုသကြပါ။ ငါ့ကိုခဏဘေးဖယ်ထားပါဦး။ ဇေယျာလင်းရဲ့စကားပြေကဗျာတွေနဲ့ထမင်းစားရတာ သိပ်မြိန်တာပဲ။ လာမယ့်တနင်္ဂနွေမှာ ဘူတာရုံလမ်းနဲ့ သုခမှတ်တိုင်ကြားက ဘီအီးဆိုင်မှာ ဆေးခန်းသွားပြမယ်။ ငါ့ကိုပြုစုဖို့အတွက် ကမ္ဘာကျော်ကိုရီးယားမင်းသမီးနှစ်လက်ငှားထားပါပြီ။

လတ်ဆတ်တဲ့ပင်လယ်လေကိုရှူချင်တယ်။ ညီမလေးရဲ့စံပယ်ဖူးတွေဘယ်တော့ပွင့်မလဲ။ နလန်ထရင် တာရာမင်းဝေရဲ့မီးတောက်ရစ်သမ်ကဗျာရှည်ကြီးကို စွပ်ပြုတ်လုပ်သောက်မယ်။ ဟော…တဖျတ်ဖျတ်နဲ့… ဘာသံ တွေလဲ။ ညည့်ဦးကောင်းကင်ယံမှာ တိမ်ညိုတွေကြား ဖောက်ထွင်းပြေးလွှားနေလိုက်ကြတာ။ မကြာခင်မိုး သောက်တော့မယ်ထင်တယ်။ နံနက်ခင်းကိုလက်ခုပ်တီးပြီး ကြိုဆိုကြပါစို့။

လာခြင်းကောင်းမည့်နံနက်ချိန်၌

ချိုးငှက်တို့၏ တောင်ပံခတ်သံ

မိုးလုံးပြည့်မှ ဘ၀ဂ်ညံစေ…။

ဥက္ကာကိုကို(သံတွဲ)

 
Leave a comment

Posted by on October 16, 2009 in အက်ဆေး

 

Tags:

 
Follow

Get every new post delivered to your Inbox.