လမင်း
(အိပ်စရာအိမ်လဲမရှိဘူး…ညညတွေမှာလမ်းလျှောက်နေရတာ…ခင်ဗျားအားမငယ်ဘူးလား…)
ကဗျာဆရာက ထိုမေးခွန်းကို နာပုံမရချေ။
(ဟင့်အင်း…အားမငယ်ပါဘူး……. လမင်းနဲ့အတူတူရွှေ့လျားနေရတာပျော်စရာကြီးပေါ့ဗျာ…မြင့်မြတ်ပါတယ်…)
(ဘာမြင့်မြတ်တာလဲ)
(သြော်…အနောက်ကနေအရှေ့ကိုဦးတည်လျှောက်တယ်ဆိုတာ မြင့်မြတ်မှုတစ်ခုပဲမဟုတ်လား….)
နှောင်ကြိုး
ရုပ်။ ။ ငါ မင်းနဲ့မလိုက်ချင်တော့ဘူး ၊ ငါ့ဘာသာငါရပ်တည်မယ်…တို့လမ်းခွဲကြစို့…။
စိတ်။ ။ အေးလေ…အဲဒီကိစ္စကို ငါတို့အေးအေးဆေးဆေးဆွေးနွေးသွားကြတာပေါ့ ၊ လာ…။
ထိုသို့ဖြင့် ရုပ်သည် စိတ်နောက် ပါသွားရပြန်သည်။ ။
ဒုက္ခ
(ဟား..ဟား…ဟား…ငါဟာ ကျားသေကိုတောင်ပြန်အသက်သွင်းနိုင်ပြီကွ…ဟားဟား..ဟား…)
အောက်လမ်းဆရာကြီးက ရင်ဘတ်ကိုတ၀ုန်းဝုန်း ထုကာဂုဏ်ယူကြွေးကြော်၍ မြူးတူးနေသည်။ သူအတင်းနှိုးသဖြင့် အိပ်ပျော်ရာမှလန့်နိုးလာသော ကျားကြီးက စိတ်ပျက်လက်ပျက်ဖြင့် ငုတ်တုတ်ထိုင်ကြည့်နေလေသည်။
ကျဆင်းသူများ
(ကျတာတော့ ကျမှာပေါ့ဗျာ…လူဆိုတာ နိမ့်ကျတတ်တဲ့အခါလဲရှိတာပဲ…)
(ဟုတ်တယ်…လိုအပ်ရင်တမင်တောင် ခုန်ချရသေးတယ် )
(ဒါပေမယ့် အကျကောင်းဖို့တော့လိုတာပေါ့ဗျာ…)
(အင်းလေ…ဟုတ်တော့ဟုတ်ပါတယ်………)
ထိုသို့ဖြင့်…….
ခြေကျိုးများ၏စကားဝိုင်းလေး တိတ်ဆိတ်သွားလေသည်။
ဆိတ်ငြိမ်သူ
လူ ။ ။ ခင်ဗျားက တော်တော်ကြီးကျယ်တဲ့ သတ္တ၀ါကြီးပါလား…။
ကောင်းကင် ။ ။ — – - – — – - – - – - – - – - – - – -
(ဖြေသံမကြားရချေ)
(ဆရာ့ရဲ့ ၀တ္ထုတိုလေးတွေပါ။ ကျွန်တော်တူးဖော်ခဲ့သောမြေစိုင်မြေခဲများအကြောင်း(၁) စာအုပ်ထဲကပါ။
ရသတစ်ခုခုတော့ပေးစွမ်းနိုင်လိမ့်မယ်လို့ယုံကြည်ပါတယ်။ ။ )









