RSS

Category Archives: ဆောင်းပါး

ကံ့ကော်ရွာမှ ပန်းချီဝတ်ဆံများ

written by – ဥက္ကာကိုကို

““အခုလို ကံ့ကော်ပွင့်ချိန်ဆိုရင် စိတ်လှုပ်ရှားလာတာအမှန်ပဲ”” ဟု သူတို့ကပြောကြသည်။ သူတို့ဆိုသည်က ရန်ကုန်တက္ကသိုလ် ကျောင်းသားဟောင်းကြီးများလည်းဖြစ်၊ ပန်းချီဆရာ၊ပန်းချီရေးသူများလည်းဖြစ်ကြသော “ကံ့ကော်ရွာသား” တို့ပင်ဖြစ်သည်။ နှစ်စဉ် ဖော်ဖော်ဝါရီလ၊ မတ်လ နွေဦးသို့ရောက်ပြီးကံ့ကော်ဖူးများပွင့်လန်းတော့မည့် ကာလတွင် သူတို့တွေ ရင်ခုန်လာကြသည်။ လန်းဆန်းလာကြသည်။ ပျော်ရွှင်လာကြသည်။ အသက်အရွယ်အားဖြင့်ဆယ့်ရှစ်နှစ်သို့ပင် ပြန်ရောက် သွားကြသယောင် ခံစားတက်ကြွလာကြသည်။ ထို့နောက် ပြန့်ကျဲနေသော ကံ့ကော်ရွာသားတွေ ပြန်လည်စုစည်း ကြလေသည်။သူတို့လက်ထဲတွင်တော့ ပန်းချီကားချပ်ကိုယ်စီနှင့်ဖြစ်သည်။

“ံကံ့ကော်ရွာ” ဟုအမည်ပေးထားသည့် ပန်းချီပြပွဲကိုလောကနတ်ပန်းချီပြခန်းတွင် ဖေဖော်ဝါရီ ၂၂ ရက်မှ ၂၆ရက် အထိပြသခဲ့ သည်။ ယခုနှစ်သည် ကံ့ကော်ရွာပန်းချီမိသားစုလေး၏ ၂၂ကြိမ်မြောက် ပြပွဲဖြစ်သည်။ သူတို့ကိုယ် သူတို့ရာဇူးကျောင်းသား ဟုဂုဏ်ယူစွာပြောဆိုကြသောရန်ကုန်တက္ကသိုလ်ပင်မကျောင်းသားဟောင်းပန်းချီဆရာကြီးများ ၏ တက္ကသိုလ် ပြင်ပတွင် ပြသ သော ကံ့ကော်ရွာပန်းချီပြပွဲ၂၂ကြိမ်မြောက်လည်းဖြစ်သည်။ ကံ့ကော်ရွာ ပန်းချီပြပွဲများသည်ရန်ကုန်တက္ကသိုလ်အနုပညာ အသင်း၊
ပန်းချီခန်းမမှ စတင်ပေါက်ဖွားလာခြင်း ဖြစ်ပြီး ယခင်က ရန်ကုန်တက္ကသိုလ်ရှိ အာရ်စီဟုနာမည်ကျော်သည့် အပန်းဖြေရိပ်သာတွင် နှစ်စဉ်ပြသခဲ့ကြရာမှ ကျောင်းပြီးဆုံး၍ ကျောင်းဝင်းပြင်ပသို့ထွက်ခွာလာခဲ့ကြရသောကျောင်းသားပန်းချီဆရာများ၏ အမှတ်တရ လက်ဆင့်ကမ်း ရှင်သန်လာခဲ့သော ပြပွဲများဖြစ်သည်။

ပြင်ပတွင် ကံ့ကော်ရွာဟူသောအမည်ဖြင့် ကျောင်းသားများစတင်ပြသခဲ့ကြသည်မှာ ၁၉၇၉ ခုနှစ်တွင်ဖြစ်သည်။ ရာဇူး (ရန်ကုန်တက္ကသိုလ်ပင်မ)ပြင်ပ၌ပထမဆုံးပြသသည့်နေရာမှာ ပြည်လမ်းရှိ ဆေးတက္ကသိုလ်(၁)မှ လိပ်ခုံးခန်းမတွင် ဖြစ်ပြီး ရာဇူး အနီးအနားရှိ ယုဒဿန်ရိပ်သာတွင်လည်း ၁၉၉၅အထိ ပြသခဲ့ကြသည်။ နောက်ပိုင်းတွင်အကြောင်းကြောင်း ကြောင့် တက္ကသိုလ် အနီးတွင်ပြသရန်ခက်ခဲလာသောကြောင့် ရန်ကုန်မြို့တွင်းရှိလောကနတ်ပန်းချီပြခန်းသို့ ၂၀၀၀ ခုနှစ်မှ စတင်၍ ယနေ့အထိ ပြောင်းရွှေ့ပြသခဲ့ကြရသည်။
““ယဉ်ကျေးမှုတက္ကသိုလ်ပေါ်လာတယ်။ နောက်ပိုင်းမှာ ရာဇူးကအနုပညာအသင်းလည်းပျက်သွားတယ်။ ဒါပေမယ့် ကံ့ကော်ရွာ မိသားစုလေးကတော့ မပျက်သွားခဲ့ဘူး။ နှစ်စဉ်ကံ့ကော်ပွင့်ချိန်မှာ ကျင်းပမြဲပါပဲ””ဟု ပန်းချီ မျိုးမြင့်လေးကပြောသည်။
ယခုနှစ်တွင်လည်း အစဉ်အလာမပျက်စေရန် သူတို့တွေကြိုးစားအားထုတ်ထားကြသည်။ သူတို့၏ပန်းချီပညာကို စတင်မျိုးစေ့ချ သင်ကြားပေးခဲ့သည့် ပန်းချီဆရာကြီး ဦးလွန်းကြွယ်၊ ဦးသိန်းဟန်တို့နှင့် ဦးသုခ၊ ဦးနန်းဝေတို့၏ပန်းချီလက်ရာ များကိုလည်း ပူးတွဲပြသခဲ့သည်။

ယခုနှစ်ပြပွဲတွင်ပါဝင်ပြသခဲ့ကြသော ကံ့ကော်ရွာသားများမှာ…..ပန်းချီအောင်ကျော်မိုး၊ ဒါလီ၊ ဖော်မတ်၊ လှတိုး၊ ဌေးမြင့်၊ ဌေးဌေးမြင့်၊ ကြီးမြင့်စော၊ ခင်ဆွေဝင်း၊ ခင်မောင်ဗိုလ်၊ ကိုကိုနိုင်၊ ကြည်သာအေး၊ လမင်းအောင်ဇင်၊ လွန်းသစ်၊ မမွှေး၊ မိုးကျော်သူ၊ မြိုင်သန်းဦး၊မျိုးမြင့်လေး၊ မျိုးဝေ၊ ညီညီ၊ စံမင်း၊ စိုးနိုင်၊ သောင်းထွန်း၊ သပြေထွန်း၊ သည်ဝင်းနိုင်၊ တင်ဝင်း(ကံ့ကော်ရွာ)၊ တီးတို၊ တင်ဝင်းအောင်၊ ၀င်းဖေမြင့်၊ ဇော်လူဝင်း၊ ဇော်ဝင်းလှိုင်၊ ဇင်ဝေလတ်တို့ဖြစ်ကြသည်။ ကံကော်ရွာသားများမှာ အချိန်ကြာလာ သည်နှင့်အမျှတချို့ကပြည်ပသို့ရောက်ရှိသွားကြခြင်း၊ တချို့မှာ ကွယ်လွန်သွား ကြခြင်း၊ တချို့မှာ ပန်းချီလောကမှ ထွက်ခွာ သွားကြခြင်းတို့ကြောင့်လူအင်အားတဖြည်းဖြည်း လျော့နည်း လာခဲ့သည်။ ရွာသားများမှာလူတန်းစားပေါင်းစုံဖြစ်ပြီး အများစုမှာ
စားဝတ်နေရေးအတွက်ရုန်းကန်လှုပ်ရှားနေကြရသဖြင့် ကံ့ကော်ပွင့်ချိန်ရောက်မှ ပြပွဲအတွက်အချိန်မှီရေးဆွဲကြရသဖြင့်လက်ရာ ပိုင်းဆိုင်ရာအားနည်းမှုများရှိနေဆဲဖြစ်သည်ဟု သူတို့က ဆိုကြသည်။ ““ဒီပွဲတွေမှာ ပါဝင်ဖူးတဲ့သူတွေ ၈၀လောက်ရှိတယ်။ ဆုံးသွားတဲ့လူကတော့ ၁၅ယောက်လောက်ရှိပြီ။ ပရော်ဖက်ရှင် နယ်ပွဲတွေနဲ့တော့ နည်းနည်းကွဲမယ်။ တို့အထဲမှာ ပန်းချီနဲ့ အသက်မွေးတဲ့သူ သုံးပုံတစ်ပုံပဲပါတယ်။ပန်းချီဆွဲရင်းတခြားအလုပ် လုပ်တဲ့သူတွေပါတယ်။ ပွဲလုပ်ကာနီးမှဝါသနာ အလျောက် ၀င်ဆွဲတဲ့သူတွေပါတယ်””ဟု ကံ့ကော်ရွာသူကြီးဟောင်းတစ်ဦး ဖြစ်သော ပန်းချီမျိုးမြင့်လေးကပြောပြသည်။

ပန်းချီနည်းစနစ်များအနေဖြင့် ကိုယ်နှစ်သက်ရာကိုရွေးချယ်ရေးဆွဲပြသကြခြင်းကြောင့် ကံ့ကော်ရွာပြပွဲများမှာ ပုံစံမျိုးစုံ ဖြင့် ပန်းချီလက်ရာစုံလင်ကြသည်။ ယခုနှစ်တွင် ရေဆေး၊ ဆီဆေး၊ အခရိုင်းလစ်၊ ဓာတ်ပုံပန်းချီ၊ ပန်းပု၊ ဖယောင်း၊ ပရင့်စသော ရေးဆွဲနည်းအမျိုးမျိုးဖြင့် ကိုယ်နှစ်သက်ရာရေးဆွဲတင်ပြခဲ့ကြသည်ကိုတွေ့ရသည်။ ပန်းချီကားများမှာ အကြောင်းအရာ အမျိုးမျိုးဖြစ်သော်လည်း သူတို့ရောက်ရှိကျင်လည်ခဲ့၊ ပညာရင်နို့သောက်စို့ခဲ့သည့် ရန်ကုန်တက္ကသိုလ် (ပင်မ)နှင့် သက်ဆိုင်သော အကြောင်းအရာများကိုဦးစားပေးရေးဆွဲကြသည်ကိုလည်းတွေ့မြင်ရသည်။ ထို့ကြောင့် ကံ့ကော်ရွာပြပွဲများတွင် ကံ့ကော်၊ သစ်ပုပ်ပင်၊ အင်လျားကန်၊ ရွက်လှေများ၊ ဂျပ်ဆင်၊ ဘွဲ့နှင်းသဘင်ခန်းမ စသော ပန်းချီကားချပ်များကိုအမြဲမြင်တွေ့ကြရမည် ပင်ဖြစ်သည်။
““တချို့ကားတွေဆိုရင် ကျောင်းတုန်းကပဲဆွဲထားတာကိုအမှတ်တရအနေနဲ့ပြန်တင်ကြတယ်။ အသစ်တွေတော့ များပါတယ်”” ဟု
ကံ့ကော်ရွာသားပန်းချီဆရာတစ်ဦးကပြောသည်။

သူတို့အားလုံးက မိသားစုလိုပင်ဖြစ်နေကြပြီဖြစ်သည်။ နှစ်ပေါင်း ၃၀ ကျော်တွင် ပြပွဲပေါင်း ၂၂ပွဲပြသခဲ့သည့်တစ် လျှောက်တွင်
သူတို့၏သံယောဇဉ်တွေမြဲမြံခဲ့ကြသည်။
““ဆွေမျိုးတွေလိုပါပဲ။ ရင်ဘတ်ချင်းတူတဲ့အသိုင်းအ၀ိုင်းတွေတစ်နှစ်တစ်ကြိမ်ပြန်တွေ့ကြတာပေါ့။ မတွေ့ရရင် လည်း မနေနိုင် ဘူး””ဟု သူတို့ကပြုံးရယ်ရင်းပြောကြသည်။
ရန်ကုန်တက္ကသိုလ်ကြီးတွင် သူတို့ပညာသင်ကြားနေစဉ်ပထမနှစ်ကာလများမှာပင် တက္ကသိုလ်အနုပညာအသင်း၊ ပန်းချီဌာနစိတ်မှ ဦးစီးသင်ကြားသောပန်းချီသင်တန်းကို ၀ါသနာအလျှောက်တက်ရောက်ခဲ့ကြခြင်းဖြစ်သည်။ဆရာကြီး ဦးလွန်းကြွယ်နှင့် ဦးသိန်းဟန်တို့က အဓိကသင်ကြားပေးကြပြီးတစ်ခါတရံမှာတော့ ကွယ်လွန်သွားပြီးဖြစ်သော ဆရာကြီး ဦးသုခနှင့်ဦးနန်းဝေတို့က လာရောက်ပို့ချပေးကြောင်းသိရသည်။ပထမနှစ်ကျောင်းသားငယ်လေးများကို ကျောင်းသားကြီး များကလည်းကူညီပြသပေးကြ လေသည်။ သင်တန်းကို ကျောင်းဖွင့်စမှနေ၍ စနေ၊တနင်္ဂနွေနေ့တိုင်း ဖွင့်လှစ်သည် ဟုသိရသည်။

““၁၉၇၆ ခုနှစ်မှာ သင်တန်းက ၂၅နှစ်ပြည့်ငွေရတုဖြစ်နေပြီ။တော်တော်ကြာခဲ့ပြီပေါ့။ အဲဒီအချိန်ထိ ပထမနှစ် သင်တန်း တစ်ခုပဲရှိတယ်။ ၁၉၇၇လောက်ကစပြီး ဒုတိယနှစ်သင်တန်းဖြစ်လာတယ်။ ၁၉၈၁ခုနှစ်လောက်မှာတော့ တတိယနှစ်သင်တန်း ရှိလာတယ်။ နောက်ပိုင်းမှာပန်းချီဆရာကြီးမန္တလေးဦးတင်အေး သင်ပေးနေတယ်လို့ကြားရတယ်”” ဟုကံ့ကော်ရွာပန်းချီဆရာ တစ်ဦးကပြောပြသည်။

““အဲဒီတုန်းက အသက်တွေက ၁၉-၂၀ပတ်ဝန်းကျင်တွေ။ဝါသနာလေးနဲ့ပျော်ပြီးလုပ်ကြတာ။ ဆွဲတာတွေက လည်းတက္ကသိုလ်အနံ့ အသက်လေးတွေပေါ့။ ကံ့ကော်ပါမယ်။ ကျောင်းပတ်ဝန်းကျင်တွေပါမယ်။ အစ်ကိုတွေကလည်း ကူညီပေးကြပါတယ်”” ကျောင်းသူ ဟောင်းတစ်ဦးဖြစ်သော ကံ့ကော်ရွာသူဒေါ်သင်းသင်းမာကပြောသည်။
နှစ်စဉ်ကျောင်းမှရွေးကောက်တင်မြှောက်သော ပန်းချီဌာနစိတ်မှကြီးမှူး၍ အာရ်စီ(တက္ကသိုလ်အပန်းဖြေရိပ်သာ) တွင် သင်တန်းမှ ကျောင်းသားများနှင့် တခြားဝါသနာရှင်ကျောင်းသားများ စုစည်းပြီး ပန်းချီပြပွဲများကိုပြသကြလေ့ရှိ ကြောင်းသိရသည်။

တက္ကသိုလ်စာမေးပွဲများနီးချိန်တွင် သင်တန်းပိတ်ပြီးသင်တန်းဆင်းလက်မှတ်များပေးအပ်ကာ သင်တန်းဆင်း ပန်းချီပြပွဲကိုပါ တစ်ပါတည်းပြုလုပ်ကြခြင်းဖြစ်သည်။ ထိုစဉ်ကရန်ကုန်တက္ကသိုလ်အနုပညာအသင်းမှပြုလုပ်သော ပန်းချီပြပွဲများသည် အကြီး အကျယ် အောင်မြင်စည်ကား ခဲ့သည်ဟုသိရသည်။ ကျောင်းနှစ်ပတ်လည်ပြပွဲများစည်ကားရခြင်းမှာ ရာဇူးမှပန်းချီဝါသနာရှင် ကျောင်းသားများသာမကဘဲ ဆေး တက္ကသိုလ်၊ စီးပွားရေးတက္ကသိုလ်၊ ပညာရေးကောလိပ်တို့မှ ပန်းချီဝါသနာရှင် ကျောင်းသားများပါ လာရောက်ပူးပေါင်း ပါဝင်ပြသခဲ့ကြသောကြောင့်ဖြစ်သည်ဟုဆိုကြသည်။
““နှစ်ပတ်လည် ပန်းချီပြပွဲတွေတိုင်း ပထမနှစ်၊ ဒုတိယနှစ်၊ တတိယနှစ်နဲ့ တခြားကျောင်းကကျောင်းသားတွေပါ အကုန် ပါဝင်ပြသကြတာ။အာရ်စီဟောကြီးနဲ့အပြည့်ပဲ။ ပန်းချီကားတွေက ကားပေါင်း ၅၀၀ နဲ့ ၁၀၀၀ ကြားမှာရှိတယ်။ ပန်းချီကားတွေဆို ဟည်းထနေတာပဲ”” ဟု၁၉၇၇တွင်ကျောင်းပြီးခဲ့ပြီးနှစ်ပတ်လည်ပြပွဲခြောက်ပွဲခန့်ပါဝင်ပြသခဲ့ဖူးသော ပန်းချီဆရာမျိုးမြင့်လေးက အားပါးတရပြန်ပြောပြသည်။

သူတို့လုပ်ခဲ့ကြသော တက္ကသိုလ်ပြပွဲများသို့ ပြင်ပမှလူအများလည်းလာရောက်ကြည့်ရှုဝယ်ယူကြသည်ဟု သိရသည်။ ရန်ကုန်တက္ကသိုလ်အနုပညာအသင်းမှ ထွက်သွားကြသော ကျောင်းသားဟောင်းကြီးများထဲမှာ အောင်မြင်နေ ကြသူတွေ အများကြီးရှိကြသည်။ အထူးသဖြင့် လူရွှင်တော်များမှာ လူသိပိုများကြသည်။ ကံ့ကော်ရွာသို့ရောက်ရှိလာကြသော ပန်းချီဆရာ ကျောင်းသားဟောင်းများမှာ ကျောင်းဆင်းပြီးနောက်ပိုင်းတွင်မှ ပြန်လည်စုစည်းခဲ့ကြခြင်းဖြစ်သည်။ တချို့ကျောင်းသားဟောင်း ကြီးများက ထိုအချိန်မှာပြင်ပပန်းချီလောကကြီးအတွင်းသို့ တိုးဝင်နေကြပြီဖြစ်သည်။ ထိုစဉ်မှာပင် သူတို့နားခိုခဲ့သည့် ကျောင်း ပန်းချီခန်းမမှညီငယ်မောင်ငယ်မျိုးဆက်သစ်တို့အတွက် နေရာပေးရန်၊ပြင်ပပန်းချီလောကနှင့်ပေါင်းကူးပေးရန် ပန်းချီအဖွဲ့တစ်ဖွဲ့ လိုအပ်လာပြီဟု သူတို့တွေးမိလာကြသည်။

၁၉၇၉ ခုနှစ်၊ နှစ်ဆန်းပိုင်းမှာတော့ရန်ကုန်တက္ကသိုလ်ဝင်းအတွင်းလက်ဖက်ရည်ဆိုင်တစ်ဆိုင်မှာ ပြင်ပရောက် အနုပညာအသင်းမှ ပန်းချီဆရာကျောင်းသားဟောင်းများနှင့်ပန်းချီခန်းမသို့အသစ်ရောက်ရှိလာကြသည့် ဂျုနီယာ ကျောင်းသားလေးများ စိတ်အား ထက်သန် စွာ တစ်စုံတစ်ခုကို ဆွေးနွေးနေကြသည်။ငြင်းခုံသံများ၊ ထောက်ခံသံများ၊ တစ်ယောက်တစ်ပေါက်ပြောဆိုသံများ အဆုံးမှာတော့ သဘောတူညီချက် တစ်ခုကိုသူတို့ရရှိသွားကြပြီဖြစ်သည်။ စာရွက်လွတ်တစ်ရွက်တွင်အမည်နာမပေါင်း မြောက်မြားစွာကို ရေးခြစ်ထားကြရာမှ ဆရာခင်အောင်အေးရေးထား သောနာမည်တစ်ခုကို သူတို့အားလုံး ရင်ခုန်နှစ်သက်စွာ
အတည်ပြုလိုက်ကြတော့သည်။ ထိုနာမည်က ““ကံ့ကော်ရွာ”” ။

ကံ့ကော်ပင်ပေါင်းများစွာ ပေါက်ရောက်ရှင်သန်လျှက်ရှိသောအမိတက္ကသိုလ်ရင်ခွင်ကြီးကိုကိုယ်စားပြုစေရန် “ကံ့ကော်” ဟူသော စာလုံးနှင့် မြန်မာမိသားစုပုံစံ စည်းလုံးညီညွှတ်မှုရှိစေရန်အတွက်“ရွာ”ဟူသောစကားလုံးတို့ကို အဓိပ္ပယ်ရှိစွာပေါင်းစပ်၍ ကံ့ကော်ရွာ ဟူသည့်ကျောင်းသားဟောင်းပန်းချီသမားများ၏ အနုပညာလှုပ်ရှားမှုတစ်ရပ် ထိုသို့ဖြင့်ပေါ်ထွန်းခဲ့လေသည်။
““ကျောင်းထဲကနေ အပြင်ရောက်လာတဲ့လူတွေမှန်သမျှ စုစည်းမိတဲ့သဘောပါ။ ကျောင်းအပြင်ရောက်တော့ ကျောင်း ထဲပြန်ဝင်ပြီး ပြပွဲတွေပြဖို့ကအခက်အခဲရှိသွားပြီလေ။ အဲဒါနဲ့ အပြင်ရောက်တဲ့လူတွေနဲ့ စုပြဖို့ဆိုပြီး လုပ်ဖြစ်ကြတယ်”” ဟုပန်းချီဆရာ ခင်မောင်ဗိုလ်ကပြောသည်။

ကံ့ကော်ရွာအဖွဲ့မှပန်းချီဆရာ၊ ဆရာမများသည် သူတို့ကိုယ်သူတို့ရွာသူရွာသားများဟု ၀င့်ကြွားဂုဏ်ယူစွာ သုံးနှုန်းကြသည်။ သူတို့၏ ကံ့ကော်ရွာတွင် ရွာသူရွာသားပန်းချီဆရာများရှိသလို ရွာကိုအုပ်ချုပ်သည့် သူကြီးမင်း ဆိုတာလည်း ရှိနေသည် ကိုတွေ့ရသည်။ပန်းချီပြပွဲများပြုလုပ်သည့်နှစ်တိုင်း ပြပွဲကိုတာဝန်ခံရသည့်တာဝန်ခံတစ်ဦးကို ရွေးချယ်ကြပြီး သူ့ကို သူကြီးမင်း ဟုခေါ်ဝေါ်ကြသည်။ တာဝန်ကျသည့်သူကြီးအား ကျန်သူကြီးဟောင်းများနှင့် ရွာသား ပန်းချီဆရာများက ၀ိုင်းဝန်းကူညီကြရ သည့် ချစ်စဖွယ် အလေ့အထကိုသူတို့ကျေနပ်စွာကျင့်သုံးကြသည်။ ယခင်က ကံ့ကော်ရွာသူကြီးတာဝန်ကို ကျောင်းတုန်းက အတွင်းရေးမှူးဟောင်းများမှ အလှည့်ကျတာဝန်ယူခဲ့ကြသော်လည်း ၂၀၀၁ ခုနှစ်မှစတင်ကာ ရွာသူရွာသားများထဲမှ စီနီယာ ကျသူများကိုအလှည့်ကျသူကြီးအဖြစ်တာဝန်ယူစေခဲ့ကြကြောင်း သိရသည်။

ပန်းချီပြပွဲများကိုလည်း ငွေကြေးတတ်နိုင်သည့်ရွာသားကတတ်နိုင်သလောက်ပိုထည့်ပြီး မတတ်နိုင်သူကို လျှော့ပေါ့ ထည့်စေကာ ပြည်ပရောက်ရွာသားများ၏ ပံ့ပိုးပေးမှုများဖြင့် ရုန်းကန်နေကြရသည်ဟုသိရသည်။ ကံ့ကော်ရွာကျောင်းသားဟောင်းကြီးများတွင် အသက်အကြီးဆုံးကျောင်းသားမှာ အသက် ၇၀နှစ်ဝန်းကျင်ရှိနေပြီ ဖြစ်ပြီး အငယ်ဆုံးကျောင်းသားမှာ အသက် ၄၀ နှစ်ခန့်ရှိနေကြပြီဖြစ်သည်။ပြည်ပထွက်ခွာကြသူများ၊ ကွယ်လွန်သွားကြသူများ။အဆက်အသွယ်ပြတ်တောက်သွားကြသူများဖြင့် ကံ့ကော်ရွာကလေးသည် တဖြည်းဖြည်းနှင့် တိတ်ဆိတ်မယောင်ဖြစ်လာနေသည်။ ထို့ကြောင့် ရွာကလေးဆက်လက်ရှင်သန်နိုင်ရန် အတွက် ရွာသားများကိုထပ်မံမွေးထုတ်ရန်လိုအပ်လာပြီဖြစ်ကြောင်း သူတို့သတိထားမိကြသည်။
ထို့အတွက် ကံ့ကော်ရွာမိသားစုဝင်များထဲမှ ပန်းချီဝါသနာပါသော သားသမီးများ၊ ရန်ကုန်တက္ကသိုလ် ပန်းချီခန်းမ တွင် သင်တန်းမတက်ဖူးသော်လည်းဝါသနာပါသူကျောင်းသားဟောင်းများကို စိစစ်ရွေးချယ်၍ တစ်နှစ်လျှင် နှစ်ဦး၊ သုံးဦးခန့် ပြသစေခဲ့သည်။ လက်ရှိယဉ်ကျေးမှုတက္ကသိုလ်မှပန်းချီကျောင်းသားကျောင်းသူများကိုလည်းနှစ်စဉ်ရွေးချယ် ခေါ်ယူသွားရန် ဆောင်ရွက်ကြသည်။

၂၀၀၇ခုနှစ် ဖေဖော်ဝါရီလ ကံ့ကော်ပွင့်ချိန်က၁၇ကြိမ်မြောက်ကံ့ကော်ရွာပန်းချီပြပွဲကို သုဝဏ္ဏဘူမိ ဂယ်လာရီ ၏စီစဉ်မှုဖြင့် ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင်တစ်ကြိမ်သွားရောက်ပြသခဲ့ကြပြီးဖြစ်ကြောင်း သိရသည်။ကံ့ကော်ရွာ၏ပန်းချီပြပွဲ နောက်ဆုံးပိတ်ပွဲတွင်
ရောင်စုံဝေဒနာအမည်ရှိကဗျာစာအုပ်ကိုလည်းအမှတ်တရထုတ်ဝေလေ့ရှိကြောင်းသိရသည်။ရန်ကုန်ဝိဇ္ဇာနှင့်သိပံ္ပတက္ကသိုလ်အနုပညာ အသင်း ပန်းချီခန်းမသမိုင်းကိုစာအုပ်တစ်အုပ်ပြည့်စုံစွာပြုစုထုတ်ဝေနိုင်ရန် လည်း သူတို့ကြိုးစားနေကြသည်ဟုသိရသည်။

နောက်လာမည့် ၂၀၁၄ ခုနှစ်တွင် ကံ့ကော်ရွာပန်းချီပြပွဲများသည်၂၅နှစ်ပြည့်ငွေရတုတိုင်တော့မည်ဖြစ်သည်။ ငွေရတုပွဲကို ကံ့ကော်ရွာသူရွာသားများ ရင်ခုန်ငံ့လင့်နေကြသည်။သူတို့အားလုံးတညီတညာတည်း ဆန္ဒရှိနေကြသည်က သူတို့၏ ဘူမိနက်သန် နယ်မြေဖြစ်သော ရာဇူး(ခေါ်) ရန်ကုန်တက္ကသိုလ်ပင်မတွင် ကံ့ကော်ရွာ၏၂၅နှစ်ပြည့်ငွေရတုပန်းချီပြပွဲလေးကို ကျင်းပပြုလုပ်ချင် ကြခြင်းဖြစ်သည်။

““တက္ကသိုလ်ထဲမှာမဟုတ်ရင်တော့ တက္ကသိုလ်နဲ့ အနီးဆုံးနေရာမှာပြပွဲလုပ်လို့ရအောင်ကြိုးစားနေကြပါတယ်”” ဟု ၁၉၇၄ခုနှစ်က ကျောင်းပြီးခဲ့ပြီး ယခုနှစ်ကံ့ကော်ရွာ၏ သူကြီးဖြစ်သူပန်းချီဦးစံမင်းက ၂၀၁၄ခုနှစ်ကံ့ကော်ပွင့်ချိန်ကို ယခုပင်မြင်ယောင် မျှော်လင့် နေဟန်ဖြင့် ပြောလေသည်။ ။

ကံ့ကော်ရွာသားပန်းချီဆရာတချို့

ကံ့ကော်ရွာပန်းချီပြပွဲမြင်ကွင်း

ရန်ကုန်တက္ကသိုလ်ညရှုခင်းပန်းချီတစ်ကား

 

Tags:

မျက်နှာဖုံးတပ်ပြီးအော်သလား

Online ယဉ်ကျေးမှု့က ပေါ်ပေါက်လာတော့ လူစုံ အရွယ်စုံပဲ Online ပေါ်ရောက်လာတာ မဆန်းပါဘူး။ Online ဘလောဂ့် တွေ မှာ ကိုယ်သန်ရာ ၊ သန်ရာ ၊ ရေးသားကြတယ်။ အဲဒီလို သန်ရာ သန်ရာ ရေးသားကြတဲ့ အခါမှာ အထူးသဖြင့်ကတော့ အနုပညာ ၀ါသနာပါတဲ့ လူငယ်တွေက သူတို့ လက်လှမ်းမှီတဲ့ နည်းပညာ အကူအညီနဲ့ တစ်ခြားသော Online က အနုပညာ ၀ါသနာပါသူချင်းကို ကိုယ်ဖန်တီး ထုတ်လုပ် ထားတဲ့ ပန်းချီ။ ဒီဇိုင်း၊ ကဗျာ ၊ ၀ထ္ထု စသည်ကို ဝေမျှပြီး ဖတ်ကြည့်ပါဦး သဘောမျိုးနဲ့ စာတင်ကြတာပါပဲ။ “ငါတော့ ဒါလေး လုပ်ထားတယ် မင်းဖတ်ကြည့်ပေးပါဦး” ဖတ်ပြီးတဲ့ လူကလည်း ကောင်းရင် ကောင်းတယ်။ မကောင်းရင် မကောင်းဘူး။ ဝေဖန်သွားတာပါပဲ။ လူချင်းခင်မင်မှု့အရ တစ်ချို့ကလည်း ဘာရေးရေး ကောင်းတယ် ပြောတာလည်း ရှိတာပါပဲ။

အစပိုင်းမှာ ဒီလိုမျိုး သူငယ်ချင်းအချင်းချင်း ဝေမျှပြီး ကိုယ့်ဖန်တီးမှု့တွေကို ခံစားစေရာကနေ..။ တစ်ယောက်စကား တစ်ယောက်နားနဲ့ အချင်းချင်း forward ပေး၊ စကားကမ်းလှမ်းချိတ်ဆက်ပြီး ဒီနယ်ပယ်က ကျယ်ဝန်းလာကြတာ အခုအချိန်ထိပဲ။ မြန်မာနိုင်ငံမှာ Social Networking Website ပေါင်း များစွာရှိတယ်။ ဒီထဲကမှ နာမည်ကြီး Website တွေက သုံးလေးငါးခု သာသာပဲရှိတယ်။ ဒါပေမယ့် အဲ့ဒီ Site တွေထဲမှာ ရှိတဲ့ အဖွဲ့ဝင်(Member) ပေါင်းကတော့ နည်းနည်းနောနောမဟုတ်ဘူး။ Site တစ်ခုကို ထောင်သောင်းချီပြီး အဖွဲ့ဝင် တွေရှိတယ်။ အဲဒီထဲကမှ အခု Online လောကမှာ နာမည်ကြီးနေတဲ့ ကဗျာဆရာလေးတွေက ကိုယ်ပိုင် ၀က်ဘ် ဘလောဂ့် တွေ ခေတ်မစားခင်က Web Forum တွေ မှာ အဖွဲ့ဝင်ပြီး ကိုယ်ပိုင်စာမျက်နှာလေးတွေ ယူပြီး ကဗျာတွေ ၊ ၀ထ္ထုတွေ ရေးခဲ့ကြတာပဲဖြစ်တယ်။ ဒီကနေ မြန်မာ့ Web Blog တွေ တစ်ခေတ်ဆန်းလာတော့ ကိုယ်ပိုင် ဘလောဂ့် တွေ ဖန်တီးပြီး ကိုယ့် ဘလောဂ့် မှာ ကိုယ်ရေးခဲ့ကြတယ်။ တစ်ဖက်ကလည်း နည်းပညာ သမားတွေက မြန်မာလိုရေးလို့ အဆင်ပြေအောင်လို့ မြန်မာစာလုံးတွေကို တီထွင်ပြီး ဘလောဂ့် ရေးသားခြင်းကို ပိုပိုထွန်းကားလာစေခဲ့တယ်။ အခုလောလောဆယ် Facebook ဆိုတဲ့ Socal Networking Website ပေါ်လာတော့ မြန်မာ လူငယ်အများစုက Facebook မှာ ၀င်ရောက်ပြီး ကိုယ်ပိုင် စာမျက်နှာကို ယူပြီး စာတွေရေးသားကြပြန်တယ်။

Online မှာ ရေးသားကြတာက စုံတယ်။ ဟင်းချက်နည်းကအစ အနုပညာအလယ် နည်းပညာ အဆုံး ကြိုက်တာကို ရေးသားမျှဝေကြတယ်။ တစ်ယောက်နဲ့ တစ်ယောက် စည်းစည်းလုံးလုံးရှိကြတယ်။ တစ်ယောက် မသိတာကို တစ်ယောက်ကနည်းပေးလမ်းပြကြတယ်…။ သင်ပြပေးစရာရှိတာ Online ကနေပဲ သင်ပြပေးကြတယ်…။ ဒီလို Online မှာတင်မက အပြင်ကမ္ဘာမှာ တွေ့ဆုံကြတော့လည်း ချစ်ခင်မှု့တွေက ပြောလို့မကုန် ၊ ရင်းနှီးမှု့တွေက ပြောလို့မကုန်ဘူး။ ဒီလို Social Networking Websites တွေက နေ ရင်းနှီးမှု့ရ ပြီး အပြင်ကမ္ဘာမှာ စီးပွားရေးလုပ်ငန်းတွေ အတူတူလုပ်နေတဲ့ လုပ်ငန်းတွေတောင် ဟောဒီ ရန်ကုန်မြို့မှာ ရှိတယ်ဆိုတာ မယုံမရှိပါနဲ့။ ထားတော့ ဒါက စီးပွားရေးကိစ္စ။

အနုပညာကိစ္စမှာလည်း Online က ကဗျာတွေက ဘာဖြစ်တယ် ညာဖြစ်တယ် ဆိုတာ ကြားကြားနေရတယ်…။ ပွင့်ပွင့်လင်းလင်းပြောရရင် အဆင့်မရှိတဲ့ ကဗျာတွေ Read the rest of this entry »

 
2 Comments

Posted by on February 9, 2011 in ဆောင်းပါး

 

Tags:

ရုပ်ပြောင်များနှင့်ပျော်သောပန်းချီ

ဥက္ကာကိုကို

ရုပ်ပုံများက ရယ်နေကြသည်။ ရယ်နေသော ရုပ်ပုံများကြားမှာ ရယ်နေသော ပန်းချီဆရာရှိနေသည်။ ပန်းချီဆရာရဲ့ ရုပ်ပုံတွေက ရုပ်ပြောင်တွေဖြစ်သည်။ ရုပ်ပြောင်တွေက ရယ်မောနေသော ရုပ်ပြောင်များ ဖြစ်သောကြောင့် မြင်လိုက်သည်နှင့် အပျော်စိတ် ကလေးကို ဖြစ်ပေါ်စေသည်။

ရုပ်ပြောင်များကို ဖန်တီးသူက ပန်းချီသိန်းထွန်းဦး ဖြစ်သည်။ ““ရယ်သောသူများ”” ဟု အမည်ပေးထား သော သူရဲ့ ရုပ်ပြောင်ပန်းချီ(Caracitura)ပြပွဲလေးကို ယခု ၂၁ ရက်မှ ၂၅ ရက်အထိ၊ ရန်ကုန်မြို့ ပန်းဆိုးတန်းရှိ ပန်းဆိုး တန်းဂယ်လာရီတွင် ပြသခဲ့ခြင်းဖြစ်သည်။

““ရုပ်ပြောင်ပွဲကို ပြချင်နေတာကြာပြီ။ ရယ်ရတဲ့ပုံတွေကို ရေးချင်တာ ကြောင့်ပါ”” ဟု သူကပြောသည်။ ပြပွဲတွင်ပြသထ

ား သော ရုပ်ပြောင်ပန်းချီကားများကို ပုံမှန် ပန်းချီကားချပ် အရွယ်အစားအတိုင်း ရေဆေးဖြင့် ကျနစွာရေးဆွဲထားခြင်းဖြစ်သည်။ ယခုကဲ့သို့ ရုပ်ပြောင်များကို ပန်းချီကားကဲ့သို့ သေချာစွာရေးဆွဲ၍ တစ်ကိုယ် တော်ပြသသည် မှာ မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ်ဖြစ်ကြောင်း သိရသည်။

““တချို့က ကယ်ရီကေးချာကို ရုပ်ဖျက်တာလို့ မြင်တယ်။ အမှန်တော့ ရုပ်ဖျက်တာမဟုတ်ပါဘူး။ သူ့အချိုးနဲ့ သူရှိပါတယ်”” ဟု ပန်းချီသိန်းထွန်းဦးက ဆိုသည်။

ကယ်ရီကေးချာမှာ ပုံတူရေးဆွဲခြင်းနှင့် မတူဘဲ လူများကို သရော်ခြင်းနှင့် ပျော်ရွှင်စေရန် အဓိကအားထုတ်ရကာ……………..

ရုပ်လည်းတူမှ ပုံလည်းရယ်ရပါမှ လက်ရာ မြောက်ကြောင်း သိရသည်။ 

““ဒါက ပန်းချီနဲ့ မတူဘူး။ ပန်းချီကရသပါအောင် ဆွဲရတော့ လွတ်လပ်တယ်။ ဒါက ရယ်ရအောင် တူအောင်ဆွဲရတော့ နည်းနည်း ပင်ပန်း တယ်”” ဟု သူက ပြောပြသည်။မြန်မာနိုင်ငံတွင် ပြသသော ပန်းချီပြပွဲများနက် ကယ်ရီကေး ချားခေါ် ရုပ်ပြောင်ပန်းချီပြပွဲမှာ အလွန်နည်းပါးနေသေးသည်။ ကယ်ရီကေးချား လိုင်းကိုရေးဆွဲသူများရှိသော်လည်း တကယ်တမ်းရေတွက်ကြည့်ပါက ဆယ်ဦး ပင်မပြည့်ကြောင်း သိရသည်။

ကယ်ရီကေးချား ပန်းချီများကို ရုပ်ဖျက်ခြင်းဟု အထင်လွဲမှုများ၊ နားမလည်မှုများ ရှိနေသေးသကဲ့သို့ ဈေးကွက် လည်း သိပ်မရှိဟု သိရသည်။ ထိုသို့ အခြေအနေများကြားမှ မရောင်းရမှန်းသိရက်နဲ့ပင် လုပ်ချင်စိတ် တစ်ခု တည်းနှင့် ယခုလို တစ်ကိုယ်တော် ရုပ်ပြောင်ပန်းချီပြပွဲကို ကိုသိန်းထွန်းဦးက ပြုလုပ်ခဲ့တာဖြစ်သည်။

ဒီပွဲက သူ့အနေနဲ့ ပထမအကြိမ် တစ်ကိုယ် တော်ပြပွဲဖြစ်သော်လည်း တခြားသူများနှင့် တွဲဖက်၍ ပန်းချီပြပွဲ ခြောက်ပွဲ ပြသဖူးသည်။ ကာတွန်းနှင့် ကယ်ရီကေးချားပြပွဲ လေးပွဲတွင်လည်း ပါဝင်ခဲ့ ဖူးပြီး ၂၀၀၄ ခုနှစ်တွင် ပြုလုပ် သော အောက်စီဂျင် (၁)နှင့် ၂၀၀၅ ခုနှစ်တွင် ပြုလုပ်သော အောက်စီဂျင် (၂)ပွဲများတွင် သူ့ လက်ရာ ကယ်ရီကေးချား ပန်းချီ များကို စတင်ပြသခဲ့သည်။

ကိုသိန်းထွန်းဦးက ဘိုကလေး သားဖြစ်သည်။ ယဉ်ကျေးမှုတက္က သိုလ်(ရန်ကုန်) မှ ၁၉၉၈ ခုနှစ် တွင် ဘွဲ့ယူခဲ့ပြီး ယခုအချိန်တွင် အသက် ၃၃ နှစ်သာရှိသေးကာ အိမ်ထောင်ရှင်တစ်ဦးလည်း ဖြစ် သည်။ ကယ်ရီ ကေးချားရုပ်ပြောင်ပန်းချီကို တက္ကသိုလ် ဒုတိယနှစ် ၁၉၉၅ ခုနှစ်ကတည်းကပင် ရေး ဆွဲခဲ့ပြီး ကာတွန်းသိန်းထွန်းဦး အမည်ဖြင့် ကာတွန်းများလည်း ရေးဆွဲနေသူဖြစ်သည်။

သူ့ကယ်ရီကေးချား၊ ကာတွန်း၊ သရုပ်ဖော်ပုံများကို Forever  အားကစားဂျာနယ်၊ မြန်မာတိုင်းမ်ဂျာနယ် နှင့် တခြားမဂ္ဂဇင်း ဂျာနယ်များတွင် ရေးဆွဲပေးခဲ့ဖူး ပြီး၊ Grand Royal ၀ီစကီအတွက်လည်း ကြော်ငြာရုပ်ပြောင် ရေးဆွဲပေး ဖူး ကြောင်းသိရသည်။ ကုန်သည်ကြီးများ ဟိုတယ်ရှိ ပန်းချီပြခန်းတွင်လည်း ရုပ်ပြောင်ပုံ ၁၅၀ ကျော်ဆွဲဖြစ်ခဲ့ပြီး သံအမတ်များ၊ ကုလသမဂ္ဂ ကိုယ်စားလှယ်များကို ရုပ်ပြောင်ရေးဆွဲပေးခဲ့သေးသည်။ သံရုံးပွဲ၊ ပါတီ ပွဲ၊ မွေးနေ့ပွဲများတွင် ““၅ မိနစ်ရုပ်ပြောင်”” များကို သွားရောက်ရေး ဆွဲရသူလည်းဖြစ်သည်။

““မင်္ဂလာဆောင် လက်ဖွဲ့အတွက်ဒီဇိုင်းတွေအပ်ကြတယ်။ နိုင်ငံခြားပြန်မယ့် သူတွေလက်ဆောင်ပေးချင် သူတွေ အပ်တယ်။ ဟိုတယ်တွေက လူဝင်အောင် ရုပ်ပြောင်တွေ ချိတ်ဖို့အပ်ကြတယ်”” ဟု သူက ရေးဆွဲရမှု တချို့ ကိုရှင်း ပြသည်။

တချို့သူများက သူတို့ပုံအား  ရုပ်ပြောင်လွန်းသွားလျှင် မကြိုက် ကြသောကြောင့် ချစ်စရာကောင်း အောင်၊ ကာတွန်းဆန်သော ရေးဆွဲပေးရတာမျိုးလည်းရှိကြောင်း သိရသည်။  ““တစ်ခါတလေ အဖေက သမီးမွေးနေ့အတွက် ရုပ်ပြောင်အပ်တယ်။ ဆွဲပြီးတဲ့ အခါကျမှ သမီးက မကြိုက်တာမျိုးလည်း ကြုံ ရပါတယ်”” ဟု သူက ရယ်မောရင်းပြောလာသည်။ ထိုကြောင့်  ““ခပ်ပြင်းပြင်း လား၊ ကာတွန်းလိုလား၊ ချစ်စရာကောင်းအောင်လား”” ဟု ကြိုတင်မေးပြီးမှ ရေးဆွဲပေးသဖြင့် ပြန်ပြင်ရသည့်ပုံများ မရှိခဲ့ကြောင်း သိရသည်။

စုပေါင်းကာတွန်း ပေါင်းချုပ် ၆ အုပ်ခန့်တွင် ကာတွန်းသိန်းထွန်းဦး အမည်ဖြင့် သူကပါဝင်ခဲ့ သည်။ ကယ်ရီကေးချား နှင့်ပတ် သက်သော ဟာသစာအုပ်လေး တစ်အုပ်ထုတ်ရန် ဆန္ဒရှိကြောင်း လည်း သူ့စိတ်ကူးကို ပြောပြသည်။

သူကငယ်ငယ်ကတည်းက ကာတွန်းပုံတွေကူးဆွဲခြင်းဖြင့် ၀ါသနာကိုပျိုးထောင်ခဲ့သူဖြစ် သည်။  ကျောင်းပန်းချီပြပွဲ တွေ ၀င်ပြိုင်သည်။ လူပုံတွေကြည့်ဆွဲလေ့ကျင့်သည်။

““ငါးတန်းကျောင်းသား လောက်တုန်းက ဗိုလ်ချုပ်ပုံတို့၊ ရှင်ဥပဂုတ္တပုံ၊ ဘုရားပုံတို့ကို ဘောလ်ပင်လေးနဲ့ ဆွဲပြီး သူငယ်ချင်းတွေကိုငါးကျပ်နဲ့ ပြန်ရောင်း စားတာ”” ဟု သူငယ်စဉ်ကအ ကြောင်းလေး ကို ပြုံး၍ပြောသည်။  ကယ်ရီကေးချားပညာကို စတင် လေ့လာစဉ်က တိုင်းမ်မဂ္ဂဇင်းနှင့် အခြားသော  နိုင်ငံခြား စာအုပ်များ မှ ပုံများကို ကူးဆွဲ လေ့ကျင့်ခဲ့ရသည်ဟု သူကပြောသည်။ ကယ်ရီကေးချား ရုပ်ပြောင် ရေးဆွဲရခြင်းနှင့် ပတ်သက်၍ အဆွဲခံရ သူ ရော၊ ကိုယ်တိုင်ပါ ပျော်ရသည့်အတွက် ကျေနပ်ပါကြောင်း သူကဆိုသည်။ လူတွေ မှာ တစ်ယောက်တစ်မျိုး ထူးခြား ချက်လေး တွေ ရှိတတ်ကြသော ကြောင့် လူတိုင်းနီးပါးကို ရုပ်ပြောင် ရေးဆွဲချင်သော ဆန္ဒကသူ့မှာရှိသည်။

““လူတစ်ယောက်ကို ကြည့်လိုက်တာနဲ့ မျက်စိထဲမှာ ရုပ်ပြောင်လို့မြင်မိတယ်။ တော်တော်များများကို မြင်မိတာက များတယ်”” ဟု သူကပြောသည်။ ““သူများတွေတော့ ဘယ်လိုတွေးလဲ မသိဘူး။ ကယ်ရီကေးချား ဆွဲတဲ့သူဟာ ခန္ဓာဗေဒကို ကျွမ်းကျင်ရမယ်။ နည်းနည်းတော့ သိရမယ်ပေါ့။ လူတစ်ယောက်ရဲ့ ထူးခြားချက် ကလေးကို အမွှန်းတင်ပြီး ဆွဲပေးရတာပါ”” ဟု သူက ဆက်ပြောသည်။

““ရယ်သောသူများ”” ရုပ်ပြောင်ပြပွဲတွင် ပန်းချီဝသုန်၊ ကာတွန်းတာရာ၊ ကာတွန်းစိုးသော်တာ၊ ချစ်သုဝေ၊ ဒေးဗစ်ဘက်ခမ်း၊ အိုဘားမား၊ မစ္စတာဘင်းစသော လူပုဂ္ဂိုလ်များနှင့် သူ၏ ရင်းနှီး သော သူငယ်ချင်းများ၏ ရယ်မောနေသော မူရင်းပုံများကို ရုပ်ပြောင်ပန်းချီအဖြစ် ရေးဆွဲပြသခဲ့သည်။ ရုပ်ပုံများမှာ ၁၅ လက်မx ၂၀ လက်မ အရွယ်အစားများဖြစ်ပြီး ရေဆေးဖြင့် ရေးဆွဲထားကာ ပြပွဲအတွက် ပန်းချီကား ၂၀ အား နှစ် လအချိန်ယူခဲ့သည်ဟု သိရသည်။

ကယ်ရီကေးချားပြပွဲများ နည်းပါးသော်လည်း သေချာစွာ လေ့ကျင့်၊ လေ့လာနိုင်သူများရှိလျှင်တော့ ကျယ်ပြန့်လာ လိမ့်မည် ဟု သူတွေးထင်မိကြောင်း သိရ သည်။

““ကိုယ်ဝါသနာပါတာတော့ တောက်လျှောက် လုပ်သွား မှာပဲ။ တစ်နှစ်တစ်ပွဲ ပြကိုပြမှာပါ။ နောက်နှစ် ဒီထက်ကဏ္ဍစုံလာမှာပါ””  ဟု သူ့ရဲ့ ရည်မှန်းချက်ကိုလည်း ခိုင်မာစွာပြောလာသည်။ ကိုသိန်းထွန်းဦးက ပရဟိတ လုပ်ငန်းများကိုလည်း ဦးဆောင် သူဖြစ်သည်။ Children Future အမည်ဖြင့် သူငယ်ချင်းမိတ်ဆွေ များကို စုစည်းကာ မိဘမဲ့ဂေဟာများ၊ ကျောင်းများတွင် သွားရောက်၍ ပွဲလေးများလုပ်ဖြစ်သည်မှာ လေးနှစ်ပြည့်တော့မည် ဟုသိရသည်။

ကယ်ရီကေးချားနှင့်ပတ်သက်ပြီး သူ့မှာ စိတ်ကူးတွေ အများကြီးရှိသည်။ တိုင်းရင်းသားများ၏ ချစ်စဖွယ် ပုံစံများကို ရုပ်ပြောင်ဆွဲမည်။ လူတင်မက တိရစ္ဆာန်များ တွင်လည်း ရယ်မောစရာအကွက်များ ရှိသောကြောင့် တိရစ္ဆာန်ရုပ်ပြောင်များ လည်း ဆွဲမည်။ ၀ါသနာပါသော အောက်ဒိုးရေးခြင်းကိုလည်း မပြတ်လုပ်နေမည်။ ကယ်ရီကေးချားပန်းချီကို နေရာအနှံ့က နားလည်ကြစေရန် နယ်လှည့်၍ လိုက်ဆွဲမည် ဟု လည်း သူစိတ်ကူးသည်။

ဖြစ်နိုင်လျှင်သူက ကယ်ရီကေးချားပုံတူ များဆွဲပြီး လူတွေကို သူတို့၏ ဧည့်ခန်းတွင် ချိတ်ဆွဲထားစေချင်သည်။ ““လူတွေက ကိုယ့်ရဲ့ အတည် အခန့်ပုံတွေပဲ သိမ်းထားကြတာ များတယ်။ ကိုယ့်ရဲ့ရယ်စရာပုံတွေ ကို သေသာသွားတယ်။ မမြင်သွား ကြဘူး”” ဟု သူက ထင်မြင်ထား သည်။ သူ့အား ကယ်ရီကေးချား ရေးဆွဲပေးရန် ယခင်က နိုင်ငံခြားသားအများစု သာ ပုံအပ်များခဲ့ရာမှ ယခုနောက်ပိုင်းတွင် မြန်မာများပါ အပ်လာကြကြောင်း သိရသည်။

““ဒီပွဲမှာလည်း မြန်မာတစ်ယောက်က သူ့ဧည့်ခန်းမှာထားဖို့ ပုံကြီးတစ်ပုံအပ်သွားတယ်။ ဒီလို ပုံလေး တွေ အိမ်မှာ ရှိရင်တော့လာ တဲ့ဧည့်သည်တွေလည်း ကြည့်ပြီး ပျော်တာပေါ့”” ဟု သူကဆိုသည်။

ယခုပြုလုပ်ခဲ့သည့် ““ရယ်သောသူများ”” ရုပ်ပြောင်ပန်းချီပွဲလေးအား တော်တော်များများ လက်ခံကြသည်ဟု သူက ယူဆထားသည်။ ထို့အတွက်လည်း ကိုသိန်းထွန်းဦးက ပျော်သည်။

““ပျော်စရာတော့ ကောင်း ပါတယ်”” ဟု သူက ပျော်ရွှင်စွာ ပြော လေသည်။

7 DayNews ဂျာနယ်၊ အတွဲ(9)၊ အမှတ်(32)။

 
Leave a comment

Posted by on October 28, 2010 in ဆောင်းပါး

 

ယနေ့လူငယ်နှင့်စာပေအနာဂတ်

““ဦးရွှေအောင်တဲ့ … တစ် ခါမှ မကြားဖူးဘူး””
စာပေလောက စာအုပ်ဆိုင် တစ်ဆိုင်အတွင်း စာအုပ်ရွေးနေ သောကောင်မလေးတစ်ဦးကစင်ပေါ်ရှိ စာအုပ်တစ်အုပ်မှ အမည် ကြည့်ကာ
အဖော်ကောင်မလေးကို ပြောလိုက်ခြင်းဖြစ်သည်။ ဘေးမှ အဖော်ကောင်မလေးကလည်းအားကျမခံပြန်ပြောလိုက်သည်။
““စာရေးဆရာ အသစ်နေမှာ ပေါ့””ဟု။
တကယ်တော့ ဦးရွှေအောင် မှာ ဘာသာရေးစာပေများရေးသား ခဲ့သောစာရေးဆရာကြီးတစ်ဦးဖြစ် သည်။ အဆိုပါဖြစ်ရပ်လေးများ စာ အုပ်ဝယ်ရန်သွားစဉ်
မြင်တွေ့ခဲ့ရ ခြင်းဖြစ်ကြောင်း သတင်းထောက် တစ်ဦးက ပြောသည်။တိုးတက်လာသည့်နည်းပညာ ခေတ်ကြီးတွင် တချို့သော လူငယ် များက
စာအုပ်စာပေအပေါ် အာရုံ စိုက်မှုသိသာစွာ လျော့ပါးလာနေ သည်ဟုစာပေအသိုင်းအ၀ိုင်းမှစာ ရေးသူများက ပြောကြသည်။
““တခြား ဖျော်ဖြေမှုတွေများ လာတာရယ်၊ စားဝတ်နေရေး အ တွက်
အချိန်ပေးရတော့စာပေဖက် ကို အချိန်မပေးနိုင်ကြတာလည်း ပါတယ်။ ဗီဒီယိုတို့၊ကက်ဆက်တို့၊ အင်တာနက်တို့လို တခြားဖျော်ဖြေ ရေးနဲ့ နည်းပညာတွေ အရမ်းများ
လာတော့ ခံစားမှုဖြစ်တဲ့စာပေတွေ အရမ်းကျသွားတယ်။ တချို့လူငယ်တွေကျတော့လည်း ဘ၀တွေက မ အားဘူးလေ။ ကိုယ့်ဝါသနာကိုပဲ ကြားထဲမှာဖြတ်ယူကြရတယ်””ဟု စာရေးဆရာ၊ ဇာတ်ညွှန်းရေးဆရာ ချမ်းမင်းအိမ် က ပြောသည်။
ယခင်ခေတ်က ဗဟုသုတရှာ မှီးချင်ပါက စာအုပ်စာပေထဲတွင် ရှာကြရပြီး၊ယခုခေတ်တွင် ပုံနှိပ် စာပေတစ်ခုတည်းတွင်မကဘဲနည်း
ပညာသစ်များကိုအသုံးပြုပြီး ဗဟု သုတရှာဖွေ၍ရလာသည့်အတွက် ပုံနှိပ်စာပေမှာယှဉ်ပြိုင်မှုများနှင့် ကြုံတွေ့နေရပြီဟု ဆိုကြသည်။လူငယ်များအနေဖြင့်လည်း နည်းပညာဆိုင်ရာစာအုပ်များ၊ ဘာသာစကားဆိုင်ရာစာအုပ်များကိုသာ ဦးစားပေး ရွေးချယ်ဝယ်ယူကြ ကြောင်းပန်းဆိုးတန်းရှိ စာပေ လောကစာအုပ်အရောင်းဆိုင်မှသိ ရသည်။လူငယ်ဈေးကွက်အတွင်း ဒုတိယအရောင်းရဆုံးမှာတက်ကျမ်း စာပေများဖြစ်ပြီး၊အတ္ထုပတ္တိစာအုပ်များကတတိယနေရာယူထားကြောင်း သိရသည်။ရသစာပေနှင့် ဘာသာရေး စာပေတို့မှာလူငယ်များဝယ်ယူဖတ် ရှုမှု Read the rest of this entry »

 
Leave a comment

Posted by on November 5, 2009 in ဆောင်းပါး

 

Tags:

သေတာတောင်လွဲဖြစ်အောင်လွဲသွားသူ(သို့မဟုတ်)နီကိုရဲ

ဥက္ကာကိုကို

ရန်ကုန်၊ အောက်တိုဘာ- 25
ယခုနှစ်အောက်တိုဘာလအတွင်း မြန်မာနိုင်ငံတွင် ထင်ရှားကျော် ကြားသူတို့အနက် နှလုံးရုတ်တရက်  တိုက်ခိုက်ခံရမှုကြောင့် တတိယ မြောက်ကွယ်လွန်သူအဖြစ် ဟာသစာရေးဆရာအဖြစ် လူကြိုက်များ ထင်ရှားသူ ဆရာနီကိုရဲသည် ယခုလ ၂၄ ရက် ည ၁၂ နာရီခွဲ ခန့်က လှိုင်သာယာမြို့နယ်၊ လုမ္ဗနီ အထူးကုဆေးခန်းတွင် တိမ်းပါး သွားခဲ့ကြောင်း သတင်းရရှိသည်။

နီကိုရဲသည် လုံးချင်းဝတ္ထု ပေါင်း ၃၀ ကျော်ရေးသားခဲ့ပြီး၊ မဂ္ဂဇင်းဝတ္ထုတိုများစွာများကိုလည်း ရေးသားခဲ့ကာ သူကြုံတွေ့ရသော ဘ၀ထဲမှ အလွဲအချော်များကို ဇာတ်လမ်းအဖြစ် ဟာသစွက်တင် ပြတတ်သဖြင့် ““အမြဲလွဲနေသော နီ ကိုရဲ””အဖြစ် စာဖတ်ပရိသတ်များ က လက်ခံနှစ်ခြိုက်ကြသော ဘက်ဆဲလားစာရေးဆရာတစ်ဦးဖြစ် သည်။

““နီကိုရဲက အရင်က သူ့ကိုယ် သူ လွဲတယ်လွဲတယ်နဲ့ ရေးခဲ့တာ တွေတစ်ခုမှ မလွဲဘူး။ အခုမှ တကယ်လွဲသွားတာ။ သူအားလုံး နဲ့ လွဲသွားပါပြီ။ ကျွန်တော် ယုံ ကြည်တာတစ်ခုကတော့ နီကိုရဲ ဘယ်တော့မှ မလွဲတော့ဘူး””ဟု ကာတွန်းစိုးစံဝင်းက ပြောသည်။
နီကိုရဲသည် စာပေလောက တွင် ရိုးသားစွာ ရပ်တည်ရင်း ရုပ် ရှင်နယ်တွင်လည်းပျော်ပါးခဲ့ကာ နောက်ဆုံးတွင် စာပေအရိပ်ကို ပြန်လည်ခိုဝင်ခဲ့သည်ဟု မန္တလေး အရုဏ်ဦးဂျာနယ်မှ တာဝန်ခံ အယ်ဒီတာဆရာလွမ်းဝေနိုင်က ဆို သည်။

““နောက်ဆုံးတွေ့ခဲ့ရတဲ့ အချိန်လေးက စာအုပ်မိတ်ဆက်ပွဲ တစ်ခုမှာ။ ထုတ်ဝေသူကို သူပြော ချင်တဲ့ စကားတွေကို သူ့သားလေး ကိုလက်ညိုးထိုးပြီးပြောလိုက်တယ်။  ပြီးမှ ကွယ်ရာမှ မျက်ရည်ကျတယ်”” ဟု ဆရာကျော်သီဟ(ဟင်္သာတ) က ပြောသည်။
နီကိုရဲကို ၁၉၆၆ ခုနှစ်၊ နိုဝင် ဘာ ၂ ရက်တွင် မွေးဖွားခဲ့ပြီး၊ နာ မည်အရင်းမှာ ရဲဝင်းဖြစ်ကာ ရုက္ခ ဗေဒဖြင့် ဘွဲ့ရခဲ့သည်။ သေဆုံး ချိန်တွင် ချစ်ဇနီးမနိုင်နိုင်ဝင်း (အီ တွန့်ကွမ်)နှင့် ချစ်သားလေး မောင် လင်းမြတ်တို့ကျန်ရစ်ခဲ့သည်။

““နီကိုရဲဆီမှာ ထူးခြားတဲ့ လက်ချောင်းလေးတွေရှိတယ်။ ကျွန်မမြင်ဖူးသမျှ လက်ချောင်း တွေဟာ အရင်းကြီးမယ်၊ အဖျား ရှူးရှူးသွယ်သွယ်၊ ဒါမှမဟုတ် လေးထောင့်လက်စသဖြင့် ရှိပေ မယ့် သူ့လက်ကတော့ အရင်းက သေးပြီး အဖျားပိုင်း ပထမအဆစ် ကကြီးနေတယ်။ ကျွန်မက နင်ဒီ လက်ကြောင့်ဒါ့ထက်နာမည်ကြီးတဲ့ စာရေးဆရာဖြစ်မယ်လို့တောင် နောက်ခဲ့သေးတယ်”” ဟု နီကိုရဲနှင့် ခင်မင်ခဲ့သော မခင်မင်းဇော်က အင်တာနက်စာမျက်နှာပေါ်တွင် အလွမ်းပြေရေးသားထားသည်။

နီကိုရဲသည် ဟန်သစ်တွင် မသီတာနှင့် ဇီးယိုဝတ္ထုတိုကို စတင် ရေးသားခဲ့ပြီး ၃ ပုဒ်မြောက်တွင် ကာယကံရှင် မသီတာက နာမည် မသုံးပါရန်တားမြစ်သောကြောင့် မကြည်ပြာဟု ပြောင်းလဲသုံးစွဲခဲ့ သည်ဟုသိရသည်။
မကြည်ပြာ ၀တ္ထုများကို မကြည်ပြာနှင့် ချစ်ခြင်း၏ နဂ္ဂတစ် များအမည်ဖြင့် ပင်နီစာအုပ်တိုက်မှ ဆရာအော်ပီကျယ်၏ မျက်နှာဖုံး ဖြင့် ပထမဆုံး လုံးချင်းအနေဖြင့် ထုတ်ဝေခဲ့ရာ ဟာသစာရေးဆရာ အဖြစ် ပရိသတ်နှစ်သက်လက်ခံခဲ့ သည်။
အဆိုပါဝတ္ထုမှာ သူ၏ နာမည်  အကျော်ဆုံးဝတ္ထုဖြစ်ပြီး ““ကြည်ပြာ ရောင်နဂ္ဂတစ်များ””အမည်ဖြင့် လွင် မိုး၊ ထွန်းအိန္ဒြာဗိုတို့နှင့် ရုပ်ရှင်ရိုက် ကူးခဲ့ရာတွင်လည်း တစ်ခဲနက် အောင်မြင်မှုရရှိခဲ့သည်။

နီကိုရဲသည် ဒါရိုက်တာ မောင်မျိုးမင်းနှင့် ရုပ်ရှင်လေးကား ခန့်နှင့် ဗီဒီယို ၄၀ ကားခန့် ရိုက် ကူးခဲ့ပြီး၊ သစ်ခက်ငါးဝတ္ထုကို သူကိုယ်တိုင် ဇာတ်ညွှန်းခွဲ၊ ဒါရိုက် တာလုပ်ပြီး ဒွေး၊ ထက်ထက်မိုးဦး တို့နှင့် ရိုက်ကူးခဲ့သည်။
သာမန်လူတစ်ယောက်နှင့် ယှဉ်ပါက အရပ်ပုခြင်း၊ ပေါင်ချိန် ၆၅ စသည်တို့မှာ စာဖတ်ပရိသတ် များစွဲမြဲစွာ သိရှိထားသော နီကိုရဲ ၏ သကေတများဖြစ်သည်။

ကြောင်နှစ်ကောင်စာပေတိုက်  ၏ လက်စွဲစာရေးဆရာများထဲတွင် တာရာမင်းဝေနှင့် ယခုနီကိုရဲတို့ ကွယ်လွန်သွားပြီဖြစ်သောကြောင့် မင်းခိုက်စိုးစန်နှင့် မနော်ဟရီ (ခေတ္တ-သြစတြေးလျ)တို့သာဆက် လက်ကျန်ရှိနေမည်ဖြစ်သည်။

““တာရာမင်းဝေမဆုံးခင်က ပြောခဲ့ဖူးတယ်။ ကိုယ်ပိုင်အနုပညာ စစ်စစ်ကို တင်ပြနိုင်သူတွေထဲမှာ နီကိုရဲလည်းပါတယ်တဲ့။ ပြောပြီး သိပ်မကြာခင်တရာမင်းဝေဆုံးသွား တယ်။ တကယ်ကို ကိုယ်ပိုင်အနု ပညာတွေတင်ပြနိုင်တဲ့ အနုပညာ ရှင်တွေအရွယ်ကောင်းတုန်း၊ လုပ် ပြစရာတွေအများကြီးရှိတုန်း ဆုံး သွားကြတာလောကအတွက် အနု ပညာလောကအတွက် အင်မတန် နှမျောစရာလွမ်းစရာပါပဲ””ဟု စာရေးဆရာမျိုးကိုမျိုးကပြောသည်။
““တင်ပြချင်တဲ့ အကြောင်းအ ရင်းကို မျက်စိထဲမြင်အောင်အရေး  နိုင်ဆုံး စာရေးဆရာတစ်ယောက် ပါ””ဟု ရတီမဂ္ဂဇင်းတာဝန်ခံ အယ်ဒီတာဆရာသျှီသူအောင်က ပြောသည်။

““အစကလင်မယားကွဲနေ တာ။ ဒီနှစ်သီတင်းကျွတ်မှာ သား လေးကိုလည်းလွမ်းလို့ ညှိနှိုင်းပြီး အတူပြန်နေကြကာမှ အခုတစ်လ မပြည့်ခင်ဆုံးသွားတယ်””ဟု ကာ တွန်းစိုးစံဝင်းက ပြောသည်။
နီကိုရဲကွယ်လွန်ချိန်တွင် အသက် ၄၃ နှစ်ရှိပြီဖြစ်ကာ ““ဘာ..နာ””အမည်ဖြင့် လုံးချင်း ၀တ္ထုစာအုပ်ကို ရက်ပိုင်းအတွင်း ထွက်ရှိထားကြောင်းသိရသည်။
ကျောင်းသားဘ၀တွင် ကဗျာ ရေးခဲ့သော ““နတ်ရွာမိုး””ဟူသည့် ကလောင်ဖြင့် လုံးချင်း ၄ အုပ် ရေးခဲ့သော်လည်း အကြောင်း ကြောင့် နတ်ရွာမိုးမှာ တခြားသူ တစ်ဦးဖြစ်သွားခဲ့သည်။ နတ်ရွာမိုး က သူ၏ ပထမဆုံးကလောင်ဖြစ် သလို စွန်လွှတ်ခဲ့ရသော ကလောင် တစ်ခုလည်းဖြစ်သည်။
၁၉၉၀-၉၁-၉၂ ခန့်က ““နွေ ရာသီတွင် ပေါက်ရောက်သည်”” အပါအ၀င် မော်ဒန်ဝတ္ထုတိုများကို သရဖူတွင်ရေးသားခဲ့သော်လည်း သူ့ကိုဟာသစာရေးဆရာအဖြစ် သာ လူသိကြသည်။

““နီကိုရဲက သေတာတောင် လွဲသွားသေးတယ်။ သူ ၁၂ နာရီ ခွဲဆုံးတာကို ဆရာဝန်က နားကြား လွဲပြီး ၁၁ နာရီခွဲလို့ ရေးပေးလိုက် လို့ တနင်္ဂနွေနေ့မှာ အသုဘချရ မလိုဖြစ်သွားတယ်။ ထုတ်ဝေသူက မန္တလေးသွားနေတော့ တနင်္လာနေ့ မှ ပြန်ရောက်မယ်ဆိုပြီး၊ အင်္ဂါနေ့ ရွှေ့ခိုင်းတယ်။ အဲဒါသူ့မိသားစုက ဆရာဝန်ကို ပြန်သွားပြောမှ ၁၂ နာရီခွဲလို့ ပြန်ပြင်ပေးလိုက်တဲ့အ တွက် စနေနေ့ဆုံးတယ်ဆိုတာ အကျုံးဝင်သွားလို့။ ဗုဒ္ဓဟူးနေ့သတ် မှတ်လိုက်တာ။ အလောင်းက မဂဏန်းမထားဘူး။ စုံဂဏန်းရက် ပဲရတယ်လေ””ဟု နီကိုရဲ၏ နောက် ဆုံးအလွဲကို ဆရာသျှီသူအောင်က ရှင်းပြသည်။
သူ့နေအိမ်မှာ အမှတ် ၂၀၃၊ မေတ္တာ ၁ လမ်း၊ သွပ်ဝိုင်းကြီးရပ် ကွက်၊ သင်္ကန်းကျွန်းမြို့နယ်ဖြစ်ပြီး ယခုလ ၂၈ ရက်၊ နေ့လည် ၂ နာရီ တွင် ရေဝေးသုဿန်၌ သဂြိုဟ်ခဲ့သည်။

7Day News ဂျာနယ် ၊ အတွဲ(8) ၊ အမှတ်(33) ။

 
Leave a comment

Posted by on October 28, 2009 in ဆောင်းပါး

 

ဝသုန်လွမ်းချင်း

ဥက္ကာကိုကိုရေးသား၍ အေးမြကျော် ပံ့ပိုးသည်။

““ဖေဖေက…သူ့ရင်ဘတ်ကျဉ်း ကျဉ်းလေးသာရှိပေမယ့် အနုပညာ နဲ့ မိသားစုအပေါ်မှာ ဘယ်တော့မှ မကျဉ်းမြောင်းစေရဘူးဆိုတဲ့စကား တစ်ခွန်းနဲ့ ဘ၀တစ်လျှောက်လုံး ရပ်တည်ခဲ့ပါတယ်””
စင်မြင့်ပေါ်မှာ အမှတ်တရ စကားပြောနေတဲ့ ဆရာပန်းချီဝသုန်  ရဲ့ သမီးငယ် မအင်ကြင်းမွှေးရဲ့ စကားသံတို့က လှိုက်မောအက်ရှ လို့နေပါတယ်။

inngyin

ဆရာဝသုန့်သမီးငယ် မအင်ကြင်းမွှေး

သူနဲ့ထပ်တူပါပဲ။ ခန်းမ ဆောင်ထဲမှာ စုဝေးရောက်ရှိနေ ကြတဲ့ ပန်းချီအသိုင်းအ၀ိုင်းက ပုဂ္ဂိုလ်တွေ၊ စာပေနယ်က ပုဂ္ဂိုလ် တွေ၊ သက်ဆိုင်သူတွေရဲ့ ရင်ထဲ၊ အတွေးထဲမှာလည်း ပန်းချီဝသုန်ရဲ့ ပုံရိပ်တွေဟာ တဖျတ်ဖျတ်နဲ့ ပြေး လွှားဆော့ကစားနေပါလိမ့်မယ်။

မြင်ကွင်းလေးကတော့ တာမွေမြို့နယ်၊ သန္တိသုခကျောင်းတိုက် မှာ ကျင်းပတဲ့ ဆရာပန်းချီဝသုန် ကွယ်လွန်ခြင်းတစ်နှစ်ပြည့်အမှတ် တရအခမ်းအနားလေးပါ။ နေ့ရက် ကတော့ ဒီနှစ်အောက်တိုဘာလ ၂၀ ရက်၊
အခမ်းအနားစတင်ချိန်ကို နံနက် ၉ နာရီခွဲလို့ သတ်မှတ် ထားပေမယ့် တဖွဲဖွဲလာရောက်နေ ကြတဲ့ ဆရာဝသုန်ရဲ့ ချစ်လှစွာ သော အနုပညာအပေါင်းအသင်း မိတ်ဆွေတွေကြောင့် အခမ်းအနား ကို ဆယ်နာရီခွဲခန့်လောက်မှ စတင်ဖြစ်ခဲ့ပါတယ်။

ဆရာ့ရဲ့ အမှတ်တရပွဲလေး ကို ၀မ်းနည်းခြင်းအထိမ်းအမှတ် အဖြစ် ၈ စက္ကန့်ငြိမ်သက်လိုက်ကြ မှုနဲ့ စတင်ပါတယ်။
ဆရာတစ်နှစ်ပြည့်ပွဲကို ပန်းချီ လောကထဲက နာမည်ကျော် ပန်းချီ ဆရာတွေတစ်စုတစ်ဝေးတည်း၊ စုံ ညီစွာတက်ရောက်ခဲ့ကြသလို၊ စာ ပေလောကသားတွေ၊ ပြည်တွင်း သတင်းထောက်တွေလည်း တက် ရောက်လာခဲ့ကြတာတွေ့ရပါတယ်။
အခမ်းအနားမှူးရဲ့ အစီအစဉ် ကြေညာမှုတွေအပြီးမှာ ပန်းချီဆရာ  မြိတ်ဝင်းထိန်က ဆရာဝသုန်ရဲ့ အတ္ထုပ္ပတ္တိကို ဖတ်ကြားပေးပါ တယ်။

wa2

ဆရာမြိတ်ဝင်းထိန်က ၀သုန်အတ္ထုပ္ပတ္တိဖတ်ကြားပေးနေပုံ.....

ပွဲအပြီးမှာတော့ ဆရာမြိတ် ၀င်းထိန်က ““မောင်ထိန်..ပန်းချီ ဆရာကလက်ချိုးရေလို့ ဆယ် ချောင်းမပြည့်ချင်ဘူးကွာ။ ဒီ့ပြင် ပညာရှင်တွေက ရေတွက်လို့မကုန် ပါဘူး။ ငါ..ပန်းချီဆရာဖြစ်ရ တာ ဂုဏ်ယူတယ်တဲ့။ လွမ်းရတဲ့ အမှတ်တရတွေ အများကြီးထဲက ဆရာအကိုဝသုန်ရဲ့စကားတစ်ခွန်း ပါ””လို့ တစ်နှစ်ပြည့်အလွမ်းစကား လေးဆိုလာပါတယ်။
ဆရာပန်းချီဝသုန် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၂၁ ရက်မှာ သူချစ်တဲ့မိသားစုနဲ့ အနုပညာ လောကကို အောင်မြင်စွာ နှုတ် ဆက်ထွက်ခွာသွားခဲ့တာ ဖြစ်ပါ တယ်။ ဆရာက သက်ရှိထင်ရှား ရှိစဉ်ခါမှာ ပန်းချီနဲ့ စာနယ်ဇင်း သရုပ်ဖော်ပန်းချီဆရာများစွာကို တစ်စိုက်မတ်မတ်ရေးဆွဲခဲ့ပါတယ်။
နှစ်ပေါင်းများစွာ ပန်းချီဆွဲ ခဲ့တဲ့ဆရာဟာ ၁၉၉၇ ခုနှစ်ကစပြီး မဂ္ဂဇင်းတွေမှာ ၀တ္ထုတိုတွေ စတင် ရေးသားလာခဲ့ပါတယ်။ ၂၀၀၄ ခုနှစ်မှာတော့ ““သားလေးအမည် မသိနှင့် တခြားဝတ္ထုတိုများ””ဆိုတဲ့ ၀တ္ထုတိုပေါင်းချုပ်စာအုပ်ကို ပရိ သတ်လက်ထဲအရောက်ပေးပို့နိုင်ခဲ့ ပါတယ်။
“အလွန်တော်သော အနု ပညာသားတစ်ဦးဆုံးရှုံးရခြင်းပါပဲ။ ကိုဝသုန်နဲ့ တွဲဖူးပါတယ်။ သူက ကျန်းမာရေးဂရုမစိုက်ဘူး။ ကျန်း မာရေးကိုအဓိကအဖြစ် ဂရုစိုက်ဖို့ ကျွန်တော်တို့ သတိပြုကြရပါမယ်”” လို့ ဆရာမြတ်ဆွေက ဆိုပါ တယ်။
ဆရာဝသုန်ရဲ့ တစ်နှစ်ပြည့် မှာ ပန်းချီကျော်သောင်း၊ ကာတွန်း မြေဇာ၊ ကဗျာဆရာမောင်သွေးသစ်၊ ပန်းချီမောင်မောင်သိုက်၊ ကာတွန်း ငွေကြည်နဲ့ စာရေးဆရာလှထွန်း (မြန်မာစာ)တို့ကလည်း အမှတ်တရ  စကားလေးတွေ အသီးသီးပြော ကြားပေးခဲ့ကြပါတယ်။

““သူ့ရဲ့ ထူးခြားချက်က လက် ရာကောင်းတဲ့လူတော်တွေကို ပြုံး ပြုံးပြုံးပြုံးနဲ့ မိတ်ဆက်တတ်တယ်။ ပညာရပ်ပေါ်မှာ အလေးထားပြီး လူပုဂ္ဂိုလ်ချင်းခင်မင်အောင် ပေါင်း ပါတယ်”” လို့ ပန်းချီပန်းပုကျောင်း မှာ ဦးဝသုန်ရဲ့ စီနီယာ တစ်ဦးဖြစ် သူ ပန်းချီဦးကျော်သောင်းက ပန်းချီကျောင်းတုန်းက ဦးဝသုန်ရဲ့ ကောက်ကြောင်းကို ပုံဖော်ပြပါ တယ်။
ဦးဝသုန်နဲ့ နှစ်လေးဆယ် ကျော်ခင်မင်ခဲ့တဲ့ ဆရာကာတွန်း ငွေကြည်ကလည်း ““သူက စွယ်စုံရ တဲ့ ပုဂ္ဂိုလ်တစ်ယောက်ပါ””လို့ချီး ကျူးလာပါတယ်။
ဒီပွဲလေးမှာ ပန်းချီနဲ့ စာပေ နယ်က အနုပညာရှင်တွေ၊ ဦးဝသုန် ကိုချစ်တဲ့ သူတွေအားလုံးနွေးထွေး စွာ ဆုံစည်းခဲ့ကြပါတယ်။
ကလောင်စုံပါဝင်ရေးသား ကြတဲ့ ““လူပုံပါးပါး၊ စိတ်ဓာတ်မာ မာ၊ ရေးချက်ထည်ထည်ဝါ””ဆိုတဲ့ စာအုပ်ကိုလည်း တက်ရောက်လာ ကြသူအားလုံးထံ လက်ဆောင် ပေးခဲ့ပါတယ်။
ဦးဝသုန်နဲ့ ခင်မင်ရင်းနှီးကြုံ ဆုံခဲ့ကြတဲ့ ချစ်သော ရေးဖော် ရေး ဖက်အနုပညာရှင် ၂၄ ဦးပါဝင်တဲ့ စာအုပ်လေးက ဦးဝသုန်ရဲ့ ပုံရိပ် တွေကို ဖမ်းဆုပ်ခံစားနိုင်စွမ်းရှိ မှာပါ။

“စာနယ်ဇင်းပန်းချီသရုပ်ပြ တွေကိုပဲ တစ်စိုက်မတ်မတ်ဆွဲခဲ့ တယ်။ ပန်းချီကားတွေရေးမယ်ဆို ရနိုင်ပါလျက်နဲ့ မရေးခဲ့ဘူး။ ဒါ ကြောင့် ထည်ထည်ဝါ၀ါ ပန်းချီ တွေမကျန်ခဲ့ဘူး”” လို့ ပန်းချီမောင် မောင်သိုက်က စင်မြင့်ပေါ်မှာ ပြောသွားခဲ့ပါတယ်။ ပြီးတော့ ဦးဝသုန်ဟာ စာနယ်ဇင်းဇာတ်ခုံ ပေါ်မှာ သေသည်အထိ လက်စွမ်း ပြသွားတဲ့ ပန်းချီရွှေမန်းတင်မောင် လို့တင်စားချင်ပါတယ်တဲ့။

mgmgth

ပန်းချီမောင်မောင်သိုက်

ဦးဝသုန်ရှိစဉ်အခါတုန်းက ““လူမူးပေမယ့် အယူအဆဘယ် တော့မှ မမူးဘူးကွ””လို့ ယမကာ ၀ိုင်းတချို့မှာပြာခဲ့ဖူးတယ်လို့ ဆရာလှထွန်း(မြန်မာစာ)ကဆိုပါ တယ်။
ဦးဝသုန်အမှတ်တရ စာအုပ် ထဲမှာ ပါဝင်လွမ်းဆွတ်ရေးသားတဲ့ စာရေးဆရာတွေအားလုံးအတွက် အမှတ်တရဂုဏ်ပြုလက်ဆောင် ကို သူ့အမျိုးသမီး အန်တီဒေါ်စန်းအေးကပေးအပ်ခဲ့တာတွေ့ရပါတယ်။
ဆရာ့အမျိုးသမီး အန်တီစန်း အေးကလည်း စာအုပ်ထဲပါဝင်ရေး သားပါတယ်။

““နင့်ဘ၀ထဲငါ့ကို နုတ်ကြည့် လိုက်၊ နင်ဘာဖြစ်မယ်ထင်လဲ။ ဒီမှာ ညီမ၊ ငါအတ္တကြီးလို့ နင်တို့ အခုလို အေးအေးချမ်းချမ်းနေရ တာလို့ ပြောခဲ့တာတွေ အမှန်ပါပဲ အစ်ကို။ နောက်ဆုံးနေ့မှာတောင် ငါဘာမှမဖြစ်ဘူးလို့ ပြောပြီး ညီမ ကို အားပြန်ပေးသေးတယ်နော်။ ညီမဒီလိုရေးတာကို အစ်ကိုမကြိုက် မှန်းညီမသိပါတယ်။ ခွင့်လွှတ်ပါ အစ်ကို”” လို့ ဒေါ်စန်းအေးက ““အစ် ကိုညီမကိုခွင့်လွှတ်ပါ””ဆိုတဲ့ ခေါင်း စဉ်နဲ့ လွမ်းဆွတ်တမ်းတရင်ဖွင့်ရေး သားထားပါတယ်။

ဦးဝသုန်ဟာ အနုပညာနဲ့ ပတ်သက်လာရင် အရမ်းကို မာန ကြီးပါတယ်တဲ့။ သူနဲ့ရင်းနှီးတဲ့ သူ အားလုံးက တညီတညွှတ်တည်း ပြောကြတာပါ။
““ရိုးသားပြီး၊ အနုပညာတန်ဖိုး ကို လေးစားတဲ့ ဆရာဝသုန်ပါ””လို့ ပြောလာသူကတော့ ကာတွန်း ၀လုံးပါ။

““မနေ့တစ်နေ့ကလို့ ထင်ခဲ့မိ တယ်။ ဆရာနဲ့ ကြုံလိုက်ရပေမယ့် မဆုံလိုက်ရလို့ အားမလိုအားမရ ဖြစ်မိတယ်။ ဆရာရောက်ရာ သုကတိဘုံဘ၀မှာ သာယာချမ်း မြေ့ပါစေလို့”” ဟာသစာရေးဆရာ အဏ္ဏ၀ါစိုးမိုးက အလွမ်းစကား ဆိုပါတယ်။

wa

စာရေးဆရာအဏ္ဏ၀ါစိုးမိုး

ဆရာဦးဝသုန်ရဲ့ ငယ်နာမည် က မောင်ခင်လှဖြစ်ပြီး၊ ကာတွန်း ပေါက်စမောင်ခင်လှအမည်နဲ့ ကာ တွန်းတွေလည်း ဆွဲခဲ့တယ်လို့သိရ ပါတယ်။ သူဟာပန်းချီသင်တန်း သုံးနှစ်ပြီးဆုံးတဲ့ နောက်မှာ ပန်းပု သင်တန်းကိုလည်း တစ်နှစ်တက် ရောက်ခဲ့ပါသေးတယ်။ ပို့စကတ် တွေလည်း ရေးခဲ့တယ်လို့သိရပါ တယ်”” ဆရာ့မွေးနေ့ကတော့ (၁.၁၂.၁၉၄၇)လို့ သိရပါတယ်။
““၀သုန်ကောက်ကြောင်း”” (Asketch of Wathone) အမည် နဲ့ ရိုက်ကူးတဲ့ဒါရိုက်တာကြည်ဖြူ ရှင်ရဲ့ ဇာတ်လမ်းတို ရုပ်ရှင်ဟာ အမေရိကန်နိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ All Road Film Festival  ပြိုင်ပွဲ မှာ ပထမဆုရခဲ့ပါတယ်။
ဦးဝသုန်အကြောင်း ကမ္ဘာ ကသိသွားခဲ့တဲ့အချိန်ကတော့ သူမကွယ်လွန်ခင်ရက်ပိုင်းပါပဲ။
““မြေကြီးကို ပါဋိလိုခေါ်တဲ့ အခါမှာ ၀သုန်ပေါ့။ အဲဒါစာရေး ရင်ငါအဲဒီကလောင်အမည်နဲ့ ရေး မယ်ဆိုပြီးတော့ ပေးတဲ့နာမည်။ နောက်ပန်းချီဆွဲဖြစ်တော့ အဲဒီလို ပန်းချီအမည်ဖြစ်သွားတာပေါ့””လို့ A Sketch of Warthone  သတင်း မှတ်တမ်းတို့ထဲမှာ ၀သုန်ဆိုတဲ့ ကလောင်အမည်ရွေးဖြစ်ပုံကို ဆရာကရှင်းပြခဲ့ပါတယ်။

လူတိုင်းက အမှတ်တရ လက်မှတ်ထိုးပေးပါ။ ပုံဆွဲပေးပါဆို ရင် ဖေဖေက လိပ်ပြာပုံလေးနဲ့၊ “လိပ်ပြာလှပါစေ” လို့ အမြဲရေးပေး တတ်တယ်လို့ ဆရာဝသုန်ရဲ့ သမီး ငယ် မအင်ကြင်းမွှေးက ဆရာ ကွယ်လွန်စဉ်က 7Day News သို့ ပြောခဲ့ဖူးပါသည်။
ဆရာပန်းချီဝသုန်မရှိတော့ ပေမယ့်လည်း ၀သုန်ကိုချစ်တဲ့ သူတွေက ဆရာ့တစ်နှစ်ပြည့်ပွဲ လေးကို ခမ်းခမ်းနားနားနဲ့ အောင် မြင်စွာ ကျင်းပပေးခဲ့ကြပါပြီ။

““လာမယ့် အနာဂတ်မှာ တည်ဆောက်ခဲ့တဲ့ သူ့အနုပညာ၊ သူ့မေတ္တာတရားတွေဟာ သမီးတို့ ရဲ့ ရင်ထဲမှာတည်ရှိနေမယ်ဆိုတာ ယုံကြည်ရင်း သမီးတို့ကိုယ်တိုင် လည်း လိပ်ပြာလှအောင်ကြိုးစား နေပါတယ်””လို့ မအင်ကြင်းမွှေးက စင်မြင့်ပေါ်ကနေ မျက်ရည်တ၀ဲဝဲ နဲ့ပြောသွားခဲ့ပါတယ်။
စင်မြင့်ထက်မှာ ထောင်ထား တဲ့ ဆရာဝသုန်ရဲ့ ပုံတူပန်းချီကား ကြီးကတော့ ခန့်ထည်ဝင့်ကြွားစွာနဲ့ ဘ၀မှာ လိပ်ပြာလှအောင်နေခဲ့တဲ့ ဆရာ့ကို အမှတ်ရကြစရာပါ။ ။

7Day News ဂျာနယ် ၊ အတွဲ(8) ၊ အမှတ်(33)။

 
1 Comment

Posted by on October 26, 2009 in ဆောင်းပါး

 
 
Follow

Get every new post delivered to your Inbox.