(ပန်းချီ မင်းဝေအောင်နှင့်အင်တာဗျူး)
ဥက္ကာကိုကို တွေ့ဆုံမေးမြန်းသည်။
ယနေ့ မြန်မာ့ခေတ်ပြိုင်ပန်းချီလောကတွင် နိုင်ငံတကာဈေးကွက်၌ကျယ်ကျယ်ပြန့်ပြန့် အောင်မြင်ထင်ရှားနေသော ပန်းချီဆရာ တစ်ဦးရှိသည်။ သူက ပန်းချီမင်းဝေအောင်ပင်ဖြစ်သည်။သူရေးဆွဲသော ရဟန်းသံဃာနှင့် သီလရှင် များ၏ နောက်ကျာပုံ ပန်းချီကားများကြောင့် သူ့ကို ကမ္ဘာက အသိအမှတ်ပြုခဲ့ကြသည်။ဘုန်းကြီးများကို နောက်ကျောမှ မြင်ရသော ပန်းချီကားများ တွင် ဓမ္မအမြင်များစိမ့်ဝင်နက်နဲနေသည်။ သူများနှင့်မတူသော အတွေးသစ်ကြောင့် သူ့ကို ကမ္ဘာတစ်ဝှန်းမှ ၀ိုင်းဝန်းအသိအမှတ်ပြု သြဘာပေးလက်ခုပ်သံများ ညံခဲ့သည်။
ဓနုဖြူဇာတိဖြစ်ပြီး ငယ်စဉ်က ဘုန်းကြီးကျောင်းတွင်နေခဲ့ရသည်ဟုသူက ဆိုသည်။ ၁၉၇၉ ခုနှစ်ပန်းချီပန်းပု ကျောင်းဆင်းပြီးပြီး ချင်း ဒီဇိုင်းပုံများ၊ သရုပ်ဖော်ပုံလေးများရေးဆွဲခဲ့ရပြီးတဖြည်းဖြည်းနှင့်ပန်းချီလောကထဲ ရောက်ရှိတိုးဝင်လာခဲ့သည်။
သူ့ရဲ့ပထမဆုံးပန်းချီကားတွေကို ၁၉၉၄ ခုနှစ်တွင် သူငယ်ချင်းများနှင့် Group Show စတင်ပြသခဲ့သည်။ ယခုထိ နိုင်ငံတကာ
ပြပွဲများစွာပြသခဲ့ပြီးဖြစ်ကာ New Treasureအမည်ရှိကိုယ်ပိုင်ပန်းချီပြခန်းကိုလည်းတည်ထောင်နိုင်ခဲ့သည်။
လတ်တလောအနေနှင့် အော်စကာဆုမှန်းထားသော ဟောလိဝုဒ်ဇာတ်ကားကြီးတစ်ကားတွင် သူ့ဘုန်းကြီးပုံပန်းချီတစ်ချပ်ကို နိမိတ်ပုံအဖြစ် ထည့်သွင်းပြသခံရသည်။ ဆရာမင်းဝေအောင်နှင့် မေးမြန်းဖြစ်ခဲ့သော အင်တာဗျူးအမေးအဖြေအား 7Day News စာဖတ်ပရိသတ်များအတွက် ဖော်ပြပေးလိုက်ပါသည်။

ပန်းချီမင်းဝေအောင်၏ ပန်းချီကားသစ်တစ်ခု
မေး။ ။ ဆရာ့ကို ဘုန်းကြီးပုံ၊ သီလရှင်ပုံတွေကို အများနဲ့မတူတဲ့ ရှုထောင့်ကရေးပြခဲ့တဲ့ ပန်းချီဆရာလို့ မြန်မာကရော၊ ကမ္ဘာကပါ
အသိအမှတ်ပြုနေကြပါတယ်။ ဒီလိုပန်းချီကားတွေရေးဖြစ်ဖို့စိတ်ကူးဥာဏ်ကွန့်မြူးခဲ့ပုံလေးကို အရင်ဆုံးပြောပြပေးပါ။
ဖြေ။ ။ ကျနော်က ဒီရဟန်းသံဃာတွေကိုမဆွဲခင်က လူပုံတွေ၊ ရှုခင်းတွေ လူ့ဘ၀တွေကိုဆွဲတယ်။ အဲဒါက ၈၉ မတိုင်မီလောက်အထိအဆွဲများတာပေါ့။၈၉နောက်ပိုင်းမှာ ရဟန်းသံဃာတွေကိုနောက်ကျောကနေရေဆေးနဲ့ စဆွဲဖြစ်တယ်။ တောက်လျှောက်ကြီးတော့မဆွဲသေးဘူး။ အဲဒီလိုလုပ်နေရင်း ၁၉၉၃ လည်းကျရော၊ အမေရိကန်မှာတစ်လကြာသွားလေ့လာခွင့် ရတယ်။ ကျနော်ရယ်၊ဗိဿနိုးဦးတင်ဝင်းရယ်၊ ပန်းပုဆရာ ဦးဆန်နီညိမ်းရယ်။ အမေရိကန်မြို့ကြီးခြောက်မြို့ ကိုလှည့်ပြီးတော့ လေ့လာရတယ်။ဟိုမှာရှိတဲ့မြို့ကြီးတွေက Gallery တွေကိုရောက်တယ်။ပန်းချီစတူဒီယိုတွေကိုရောက်တယ်။ လေ့လာရင်း ကိုယ့်အတွက်ဘာတွေရခဲ့သလဲဆိုတော့ ၉၃တုန်းကပန်းချီဆရာတွေဟာ ကိုယ့်နည်းကိုယ့်ဟန်နဲ့ အစ်ဇင်အစုံကိုလုပ်နေကြတာပေါ့။ သူ့လိုင်းနဲ့သူမျှနေတယ်။ ကျနော်တို့ကရိုးရိုးရီယဲလစ်ဇင် ကိုပိုပြီးစိတ်ဝင်စားတာ။ ဒါပေမယ့် အဲဒီမှာဘာတစ်ခုသွားတွေ့လဲဆိုတော့ ပန်းချီဆရာတွေဟာ သူကျွမ်းကျင်တဲ့ဟာကို စီးရီးလိုက်လုပ်ကြတာ တွေ့ရတယ်။ တချို့ဆိုရင်… ဥပမာခြေထောက်ချည်းပဲ ရေးတယ်ဆိုပါတော့။ ခြေထောက်ကိုပဲ အမျိုးမျိုးလှည့်ပြီးတော့ စီးရီးတစ်ခု အနေနဲ့ရေးကြတယ်။ ရှုခင်းဆိုရင်လည်း တစ်ပွဲလုံး
ရှုခင်းတွေပဲရေးကြတယ်။ ကျနော်တို့က မြန်မာပြည်မှာအစုံရေးတာကိုး။ ရှုခင်းဆိုလည်းရေးတယ်။ ပေါ့ထရိတ်ဆိုလည်းရေးတယ်။ စတေလိုက် ဆိုလည်းရေးတယ်။ ဒီကြားထဲ သူများအလုပ်အပ်လို့ ပုံတူလည်းရေးသေးတယ်။ အစုံလုပ်လာရတာ။ ဟိုမှာကျတော့
ကိုယ်ကျွမ်းရင်ကျွမ်းသလို ဒီပေါ်မှာ တစ်ခုတည်းနဲ့ရပ်တည်လို့ရတယ်။ ၉၄ မှာတစ်ခေါက် ဂျပန်ကို မြန်မာပြည်က ပန်းချီကိုယ်စားပြုသွားလေ့လာရတယ်။ အဲဒီမှာလည်း အမေရိကန်မှာတွေ့ခဲ့သလို တစ်ခုခုကိုဇောင်းပေးပြီး ဒါကိုပဲ စီးရီးအလိုက် စိုက်လိုက်မတ်တပ်လုပ်ကြတာတွေ့တယ်။ အစုံရေးတဲ့လူလည်း ရှိတယ်ပေါ့လေ။ ဒါပေမယ့် ကျနော်က အဲဒီလိုမျိုး တစ်ခုခုကို ဇောင်းပေးလုပ်တဲ့လူကို ပိုပြီးတော့သဘောကျမိတာပေါ့။ ဒီအပေါ်မှာ ပိုပြီးအားစိုက်ဖြစ်တော့ပိုပြီး ကျွမ်းကျွမ်းကျင်ကျင် ဖြစ်တယ်။အဲဒီမှာ တစ်ခုခုကိုစိုက်လိုက်မတ်တပ်လုပ်ရမယ်ဆိုတဲ့ အတွေးလေးတစ်ခုရတယ်။ ပြီးတော့တစ်ခါ စင်ကာပူ Art-2 ကလူတွေရောက်လာပြီး ကျနော့်ဘုန်းကြီးကားတွေကို စိတ်ဝင်စားတယ်ဆိုတာနဲ့ အဲဒါဆိုရင်တော့ ငါတစ်လိုင်းတည်းပဲ လုပ်တော့မယ်ပေါ့လေ။ အဲဒါနဲ့ရဟန်းသံဃာကားတွေကိုရေးဖြစ်တာ။နောက်တစ်ခုအကြောင်းရင်းက ကျနော်က ဘုန်းကြီးကျောင်း
မှာနေခဲ့ရတယ်။ ငယ်ငယ်လေးတုန်းကတည်းက ရဟန်းတွေ ၊ ဘုန်းကြီးတွေ၊ကိုရင်တွေနဲ့ရင်းနှီးဆက်ဆံလာရတဲ့အခါကျတော့
ဘုန်းကြီးပန်းချီကားတွေရေးဖြစ်တဲ့အခါ အဆင်ပြေချောမွေ့တာပေါ့။
အဲဒီအချိန်မှာ ပန်းချီဆရာတော်တော်များများ ဘုန်းကြီးကားတွေရေးကြပါတယ်။ ဒါပေမယ့် မျက်နှာတွေပဲများတယ်။ ဥပမာ- ကိုရင်လေးတစ်ယောက်စာဖတ်နေမယ်၊ တံမျက်စည်းလှဲနေမယ်။နောက်မှာ ပုဂံဘုရားရှုခင်းရှိမယ်။ ရှေ့မှာတစ်ခုခုရှိမယ်။
သံဃာ့မျက်နှာတွေကို အဓိကထားပြီး လှုပ်ရှားမှုပန်းချီကားတွေပဲ ရေးကြတယ်။ ဒါပေမယ့်ကျနော်က ခုနကလို တစ်ခုခု ရေးတော့မယ်စဉ်းစားလိုက်တဲ့အခါကျတော့ သူများနဲ့လည်းမတူချင်ဘူး။ကိုယ်ပိုင်ဟန်မျိုးလည်းဖြစ်ချင်တဲ့အခါကျတော့ နောက်ကျောက ရေးဖို့ကို စိတ်ကူးမိတယ်ပေါ့လေ။ ရေးတဲ့အခါကျတော့လည်း တော်တော်များများက ဆွမ်းခံ ကြွတယ်ဆိုရင် အတန်းလိုက်ကြွတယ်။ ဒါပေမယ့်ကျနော်က composition ပေါ့။ ရဟန်းတွေ သွားတဲ့အခါ တည့်တည့်မဟုတ်ဘဲ နည်းနည်း ကွေ့ကောက်ပြီးသွားတဲ့သဘောမျိုးရေးလိုက်တယ်။ အဲဒီကားကလည်းအရမ်းရောင်းရတယ်။
မေး။ ။ ဆရာ ပန်းချီပန်းပုကျောင်းကို ဘယ်နှစ်လောက်က စတက်ခဲ့ပါသလဲ။ ဆရာ့အပေါ်ကျေးဇူးရှိခဲ့တဲ့ နည်းလမ်းပြဆရာကြီး တွေအကြောင်းနည်းနည်းလောက် ပြောပြပါ။
ဖြေ။ ။ ကျနော်က ၁၉၇၉ ခုနှစ်မှာတက်တယ်။ ၁၉၈၂ ခုနှစ်မှာပန်းချီကျောင်းကဆင်းတယ်။ ဆရာကြီးတွေကတော့ မြို့မှာ ငယ်ငယ်က ရပ်ကွက်ထဲက ဆရာကြီးဒဂုန်သန်းဆိုတာရှိတယ်။သူက ဆံပင်လည်းညှပ်တယ်။ ဆိုင်းဘုတ်လည်းရေးတယ်။ ပန်းချီလည်းဆွဲတယ်ပေါ့လေ။ သူ့ဆီမှာ ကျောင်းပိတ်ရက်မှာ သွားလေ့ကျင့်ရတယ်။ သူက မျက်လုံးလေးတွေ နှာခေါင်းလေးတွေ ဆွဲပြတယ်။ကျနော်တို့က လိုက်ကူးရေးပေါ့။ နောက် မူလတန်းကျောင်းတက်တော့ဆရာလေးဦးသိန်းထွန်းဆိုတာရှိတယ်။ သူ့ရဲ့အားပေးမှုနဲ့ ပန်းချီဆွဲဖြစ်တယ်။ မှတ်မှတ်ရရ ပထမတန်းတက်တော့ ဆရာမ ဒေါ်အေးဌေးဆိုတာ သိပ္ပံဘာသာသင်တယ်။ အဲဒီမှာ ကြက်ပုံတို့ ငှက်ပုံတို့ အကောင်ပုံတွေပြပြီးသင်ရတဲ့အခါ ဘောမှာထွက်ဆွဲခိုင်းတယ်။ အထက်တန်းမှာ စက်မှုလက်မှုဆရာ ဦးဟန်အေး၊ မြန်မာစာဆရာဦးကံသိန်းတို့နဲ့ပေါင်းဖြစ်ပြီး ကျောင်းနံရံကပ်စာစောင်တွေ၊မြို့ကပန်းချီလှုပ်ရှားမှုတွေ ရေးဖြစ်တယ်။ သူတို့က ကျနော်ရဲ့အနုပညာမျိုးစေ့ကိုပံ့ပိုးပေးခဲ့တဲ့ ကျေးဇူးရှိတဲ့ဆရာတွေပါပဲ။
ပန်းချီပန်းပုကျောင်းရောက်တဲ့အခါ ပထမဆုံး ဆရာကြီးဦးသုခပေါ့။ ဒုတိယနှစ်ကျတော့ရေဆေးပန်းချီကို ဆရာဦးမြင့်အေး ဆီမှာသင်ရတယ်။ တတိယနှစ်ကျတော့ ဆရာကြီး ဘိုကလေးဦးကျော်လှိုင်ဆီမှာ သင်ရတယ်။
ပန်းချီကျောင်းပြီးတော့ ဒီဇိုင်းဦးဖေထွန်းဆီမှာ ဒီဇိုင်းပညာသင်ရသေးတယ်။ ဆရာ ဦးဘရင်ကလေး၊ ဦးဘရင်ကြီး၊ ရန်ကုန်ဘဆွေ တို့ကတော့ ပြင်ပက သင်ဆရာ မြင်ဆရာတွေပေါ့။
မေး။ ။ ပန်းချီနဲ့ပတ်သက်ပြီး ဆရာအခုရေးဖြစ်နေတဲ့ပန်းချီကားတွေကို ဘယ်လိုအစ်ဇင်မျိုးလို့ပြောလို့ရမလဲဆရာ။
ဖြေ။ ။ ဒါကတော့ ကျနော်အခုရေးတာကတော့ သဘာဝကိုအခြေခံတဲ့သဘာဝပန်းချီပဲပြောရမှာပေါ့။ အဲဒီမှာမှ သဘာဝကို အခြေခံ ပြီးကိုယ်ပိုင်အမြင်နဲ့ ကိုယ်ပိုင်ဟန်နဲ့ရေးတာပေါ့။

ပန်းချီမင်းဝေအောင် ပန်းချီရေးဆွဲနေစဉ်.....
မေး။ ။ လွင်မိုးတို့ ၊ ဓာတ်ပုံဆရာစိန်မျိုးမြင့်တို့နဲ့လုပ်ခဲ့တဲ့ “မိုင် ၂၀၀၀ ခရီးသွား” ပန်းချီပြပွဲနောက်ပိုင်းမှာ ဆရာ့ပြပွဲတွေ
အားနည်းသွားတာတွေ့ရတယ်နော်ဆရာ။
ဖြေ။ ။ အဲဒီနောက်ပိုင်းမှာက ကျနော်ကပြည်ပပြပွဲတွေပဲ နှစ်စဉ်ပြဖြစ်တယ်။ ပြည်တွင်းမှာ Group Show အနေနဲ့ အဲဒီ “မိုင် ၂၀၀၀ ခရီးသွား” ပြတယ်။ အမျိုးသားပြတိုက်မှာ“နတ်မတောင်မှ ဓည၀တီသို့”ဆိုတဲ့ Group Show ပြတယ်။ ပြနေရင်းနဲ့ ကျနော်ရယ်၊ ဦးမောင်မောင်လှမြင့်ရယ်၊ ဦးစိန်မျိုးမြင့်ရယ် ခရီးထွက်ပြီးတော့ Travel ဆိုပြီးတော့ သုံးယောက်ပွဲတစ်ခါပြဖြစ်တယ်။
အဲဒီပွဲမတိုင်မီမှာ ဥိးစိန်မျိုးမြင့်ရဲ့ ဓာတ်ပုံတွေနဲ့ကျနော့်ပန်းချီတွေကို Travel ဆိုပြီး တစ်ခါပြသေးတယ်။ ကျနော်တာတွေက နိုင်ငံတကာပြပွဲတွေပဲပြဖြစ်တယ်။ ပြည်တွင်းမှာပထမဆုံးတစ်ကိုယ်တော်ပြပွဲကိုအမျိုးသားပြတိုက်မှာ ပြဖြစ်တယ်။
မေး။ ။ ပြီးခဲ့တဲ့ ဇန်န၀ါရီ ၁၅ ရက်နေ့က Strand Hotel မှာတစ်ရက်တည်းပြသခဲ့တဲ့ “ Landscape Works 2011 ”မှာပြသခဲ့တဲ့ ပန်းချီကားတွေကို ပန်းချီစုဆောင်းသူတစ်ဦးက ၀ယ်ယူထားတယ် လို့ကြားထားပါတယ်။ နိုင်ငံခြားမှာထပ်ပြမယ်ဆိုတာကော ဟုတ်ပါသလား။
ဖြေ။ ။ ဟုတ်ပါတယ်ခင်ဗျ။ ပြည်တွင်းမှာ စုဆောင်းသူတစ်ယောက်ကလေးကားဝယ်ပါတယ်။ စင်ကာပူကစုဆောင်းသူ တစ်ယောက်က လေးကားဝယ်ပါတယ်။ ဒီမှာပြတာက ၁၆ ကားပါ။ ပန်းချီကားတွေကိုသူတို့က လိုချင်တယ်ဆိုတာနဲ့ ပို့ပေးရ တော့မှာလေ။ ပို့တဲ့အခါမှာဒီမှာပြဖို့က အခွင့်အရေးမရှိတော့ဘူး။ အဲဒါကြောင့် မပို့ခင် ဒီမှာ အားချင်းပြလိုက်တဲ့သဘောပေါ့။ ဒီပန်းချီကားတွေကို စင်ကာပူက Iron ဆိုတဲ့ ရှော့ပင်းစင်တာက Gallery မှာ တစ်ကိုယ်တော်ပြပွဲလုပ်မှာပါ။
မေး။ ။ ပန်းချီဆရာကြီးဦးသုခ အမှတ်တရမွေးနေ့ပွဲကိုနှစ်စဉ်ကျင်းပတယ်လို့သိရပါတယ်။ ရည်ရွယ်ချက်လေးကို ရှင်းပြပေးပါ ဆရာ။
ဖြေ။ ။ ဆရာကြီးမကွယ်လွန်ခင်မှာ နှစ်စဉ်ဆရာကြီးဦးသုခ ကန်တော့ပွဲဆိုပြီး လုပ်ခဲ့တာ။ မွေးနေ့နဲ့ ကန်တော့ပွဲပေါင်းလုပ်တာပေါ့။ ၂၀၀၇ မှာဆရာကြီး ကွယ်လွန်သွားတဲ့အခါကျတော့ ဆရာကြီးမရှိတဲ့အခါပေမယ့်လည်းကျနော်တို့က ဆရာကြီးရဲ့ကျေးဇူးတွေကို အောက်မေ့တဲ့အနေနဲ့ဆရာကြီးကိုရည်စူးပြီး နှစ်စဉ်ကျင်းပမယ်လို့ရည်စူးပြီးလုပ်ဖြစ်တာ။ အရင်က ဆရာကြီးရှိစဉ်တုန်းက လာကန်တော့ကြတဲ့တပည့်တပန်းတွေက တချို့တတ်နိုင်တဲ့ လူတွေက လှူဖွယ်ဝတ္ထုတွေ၊ မတတ်နိုင်တဲ့လူက လက်အုပ်ချီ ကန်တော့တယ်။ တချို့ကျတော့အဲဒီမှာ ပန်းချီပြပွဲလေးလုပ်တယ်။ ရောင်းရတဲ့ငွေတွေကို ဆရာကြီးကိုကန်တော့တယ်။ ဆရာကြီးမရှိတော့ အစဉ်အလာမပျက်ကန်တော့ပွဲနဲ့ ပြပွဲလုပ်ချင်တယ်ဆိုပြီး မိတ်ဆွေတွေနဲ့တိုင်ပင်ပြီး ပြပွဲကရတဲ့ငွေတွေကို စုဆောင်းထားပြီး ပန်းချီဆရာကြီးဦးသုခဖောင်ဒေးရှင်းလုပ်ပြီး ဘဏ်ထဲမှာထည့်ထားတယ်။ ရတဲ့အတိုးငွေတွေကို ပန်းချီလောကအတွက်အထောက်အပံ့လုပ်မယ်ဆိုပြီးလုပ်ဖြစ်တာပါ။ဖောင်ဒေးရှင်းအနေနဲ့တရားဝင်မလျှောက်ထားရသေးတဲ့အတွက်
ဦးသုခရန်ပုံငွေအနေနဲ့ထိန်းသိမ်းထားတာပေါ့။
မေး။ ။ မြန်မာ့ခေတ်ပြိုင်ပန်းချီလောကရဲ့ပန်းချီဆရာတွေထဲမှာမှဆရာ့ရဲ့ပန်းချီကားတွေက နိုင်ငံတကာမှာဈေးကွက်ဝင် အရောင်း အ၀ယ်ဖြစ်နေတယ်လို့သိရပါတယ်။ နိုင်ငံတကာပန်းချီဈေးကွက်ထဲကို ခြေဆန့်မိဖို့ဆရာ ဘယ်လိုအစပြုခဲ့ရပါသလဲ။
ဖြေ။ ။ ၉၃ မှာ အမေရိကန်နဲ့ ၉၄ မှာ ဂျပန်နိုင်ငံတို့ကို သွားလေ့လာပြီး မြန်မာပြည်ပြန်ရောက်တဲ့အခါကျတော့ ကျနော်က ရဟန်းသံဃာတွေကိုဆွဲတယ်။ တခြားဟာတွေလည်း လုပ်နေရင်း စင်ကာပူမှာရှိတဲ့ IMM ဆိုတဲ့ရှော့ပင်းစင်တာမှာ Art Fair တစ်ခုလုပ်တော့ ဒီကသွားပြဖြစ်တယ်။ ကျနော့်ရဲ့ ဘုန်းကြီးပန်းချီကားတွေရော၊ လူပုံတွေရောပါတယ်။ ပြီးတော့ပြန်လာပြီး မကြာခင်မှာ စင်ကာပူမှာရှိတဲ့ Art-2 ဆိုတဲ့ဂယ်လာရီကမစ္စ-ရှီယန်းဆိုတာရောက်လာတယ်။ သူက မြန်မာပြည်အတွက် တာဝန်ယူ ပြီးတော့ ပန်းချီဆရာလာရှာတာပေါ့။ ကျနော့်ဂယ်လာရီကိုရောက်လာတယ်။ မင်းကားတွေကို စိတ်ဝင်စားတယ်ဆိုတာနဲ့ ကျနော်က လူပုံတွေ ရှုခင်းတွေ ဈေးကားတွေပြတော့သူတို့က စိတ်မ၀င်စားဘူး။ သူနဲ့အတူ Asian Art News ဆိုတဲ့မဂ္ဂဇင်းက ထုတ်ဝေသူအယ်ဒီတာတစ်ယောက်ပါလာတယ်။ သူကဘုန်းကြီးတွေနောက်ကျောကရေးထားတဲ့ကားတွေကိုပဲ စိတ်ဝင်စားတယ် ဆိုတာနဲ့ အဲဒီကျတော့မှဘုန်းကြီးကားတွေထုတ်ပြလိုက်တယ်။ သူတို့က.. ဟုတ်ပြီ။ ငါတို့ဒီဘုန်းကြီးကားတွေကို စိတ်ဝင်စားတယ်။ ဟိုကားတွေကိုတော့ စိတ်မ၀င်စားဘူး။ မင်း ဒီကားတွေနဲ့ ငါတို့ဆီက ဂယ်လာရီမှာတင်မလား။ တင်မယ်ဆိုရင် ငါတို့လက် ခံမယ်ပေါ့။ အဲဒါနဲ့ ညှိနှိုင်းပြီး သဘောတူညီမှုရတော့ အဲဒီမှာပန်းချီကားတွေတင်ဖြစ်တယ်။ အဲလိုနဲ့စခဲ့တာပါ။
မေး။ ။ New Treasure ပန်းချီပြခန်းနဲ့ပတ်သက်ပြီးဆရာလုပ်ဖြစ်ခဲ့တဲ့အကြောင်းလေးပြောပြပေးပါဦး။
ဖြေ။ ။ ၁၉၈၉ ခုနှစ်မှာ Treasure ဆိုပြီး သူငယ်ချင်း၁၂ယောက်ပေါင်းဖွဲ့စည်းပြီး ပြခန်းစဖွင့်တာပေါ့လေ။ အဲဒါက ငါးမိုင်ခွဲ၊ ခရမ်းပြာမှာပေါ့။ နောက်မှအဖွဲ့အကြောင်းအမျိုးမျိုးကြောင့်ဆက်မလုပ်ဖြစ်ကြတော့ဘူး။ကျနော်နဲ့ New Zero လုပ်တဲ့ကိုအေးကိုနဲ့ ပေါင်းပြီး New Treasure ဆိုပြီးဆက်လုပ်တယ်။ အဲဒီတုန်းကလည်းကိုအေးကိုရဲ့ငွေကြေးကူညီပံ့ပိုးမှုနဲ့လုပ်ဖြစ်တယ်။ အဲဒီကနေ
နေရာအခက်အခဲကြောင့် ရွှေတောင်ကုန်းဖက်ကို ရောက်လာတယ်။အဲဒီအချိန်ကျတော့ ကျနော်တစ်ယောက်တည်းဖြစ်သွားတယ်။
မေး။ ။ ဆရာ့ပန်းချီပြခန်း New Treasure နဲ့ကပ်လျက်မှာအဆောက်အဦးကြီးတစ်ခုဆောက်နေတာတွေ့ရပါတယ်။ အဲဒါကို ပန်းချီပြခန်းကြီး ပြတိုက်ကြီးပုံစံမျိုးလုပ်မယ်လို့ပြောနေသံကြားရပါတယ်။ ဟုတ်ပါသလားဆရာ။
ဖြေ။ ။ ပြတိုက်တော့မဟုတ်ဘူး။ အဲဒီမှာက ပြခန်းပါမယ်။ လူနေခန်းပါမယ်။ စတူဒီယိုပါမယ်။ အဓိကကတော့ အောက်ထပ်မှာ ပေ ၄၀ ပေ ၇၀ Hall ကြီးပါမယ်။ အဲဒါကြီးက ပြခန်းလုပ်မှာပေါ့၊ ပြခန်းနာမည်ကလည်း New Treasureအနေနဲ့ပဲဖြစ်မှာပါ။
မေး။ ။ ဆရာ့ရဲ့ အအောင်မြင်ဆုံးလို့ပြောရမယ့် ပြပွဲကိုပြောပြပါ။
ဖြေ။ ။ မှတ်မှတ်ရရကတော့ ၂၀၀၁ ခုနှစ်ကအင်္ဂလန်မှာ ပြခဲ့တဲ့ Golden Heritage ဆိုတဲ့ ပြပွဲတစ်ပွဲပါ။ အဲဒီမတိုင်မီက အမျိုးသားပြတိုက်မှာတစ်ကိုယ်တော်အနေနဲ့ပြသွားတာပေါ့။ အဲဒီကားတွေကိုပဲ အင်္ဂလန်မှာဆက်ပြတာ။ အဲဒီပြပွဲကတော့ ကျနော် ပြခဲ့သမျှ ပြပွဲတွေထဲမှာ အအောင်မြင်ဆုံးလို့ပြောရမှာပေါ့။
မေး။ ။ လက်ရှိ မြန်မာ့ပန်းချီလောကမှာ ခုနှစ်ပိုင်းအတွင်းတော်တော်လေးလှုပ်ရှားမှုအားကောင်းလာကြပါတယ်။ ပန်းချီပြပွဲတွေ စိပ်လာသလို ပြခန်းအသစ်တွေလည်းပေါ်လာကြတယ်။ အဲဒီအပေါ် ဆရာ့အမြင်လေးပြောပြပေးပါ။
ဖြေ။ ။ ပန်းချီပြခန်းတွေ အများကြီးပေါ်လာတဲ့အတွက် ပန်းချီဆရာတွေ ပြစရာအများကြီးပေါ်လာတာပေါ့။ ဒီနှစ်တွေနောက်ပိုင်းမှာ ပြည်တွင်းက ပန်းချီကားဝယ်ယူစုဆောင်းသူတွေလည်း အများကြီးပေါ်လာတယ်လေ။
အရင်တုန်းကတော့ ကျနော်တို့က နိုင်ငံခြားသားတွေကိုပဲ အဓိကထားပြီး ရောင်းရတာ။ ခုနောက်ပိုင်းကျတော့ ပြည်တွင်းက
ဝယ်သူစုဆောင်းသူတွေလည်းပါလာတဲ့အတွက်ကြောင့် ပန်းချီဆရာတွေအတွက် ဈေးကွက်က ပိုပြီးတော့ကျယ်ပြန့်သွားတာပေါ့။
မေး။ ။ ဆရာ ပန်းချီကားအရောင်းအ၀ယ်လုပ်ဖြစ်တာက ဘယ်လိုပုံစံမျိုးပါလဲ။
ဖြေ။ ။ အရောင်းအ၀ယ်ဆိုတာက ဒီလိုလေ။ ကျနော်တို့က ကိုယ်ပိုင် ဂယ်လာရီ ရှိတဲ့အခါကျတော့ New Treasure Art Gallery Member တွေရှိတဲ့အတွက် လေးလတစ်ကြိမ် မန်ဘာပြပွဲတွေလုပ်တယ်ပေါ့။ ကိုယ့်မန်ဘာကားတွေရောင်းပေးတာပေါ့။ ရောင်းရတဲ့အပေါ်မှာ ကျနော်တို့က ကော်မရှင်ရတာ။ ကျန်တာကတော့ ကျနော် ပန်းချီကားတွေကိုစုဆောင်းတယ်။ပြန်ရောင်းတာ တော့မဟုတ်ဘူး။ ၀ယ်ယူစုဆောင်းတာပေါ့။
မေး။ ။ မြန်မာ့ပန်းချီမျိုးဆက်သစ်တွေ အတွက် ဘာများအကြံပြုပြောကြားချင်ပါသေးသလဲ။
ဖြေ။ ။ အဓိကကတော့ ကိုယ်ယုံကြည်တဲ့ဟာကို ရဲရဲဝံ့ဝံ့နဲ့သူများပြောတာနားမယောင်ဘဲ ကိုယ့်ရဲ့ ကိုယ်ပိုင်ဟန်နဲ့ ဖောက်ထွက် နိုင်ဖို့က အရေးကြီးတယ်လို့ထင်တာပါပဲ။ Ism ဟာအဓိကမဟုတ်ဘူး။ ဘာပဲလုပ်လုပ်စွဲစွဲမြဲမြဲနဲ့ကျွမ်းကျွမ်းကျင်ကျင်ဖြစ်ဖို့က အရေးကြီးတယ်။ နောက် … ကိုယ့်ဟန်ဖြစ်ဖို့ပေါ့လေ။ အဲဒါကလည်းအရေးကြီးတယ်။ ကျနော်တို့ပန်းချီဆရာတွေရဲ့ဘ၀က တာဝေးအပြေးသမားပေါ့။ ရုပ်ရှင်မင်းသား အဆိုတော်တွေလို တစ်ကားတည်းတစ်ပုဒ်တည်းနဲ့ နာမည်ကြီးပြီး ဟုန်းခနဲအောင်မြင်သွားတဲ့ဟာမျိုးက ကျနော်တို့လောကမှာ အရမ်းနည်းပါတယ်။ ပန်းချီဆရာက ရေရှည်သွားရတာပေါ့။ ရေရှည်ရပ်တည်နိုင်ဖို့၊ ရေရှည်အောင်မြင်ဖို့ပဲ ကြိုးစားရတာ။ရေတိုမဟုတ်ဘူး။ရေရှည်မှာ ဇွဲမလျှော့ဘဲ စိတ်ဓာတ်မကျဘဲ သွားနိုင်ဖို့ အရေးကြီးပါတယ်။
ကျေးဇူးတင်ပါတယ်ဆရာ။
7DayNews ဂျာနယ်။









