Written by- ဥက္ကာကိုကို
မအေးလေး ၊ သဲသဲနဲ့ ရတနာ……ဆိုတဲ့ ကျွန်မတို့ သုံးယောက်ဟာ မဟာတန်းတက်နေကြတဲ့ အချစ်ဆုံးသူငယ်ချင်းတွေပေါ့ ။ စစ်တွေတက္ကသိုလ်ကြီးနဲ့ ရေစက်မကုန်ကြသေးတဲ့ အပျိုကြီးလေးတွေလေ ။ ဟင်းဟင်း …။ တကယ်ပါရှင်။ ပထမနှစ်ကနေအခုမဟာတန်း ရောက်တဲ့အထိ ကျွန်မတို့မှာ ရည်းစားမရှိခဲ့ကြပါဘူး။ မျက်မှန်လေးတွေကိုယ်စီနဲ့ စာကြမ်းပိုးမသုံးယောက်ကို ကြိုက်မယ့်သူပဲမရှိတာလား။ အနားမကပ်ရဲဘဲ ရှိန်နေကြတာလားတော့ မသိဘူး ။ တစ်ချိန်မှာ ဆရာမဖြစ်လာမယ့်သူတွေမို့ အိနြေ္ဒကြီးနဲ့ ဟန်လုပ်နေရပေမယ့် ကျွန်မတို့ တတွေ ရည်းစားလိုချင်နေကြတာ တပိုင်းကိုသေနေပါပြီရှင် …..။
အဆောင်က တချို့ညီမလေးတွေများ ညနေစောင်းရင် ဘဲဘဲကိုယ်စီနဲ့ ထွက်ထွက်သွားကြတာတွေကြည့်ပြီး ကျွန်မတို့မှာ…. မဆီမဆိုင် ရင်တွေခုန် ၊ ဖင်တွေကျိန်းလို့…။ ဒီနှစ်မှာတော့ ရည်းစားလေး ဘာလေးရကောင်းပါရဲ့…လို့ ဖြေသိမ့်ရင်း …ငှက်ပျောသီးတွေပဲ ဖိစားနေမိကြတယ်။ ( ဟင်…ဘာမှလည်းမဆိုင်ပါလား )
တစ်နေ့..ပဲဆိုပါတော့။ ကျွန်မတို့သုံးယောက် စိတ်ပြေလက်ပျောက် ` ဗယ်လင်တိုင်း´ကဖေးထဲသွားထိုင်ကြတယ်။ ဆိုင်ထဲ မှာက အတွဲတွေချည်းပဲရှင့်။ ကျွန်မတို့ခမျာ သူတို့ကိုငေးရင်း လျှာရည်ကျ(အဲလေ) ငိုင်နေမိကြတယ်ပေါ့ ။ သြော်…ဖူးစာရှင်ရယ်… ဘယ် မာဆက်များရောက်နေတာလဲကွယ်။
အဲဒီအချိန်မှာ ကံကောင်းခြင်းလက်ဆောင်ဟာ ဆိုင်ဝမှာပေါ်လာပါတယ်။ အို…..ချောလိုက်တဲ့ကောင်လေးရယ်။
“ဟယ်…ဂျွန်စောလေးတော့ ´´
မအေးလေးရဲ့နှုတ်က ထွက်ကျလာသံပါ ။ ကောင်လေးက တစ်ကိုယ်တည်းဖြစ်ပုံရတယ်။ မြင့်မားတဲ့အရပ်အမောင်းနဲ့ ။ စူးရှတဲ့ မျက်ဝန်းအစုံနဲ့။ ပေါ်လွှင်တဲ့နှာခေါင်းလေးနဲ့ ။ အို…..အဲဒီ သူ့နှုတ်ခမ်းလေးကိုရင်ခုန်လိုက်တာ ….။ ဟင်…ကောင်လေးက ကျွန်မတို့ဝိုင်းကို ၀င်လာပါလား။ သြော်…တခြားဝိုင်းတွေက လူပြည့်နေတာကိုး ။ ကောင်လေးကသူ့ကို မျက်လုံးကျွတ်ကျမတတ် ကြည့် နေကြ တဲ့ကျွန်မတို့ ကို ပြောလာပါတယ်။
“မမတို့ အနှာင့်အယှက်မဖြစ်ဘူးဆိုရင် ကျွန်တော်ထိုင်ပါရစေနော်´´
“ အိုး….သိပ်ရတာပေါ့ကွယ် ၊ ထိုင်ထိုင် ..မောင်လေး ၊ ထိုင်ပါကွယ်..ထိုင်ပါ´´
အလုအယက်ပြောလိုက်ကြတဲ့ ကျွန်မတို့ရဲ့ အသံတွေကြောင့် ကောင်လေးက ပြုံးတယ်။
“ကျွန်တော့်နာမည်..ကျော်စွာတုတ်ကြီးပါ´´
“ဟယ်…နာမည်လေးက ရင်ခုန်စရာကောင်းလိုက်တာ´´
“အင်တာနေရှင်နယ် ဆန်လိုက်တာနော်´´
ကောင်လေးက စားပွဲထိုးမလေးကို ဒိုမီနိုတစ်ခွက် လှမ်းမှာလိုက်တယ် ။ ပြီးတော့…………
“မမတို့ကိုကြည့်ရတာ ခင်စရာကောင်းမယ့်ပုံပဲ´´
“…….ကွယ်…….´´
ကျွန်မတို့တတွေ အာခေါင်တွေခြောက်…ရင်အစုံလှိုက်ဖို…ရေငတ်သလိုတွေဖြစ်…..။ ဟင်းနော်….ဖက်နမ်းပစ်ချင်လိုက်တာ နော်……။ မင်းရဲ့ညို့အား ပြင်းလှချည်လားကောင်လေးရယ်…..။
“ကျွန်တော်က အရမ်းခင်တတ်တာဗျ….ကျွန်တော်ခင်သလို…ကျွန်တော့်ကို
တဖန်ပြန်ခင်ကြပါနော် …………´´
“အို….ခင်မှာပါကွယ်…ခင်မှာပါ´´
“သဲသဲတို့က အားရပါးရ ခင်ပစ်လိုက်ဦးမှာ´´
“ခင်ဦးမှာ….ပက်ပက်စက်စက်ကို ခင်ပစ်ဦးမှာ…စိတ်ချ..ဟင်းဟင်း´´
“ကျွန်တော်က ကျွန်တော်ခင်သလို ကျွန်တော့်ကို တဖန်ပြန်ခင်မှ ကြိုက်တာဗျ…
လမ်းတွေ့ရင်လည်းခေါ်နော်….လိုအပ်ရင်လည်းခေါ်ပါ…ဟဲ..ဟဲ…အခုတော့
သွားလိုက်ပါဦးမယ်….အဟီး..´´
ကောင်လေးက အအေးကိုကောက်မော့ပြီး ခပ်သုတ်သုတ်ထထွက်သွားပါတော့တယ်။
အို…..မမတို့ကို မျှော်လင့်ချက်တွေပေးခဲ့တာလား ကောင်လေးရယ်။ ညို့အပြုံးပိုင်ရှင်လေးရယ်….။ မမတို့ရဲ့ ဂျွန်စော မောင်လေးရယ်…။
ကျွန်မတို့တတွေ သူကလေးနောက်ကျောကို အသက်မရှုအားဘဲ အတိုင်သားလိုက်ကြည့်နေကြမိရဲ့။ ခင်တယ်တဲ့လား… ကောင်လေးရယ်။ မင်းခင်သလို မမတို့မင်းအပေါ် တဖန်ပြန်ခင်မှာပါကွယ်..။ တဖန်ပြန်….ခင်….အင်…အင်…။
ဟင်….ဒါ…ဒါ….ကျွန်မတို့ကို တစ်ပတ်ရိုက်စော်ကားသွားတာပဲ ။ ကျွန်မတို့သုံးယောက် တစ်ယောက်ကိုတစ်ယောက် ဒေါသ ထွက်ထွက်နဲ့ ပြိုင်တူကြည့်လိုက်တယ်…။
တောက်…..တောင်ဖက်ငပိကို လက်သီးနဲ့ ထိုးထားတဲ့ရုပ်နဲ့အကောင်။ ဆယ်ပြားစေ့ကို 45 ဒီဂရီစောင်းပြီး ဖြတ်ထားတဲ့ ရုပ်နဲ့အကောင် ။ တူပါလိမ့်မယ် ဂျွန်စောနဲ့ …ဝေးသေး…။ အရပ်ကလန်ကလားနဲ့ ပဲလင်းမြွေသီးကောင် ။ ခွေးသူခိုး မျက်လုံးနဲ့အကောင် ။ စိုးသူနဲ့ ကျော်ထူး စပ်ကျထားတဲ့ နှာခေါင်းပိုင်ရှင်ကောင် ။ ၀က်မဖင်လိုနှုတ်ခမ်းနဲ့ကောင် ။
ဟင်း……..ရှက်လိုက်တာနော်……။ တစ်သက်လုံးစောင့်ထိန်းထားခဲ့သမျှ အရှက်သိက္ခာတွေ ဒီသေနာလေးနဲ့ကျမှ
ဟက်တက်ကြီးပြဲ(အဲ) ကွဲသွားခဲ့ပြီ။
ခွေးနာလေးရဲ့ “ခင်ပါနော်´´ဆိုတဲ့အသံ ပြန်ကြားမိတိုင်း ကျွန်မတို့တတွေ …တွန့်ခနဲ…တွန့်ခနဲ…..။
“ တောက်…ငနာလေး…အအေးဖိုးလည်းရှင်းမသွားဘူး´´ ။ ။
မေတ္တာဖျန်း၍ လန်းကြပါစေ…….
ဥက္ကာကိုကို(သံတွဲ)









