ရခိုင်သား မွန်သွေးနည်းနည်းစပ်တယ်။ သံတွဲရဲ့ အထင်ကရ ဖြစ်ခဲ့ဖူးတယ်။ အရက်ဆိုင်မန်နေဂျာကို ငါးတန်းလောက်ကတည်းက လုပ်ခဲ့တယ်။ ရွှေထီးဆောင်းတဲ့ အရက်ဆိုင် မန်နေဂျာ ဘဝ ငါးတန်းကျောင်းသားဘဝလောက်ကတည်းက စာရင်းလိမ်တတ်တယ်လို့ သူကိုယ်သူပြောတယ်။ အဖေက ရုက္ခဗေဒ နောက်ဆုံးနှစ်ထိ ကျောင်းတက်ခဲ့တယ်တဲ့ ။ အမျိုးကိုစစ်ရင် ဆွေကြီးမျိုးကြီးလို့ပြောလို့ရတဲ့ အထဲကပဲ။ ဒါပေမဲ့ သူအမေနဲ့ ညားတော့ အိမ်က သဘောမတူလို့ ဆွေခန်းမျိုးခန်း ဖြတ်ခံရတယ်ထင်ပါ့။ သူတို့ အဖေ အမျိုးတွေကောင်းစားတဲ့ အချိန်မှာ ထောက်ပံ့ကူညီခဲ့ပေမဲ့ သူအဖေကအရက်ကြောင့် ခပ်မြန်မြန်ပဲ သူတို့ သားအမိတွေကို နှုတ်ဆက်သွားခဲ့တယ်။
သူ အခြေခံပညာအထက်တန်းကို ငပလီ မှာတက်ခဲ့တယ်။ ကျောင်းကို အသွားအပြန် ဆယ်မိုင်လောက်စက်ဘီးနင်းပြီးကျောင်းတက်ခဲ့တယ်။ သံတွဲမှာနေတဲ့အချိန် ကဗျာကို အရူးအမူး တွယ်ငြိချိန်မှာ စာပေဝိုင်းတွေ လစဉ်ကဗျာစာအုပ်တွေကို အသက် ၁၆-၁၇ လောက်နဲ့ ဦးစီးပြီးလုပ်ခဲ့တယ်။ သူတို့ကဗျာဝိုင်း ရဲ့ကဗျာစာအုပ်လေးတစ်အုပ်ကို မြန်မာ့ဓနမှာဆရာမောင်ကြည်နိုင်က ရေးဖူးတယ်လို့ ပြောတယ်။ ဒီလိုနဲ့ အဖေ ဆုံးပြီးတော့ အဖေဘက်ကအမျိုးတွေက ရှိသမျှအကုန်ပြန်သိမ်းပြီး အိမ်နေရာ တစ်ကွက်ပဲပေးခဲ့တာကိုရောင်းပြီး အမေက သတ္တိကောင်းကောင်းနဲ့ ရန်ကုန်တက်လာတာတဲ့။
ဒါတောင်ဒီကောင်က ရန်ကုန်မလာချင်လို့ သံတွဲ ကြက်ခြေနီရုံးခန်းမှာ ယူနီဆက်ပ် ပရောဂျက်နဲ့ တစ်သောင်းခွဲစား ဘော်လန်တီယာ(volunteer) တစ်နှစ်လောက် ယောင်လည်လည် ဝင်လုပ်နေသတဲ့။ နောက်ဆုံးအမွေရတဲ့ စက်ဘီး တစ်စီးနဲ့ သံတွဲမှာ ယောင်နေရင်းက စိတ်ရူးပေါက်လို့ အမေနောက်ကိုလိုက်လာရင် အခုတော့…. နေ့ချင်းကြီး ရန်ကုန်သား ဖြစ်နေပြီ။ ရန်ကုန်ရောက်တော့ လက်ထဲမှာ တစ်ကျပ်မှ မပါဘဲ တက္ကစီငှားပြီး ရွာမထဲမှာ အမေအိမ်ရှာသတဲ့ ။ အတော်ဝထ္ထုဆန်တယ် ။ အင်းစိန်ရွာမ မှာ လိပ်စာမသိဘဲ အိမ်ရှာနိုင်ပုံထောက်ကတည်းက ဒီကောင် ဇ ကို ခန့်မှန်းမိတယ်။
စကားနည်းတယ်။ ပြောသမျှ နားထောင်ခေါင်းငြိမ့် ။ အရက်ကို ဖြေးဖြေးသောက်။ ကဗျာရေးဖို့ ချောင်းနေတတ်တယ်။ လူချစ်လူခင်များတယ်လို့ဆိုရမှာပဲ… ကျနော်တို့ အရက်ဝိုင်းက သူ့ ကို ဦးတည်ပြီးဖြစ်လာတာ။ အရက်ဝိုင်းမှာ အပြောသမားက ဖိုးသီဟ နဲ့ မင်းထက်စံ။ နားထောင်ဝင်ရှင်းတာက ကျနော် ။ အရက်ကို ထည့်သမျှ ကုန်အောင်သောက်တာက သက်ပိုင်ဌေး။ မိန်းမတွေနဲ့ ပါတ်သတ်ရင် ဘာပဲဖြစ်ဖြစ် အော်ကြီးဟစ်ကျယ်ခံစားတာတော့သိပ်မတွေ့ရဘူး ။ သိပ်မတွေ့ရဆို အွန်လိုင်းမှာ သားပြောမယားပြော ပြောလို့ရနေတဲ့သူတွေက နည်းတာမှ မဟုတ်တာ။
အရက်ကို ခုံခုံမင်မင်သောက်ပြီးတော့ ဖိုးသီဟ ခေါ်ရာနောက်ကို လိုက်ပြီး ကဗျာတစ်ပုဒ်ကို နှစ်သောင်းသုံးသောင်းလောက်လည်းပေးဝယ်တက်တယ်။ ကျနော်နဲ့ ခင်မင်ပြီးမကြာခင် ဆေးရုံတက်ရတယ်။ ဆေးရုံရောက်တော့လည်း ခပ်အေးအေးရယ်… သူ့ကိုယ်သူ မသေမှန်းလည်းသိပုံရတယ်။ ဆေးရုံက ဆင်းလာတော့ ဆေးလိပ်ဖြတ်လိုက်တယ် ။ ဘီအီးတော့မသောက်တော့ဘူး ။ သေလိမ့်မယ် မသောက်နဲ့လို့ပြောတဲ့ သူ ကို အရက်နေ့စဉ်သောက်ဖြစ်အောင် မမြူဆွယ်ဘဲ လွှမ်းမိုးနိုင်တဲ့ကောင်။
ကဗျာတွေစာတွေကို သိပ်မဝေဖန်ဘူး ။ဆက်ရေးလို့ ပဲပြောတက်တဲ့ကောင်ရယ်။ သူဆီက ဘာ စာပေသီဝရီရွတ်ဖတ်သံမကြားရဘူး ။ ကဗျာကို ကဗျာလို့ ရေးပြီးတော့ ကဗျာကို နှလုံးသားနဲ့ ခံစားတက်တဲ့ကောင်။ မူးပြီးအွန်လိုင်းများတက်ရင် အပြင်မှာဆဲသံမကြားဖူးသလောက် ကိုယ်ပိုင်ပစ္စည်းကို ကာစတန်မက်ဆေ့တင်ဆဲတာ။ ဂျီတော့တင်မကဘူး မျက်နှာနဲ့တွဲရက် ဖေ့စ်ဘွတ်မှာပါဆဲရဲတဲ့ကောင် ။ လူက ကဗျာဆရာသာပြောတယ် ရုပ်က ရဲရုပ်…ဘယ်သွားသွား ရဲအထင်ခံရတဲ့ကောင်။ ကိုယ့်ရုပ်ကိုလည်း အတော်ဂရုစိုက်တဲ့ ကဗျာဆရာရယ်။ နိုက်ကလပ်က အိမ်သာထဲဝင်သေးပေါက်ပြီးပြန်အထွက် ဆံပင်ပုံစံမပျက်အောင် လုပ်နေတာတွေ့ခဲ့ရ သေးတယ်။ မျက်နှာပြောင်ပုံတော့မပြောနဲ့…. ။
သတင်းထောက်လုပ်တာ သုံးနှစ်ရှိပြီး ပန်းချီစာပေအနုပညာသမားတွေရဲ့ ဘဝတွေကို ကော်လံစားရေးနေတယ်လို့ပြောလို့ရတယ်။ နိုင်ငံရေးသတင်း၊ ဗေဒင်သတင်းတွေလိုက်တယ်၊ ထင်ရှားကျော်ကြားလေး တစ်ပုဒ်နှစ်ပုဒ်ရေးတယ် ။ နိုင်ငံပါကျော်ရော… ဗီစီဒီတစ်ခုထဲမှာ နာမည်အကြာကြီးပါလာလို့ ။ အခုတော့ လက်တော့ပ်ရူးရူးနေတယ်။ တစ်ရုံးလုံးမှာ လက်တော့ပ်မရှိတာ သူတစ်ယောက်တည်းဖြစ်နေလို့တဲ့။ ဒီနှစ်ကုန်ရတဲ့ ဘော့နပ်စ်ကို လက်တော့ပ်ဝယ်မယ်တကဲကဲ လုပ်နေရဲ့။ ကျင်လည်ခဲ့ပုံဖြတ်သန်းခဲ့ပုံတွေကြည့်ရင်တော့ ဒီကဗျာဆရာကနည်းတဲ့ ဇမဟုတ်ဘူး ။ဘဝနေနည်းအနုပညာကို ခင်ဗျားတို့ ကျုပ်တို့ထက် ဆယ်ပြန်လောက်ပိုပြီး ကျွမ်းကျင်တယ်။ အချိန်ကိုက်နေရာကိုက်နဲ့ ဘဝ ကို အံဝင်ခွင်ကျ ဖြတ်သန်းနေတယ်…။ အရက်ကြောင့်မြန်မြန်မသေရင် ကဗျာဆရာကောင်း စာရေးဆရာကောင်းဖြစ်လာမဲ့ကောင်လို့ ထင်တယ်။










