RSS

Category Archives: ရောက်တတ်ရာရာ

ဖို-မ ဆက်ဆံခြင်းနှင့် စပ်လျဉ်း ၍ ပညတ်တော်များ(အစ္စလာမ်)

(မဆ်အလဟ်)

အသက်ငယ်လွန်း၍ ဖိုမဆက်ဆံမှုကို မထမ်းနိုင်သောဇနီး၊ ရောဂါဝေဒနာကြောင့် ဖိုမဆက်ဆံမှုကို မထမ်းနိုင်သောဇနီးသည်ဖြင့် ဖိုမဆက်ဆံမှုကို
မပြုအပ် (အလ်ဗရီကဟ်ရှရ်ဟွသ်သရီကဟ်၊ ၁၂၆၈)

ရောဂါသည်ဇနီးတစ်ယောက်မှာ ကာမဆက်ဆံမှုဝန်ကိုတော့ ထမ်းနိုင်၏။ သို့သော် ရေချိုးလျှင် ရောဂါပွားမည်ကို စိုးရိမ်ရ၏။ ထိုကဲ့သို့
ဇနီးသည်နှင့်ကာမဆက်ဆံမှုကို ပြုနိုင်၏။ ထိုအခါ ဇနီးသည်မှာ ရေချိုးမည့်အစား သယမ်မွမ်ပြုလိုက်ရမည်။ (အလ်ဗရီကဟ်)

ကာမဆက်ဆံသောအခါ အာရုံကို ဇနီးသည်အပေါ်၌သာရှိစေရမည်။ ထို့အတူ ဇနီးသည်ကလည်း ခင်ပွန်းသည်အပေါ်၌သာ ရှိစေရမည်။ မိမိတို့သည် အကြင်လင်မယားဆက်ဆံသော်လည်း အာရုံမှာ သူစိမ်းများအပေါ်သို့ရှိနေလျှင် ဇေနာတစ်မျိုးသာဖြစ်ပေမည်။ ဤသည်ကြီးမားသော အပြစ်တစ်ရပ်ဖြစ်၏။ (အလ်မဒ်ခလ်၊ ၁၉၉)

ကာမဆက်ဆံသောနေရာသည် လုံခြုံရန် အရေးကြီး၏။ အနားတွင် ကလေးသူငယ်များ၊ အဖိုးအိုများ မရှိစေရ။ အချို့ အာလင်မ်ပညာရှင်များကမူ အသိရှိသော ကလေးငယ်များ တိရိစ္ဆာန်များ၊ အိပ်စက်နေသူများအနားတွင်လည်း
ဆက်ဆံခြင်းကိုတားမြစ်ကြ၏။ (အလ်မဒ်ခလ်၊ စ၊ ၁၈၈)

ရာသီသွေးများပေါ်နေချိန်၌ ဇနီးမောင်နှံ ကာမဆက်ဆံခွင့်မရှိ။ သို့ဖြစ်၍ ဇနီးသည်အနေဖြင့်လည်း ထိုအခါမျိုး၌ ခင်ပွန်းသည်အား ဆက်ဆံခွင့်မပေးရ။ ငြင်းရမည်။ (သဟ်သာဝီ၊ စ ၊ ၂၈)

အမျိုးသမီးသည် ရာသီသွေးများပေါ်နေလျှင် မိမိအမျိုးသားအား အသိပေးရန် အရေးကြီး၏။ သို့မှသာ အမျိုးသားမှ ထိန်းထိန်းသိမ်းသိမ်းရှိနေမည်ဖြစ်သည်။ သို့မဟုတ်ပါက အမျိုးသားသည် အပြစ်ထိုက်မည်ဖြစ်သည်။ (သဟ်သ၀ီ၊ စ ၊ ၇၈)

ဇနီးမောင်နှံတို့သည် တစ်ဦး၏အရှက်ကို တစ်ဦး
အပြန်အလှန်ကိုင်တွယ်ခွင့်ရှိ၏။ ရာဂစိတ်ဖြင့်ဖြစ်စေ၊ ရာဂစိတ်မပါဘဲဖြစ်စေ ခွင့်ပြုချက်ရှိ၏။ မည်သည့်တားမြစ်ချက်မှမရှိ။ (ဗဒါအေ့၊ စ၊ ၁၉၉ အတွဲ ၁)

ဇနီးမောင်နှံတို့သည် တစ်ဦး၏ လိင်အင်္ဂါကို တစ်ဦး ကြည့်ခွင့်ရှိငြားလည်း မလိုအပ်ဘဲ ကိုင်တွယ်ကြည့်ရှုခြင်းသည် မက္ကရူဟ်ဖြစ်ကြောင်း အာလမ်ဂီရ်ကျမ်း၌ ရေးသားထားပေသည်။ (အာလမ်ဂီရ်၊ စ ၊ ၂၂၇ အတွဲ-၅)

ဇနီးမောင်နှံဆက်ဆံပြီး ၀ုဇူရေသန့်စင်ပြီး အိပ်ခွင့်ရှိ၏။ သို့သော်လည်း ရေချိုးပြီးမှ အိပ်ခြင်းသည်ပိုမြတ်၏။ (ဇာဒွလ်မအာဒ်၊ စ၊ ၁၅၀၊ အတွဲ-၃)

ဇနီးမောင်နှံ မဆက်ဆံမီ အလ္လာဟ်အမည်ထည့်၍ ကွင်းထားသောလက်စွပ်များကို ချွတ်ထားရန် အရေးကြီး၏။

ဇနီးမောင်နှံနှစ်ဦးသည် အိဟ်ရာမ်ဝတ်ဆင်ပြီး ဟဂ်ျရက်များအတွင်း ကာမဆက်ဆံခွင့်မရှိ။

(ကိုးကား- အစ္စလာမ့်နည်းကျ အစ္စလာမ့်အိမ်ထောင်မှုဆက်ဆံရေး- ပြုစုသူ -ဒေါက်တာ အာဖ်သာဗ်အဟ်မဒ်ရှားဟ်.….မှ)

ဗဟုသုတလေးပါ…. ဒီနေ့ ဖတ်ဖြစ်လို့ တင်လိုက်တာ။

 
 

မောင်ဥက္ကာနေမကောင်းဘူး

မွေးနေ့ဖြစ်တဲ့ သြဂုတ်လ (ဒီလ) ၁၃ ရက် ၊သောကြာနေ့မှာ ကျနော်စတင်ဖျားပါတယ်…. ။ နှစ်ပတ်လောက်ရှိပါပြီ… ဖျားလိုက် ပြန်ကောင်းလိုက်ပေါ့။

ဆိုးတာက ရုံးမတက်နိုင်တာပါပဲ။ ကျနော့်အလုပ်က သတင်းထောက်ဆိုတော့ မလှုပ်ရှားနိုင်ရင် မဖြစ်ဘူးဗျ။ ရုံးကိုတော့ ကြားထဲမှာ သုံးခေါက်လောက်ရောက်ပါသေးတယ်။ အဲကွန်းဒဏ်မခံနိုင်တာကြောင့် နောက်နေ့တွေမသွားဖြစ်ပါဘူး။ အိမ်မှာဘဲ နားနေဖြစ်တယ်ပေါ့။ ခေါင်းမူးနေပြီးအားပြတ်နေတာနဲ့ အိမ်အောက်လည်းသိပ်မဆင်းဖြစ်ပါဘူး။

ချစ်သူကောင်မလေးကတော့ အားလပ်တိုင်း၊ မအားလပ်တိုင်း လာလာကြည့်ရှုပေးရှာပါတယ်။  သူရှိနေလို့ တစ်အား… ရှိတာပါ။ ပါးစပ်ပျက်နေလို့ အရမ်းခံရခက် ပါတယ်။ ဘာစားစား ခါးတဲ့အရသာပဲတွေ့နေပါတယ်။ အချဉ်တွေ သိပ်စားချင်တာပဲ။ သေမှာစိုးလို့မစားရဲတာပေါ့။

သတင်းတစ်ခုကတော့ ဖျားတဲ့ရက်ကစပြီး အရက်မသောက်ဖြစ်ဘူးဆိုတာပါပဲ။ အဟဲ…ဟီး….ဟီး။ ၂၀၀၉ နှစ်စကနေ ၂၀၁၀ ဒီလ အထိတစ်နှစ်ကျော်တိုင် တစ်ရက်မှ မနားဘဲ သောက်လာခဲ့တဲ့အရက်က ခုတော့သောက်ချင်စိတ်ပျောက်နေပါတယ်….။

မောင်ဥက္ကာနယ်လှည့်အရက်သောက်စဉ်က အင်းလျားကန်တစ်နေရာတွင် ဘီအီးကိုရေသန့်ဘူးထဲထည့်သောက်ပြီး ရီဝေေ၀ဖြစ်နေစဉ်။

ဘယ်နှရက်ခံမလဲဆိုတာကိုတော့စောင့်ကြည့်ကြရမှာပေါ့ခင်ဗျာ။ ဒါနဲ့ ဆေးလိပ်လေးလည်း မသောက်ဖြစ်ဘူးကော ခင်ဗျား။ အွန်လိုင်းလည်း မတက်ဖြစ်တာကြာပါပြီ။ အွန်လိုင်းတက်တိုင်း အကောင့်ထဲက သောက်ဖော်စားဖက်တွေက ၀ိုင်းပြီး ခေါ်ကြတာနဲ့၊ ခနဲ့ကြတာနဲ့ အကောင်းကိုမပြောကြလေတော့ ကျနော်လည်းကြောက်တယ်ကောဗျ။ တကယ်တော့ သူတို့က သူတို့ရဲ့ သောက်ဖော်စားဖက်တစ်ကောင် လျော့သွားမှာစိုးတဲ့အတွက် ကျနော်အရက်မသောက်ဘူးဆိုတာကို မကောင်းမြင်ပေးကြတာနဲ့တူပါတယ်…. အဟဲ…။

သောက်နေကျဆိုင်လေးဖြစ်တဲ့ ဘူတာရုံလမ်းနဲ့ သုခမှတ်တိုင်ကြားက တေလေဗိမ္မာန်ကိုလည်းမရောက်ဖြစ်ဘူးပေါ့ခင်ဗျာ…။ သောက်နေကျ ကုလားတွေတော့ လွမ်းနေတော့မှာပဲ။ (ဟဲဟဲ)။ ကျနော့်ကောင်မလေးကတော့ ပြောပါတယ်။ သောက်တာတွေ့ရင်တော့မလွယ်ဘူးမှတ်တဲ့။ မလွယ်ဘူးဆိုတာ ကျနော်သိပါတယ်။ အဲဒီတော့ မသောက်ပါဘူး။ ရုံးကလူတချို့ကတော့ ဒီကောင်မသောက်တော့ဘူးဆိုတာ ဟုတ်မှဟုတ်ရဲ့လားဆိုတဲ့ မသင်္ကာမျက်လုံးရွဲကြီးတွေနဲ့ ကျနော့်ကို ဖင်ပြန်ခေါင်းပြန် အကဲခတ်ကြပါတယ်။ ကျနော်ကလည်း ဖိုးရိုးဖားယားကလေး နေပြလိုက်ရတာပေါ့။ နော့။

သောက်စကားပြောရင်ဒီလိုပဲဗျ… ကျနော်ကလေရှည်နေကရော…. စပျစ်သီးစားချင်ပေမယ့် ရင်ကျပ်နေတယ်ဗျ။ ဆေးလိပ်တစ်ဖွာလောက်သောက်လိုက်တာနဲ့ အမောဖောက်လာရော။ ဒီတစ်ခါတော့ဆေးလိပ်တကယ်ပြတ်တော့မယ်ထင်ပါတယ်။ ကျနော့်ကျန်းမာရေးနဲ့မတည့်တာသိပေမယ့်ဇွတ်သောက်နေမိတာ။ ချပါတီစားချင်စိတ်က မနက်ပိုင်းဆိုပေါ်လာတတ်တယ်။ ဘာမှမရှိရင်တော့ ပရီမီယာတစ်ခွက်ကို ပေါင်မုန့် သုံးချပ်နဲ့လွေးလိုက်ရတော့တာပဲ။ တိုက်အောက်ခဏဆင်းတုန်းလေး မုန်လာဥနီဖျော်ရည်တစ်ခွက်သောက်လိုက်တာ အသားကုန်ကျပ်ပြီးအသက်ရှုလို့မရဖြစ်ပါကရော။ ဒီလိုနဲ့ပဲ အင်္ဂလိပ်ဆေးနဲ့ ဗမာဆေးတွေတွဲချနေရတယ်ဗျာ….။

ဆေးခန်းနှစ်ရက်ပြတာ မကောင်းလာတဲ့အတွက် မသွားတော့ဘူး။ ဘိုင်အိုဂျက်ဆစ်ပဲသောက်နေလိုက်တယ်။ ဒီရက်ပိုင်းတော့ နည်းနည်းသက်သာလာလို့ အားဆေးနဲ့မြှောင်နေရတယ်။ အော်ရာမင်း-ဂျီ သောက်နေတယ်လေ။ ညဖက်ဆိုရင်တော့ ပန်းဝတ်မှုန် အပူငြိမ်းဆေး၊ ကေသီပန်ဝမ်းပျော့ဆေး၊ အဆုတ်ပုံ ရင်ကျပ်ပျောက်ဆေးတို့ အဲဒါလေးတွေသောက်ပြီးအိပ်နေရတယ်ပေါ့။

ခြောက်လွှာတိုက်ခန်းပေါ်က အဆင်းအတက်လုပ်ရတာမောတယ်။ ရုံးကိုပေးရမယ့် သတင်းအကြွေးတွေထပ်နေပြီ။ နည်းနည်းလှုပ်ရှားတာနဲ့မူးနေတော့ ကိုယ့်ကိုယ်ကိုယ် မကျေနပ်ပြန်ဘူး။ ဒီလအတွက်လစာတော့ တော်တော်ဖြတ်ခံရမယ့်သဘောရှိတယ်။ အယ်ဒီတာမင်းတွေလည်း ငြိုငြင်နေလောက်ပြီ။ မြန်မြန်နေကောင်းပြီး သတင်းတွေပြန်လိုက်ရမယ်။ ဇက်ကြောတင်းနေတယ် (စောက်ကြောတင်းတာမဟုတ်ပါ)။ ၀တ္တုရှည်တစ်ပုဒ်ရေးချင်စိတ်ဝင်နေတယ်။ ကျနော်နေကောင်းပါစေ….။

ကမ္ဘာကြီးလည်းနေကောင်းပါစေ….။

လာမည့်ရွေးကောက်ပွဲကြီးလည်း နေကောင်းပါစေခင်ဗျား….။                ။

(မောင်ဥက္ကာ)

 
 
 
Follow

Get every new post delivered to your Inbox.