
Written by ဥက္ကာကိုကို(သံတွဲ)
စကြ၀ဠာရဲ့ ကျယ်ပြောမှုနဲ့
ငါတို့ရဲ့ သက်ပြင်းအမောတွေ
ဆောင်းလေအေးထဲ ပူလောင်စွာပျံ့နှံ့ရဲ့။
ငါတို့ဘ၀ဟာ
ဘယ်အီကွေတာမျဉ်းပေါ်မှာ ရပ်တည်နေခဲ့တာလဲ ……
ငါတို့အခန်းကျဉ်းလေးထဲမတော့
သစ်တောတွေ ပြုန်းတီးလာပြီ
ရေခဲတွေ အရည်ပျော်ကျကုန်ပြီ
စစ်ရနံ့တွေ နံစော်လာပြီ
ရောဂါဘယတွေ ထူပြောလာပြီ
ဖောက်လွဲဖောက်ပြန်ရာသီဥတုဟာ
ငါတို့ခေါင်းထက်မှာ ရပ်တန့်နေခဲ့ပြီ
မိုးတိမ်တွေဟာ
ငါတို့သွားရာ တကောက်ကောက်လိုက်
အခွင့်ရတိုင်းရွာချပစ်ဖို့ အသင့်ဖြစ်နေကြပေါ့။
ငါတို့ စိတ်ဝင်စားရတယ်
ငါတို့ အံ့သြရတယ် ထိတ်လန့်ရတယ်
ငါတို့ ၀မ်းနည်းရတယ် အားငယ်ရတယ်
ကဲ
ငါတို့ရဲ့ ပျော်ရွှင်မှုအပေါင်း ဘယ်ဆီမှာခညောင်းကုန်ပြီလဲ….

ငါတို့ သိတယ်
ရုရှားနဲ့ ဂျော်ဂျီယာ အရေးအခင်း
အမေရိကန်နဲ့ သမ္မတသစ် ဘားရက်အိုဘားမား
အီရန်နဲ့ မြောက်ကိုရီးယား နျူလက်နက်များ
ဆိုမားလီးယား ပင်လယ်ဓားပြကိစ္စ
အာဖဂန် ၊ တာလီဘန်နဲ့ စစ်သွေးကြွတွေ
ကလေးကစားသလို ဗုံးဖောက်ခွဲမှုတွေ
မယ်လမင်းနဲ့ နို့မှုန့်ပြဿနာ
ကမ္ဘာ့ငွေကြေးဆိုင်ရာ အကျပ်အတည်းများ
ကမ္ဘာကြီးရဲ့ ဘက်စုံထောင့်စုံ ယိုယွင်းလာမှုတွေနဲ့အတူ
ငါတို့အသိတရား ၊ ငါတို့ကျန်းမာရေးတွေ ယိုယွင်းလာခဲ့ရ။
ဘ၀မှာ ငါတို့က
ထမင်းစား ၊ ရေသောက် ၊ အလုပ်ကလေးမဖြစ်စလောက်နဲ့
တစ်နေ့ပြီး တစ်နေ့ ၊ တစ်နေ့ထက်တစ်နေ့
လူရော အချိန်တွေပါ တရွေ့ရွေ့ကုန်ဆုံးကြရတာ
ငါတို့ …. ပျော်သလား
ကမ္ဘာကြီးပေါ်မှာ သင့်တော်သလိုနေထိုင်ရင်း
ပျော်ရွှင်မှုကို ၀ယ်ယူစားသုံးနေကြရတဲ့
သနားစရာသတ္တ၀ါ
လူဆိုတာ ငါတို့ပဲ။

တိတိကျကျကြီးကို ဖြစ်တည်နေရခြင်းမှာ
အရင်က ဖြစ်ပျက်လာခဲ့သမျှ
အခု ဖြစ်ပျက်နေရ
နောင်လည်းဖြစ်ပျက်နေရမယ့် လောကဓံ + ကံကြမ္မာ ။
ဘယ်လိုပဲဖြစ်ဖြစ် ငါတို့မှာ
သက်ပြင်းအမောတွေ ဆယ်ကြိမ်မှုတ်ထုတ်ပြီးရင်
တစ်ကြိမ် ပျော်ခွင့်ရှိရမယ်
အဲဒီတော့ ……..
ယခုလက်ငင်း သက်ပြင်းတစ်စ ချပစ်လိုက်ပါ
ပြီးရင်…ပျော်သလား…လို့ ထပ်မေးမယ်
“” လူဖြစ်ရတာ ငါတို့ ပျော်တယ် “” ။ ။
ဥက္ကာကိုကို