RSS

Daily Archives: May 8, 2011

ခရီးသည်

ဥက္ကာကိုကို

(၁)

““ဘုရားရေ…””

သူ့နှုတ်မှ အာမေဋိတ်သံထွက်ခြင်းဖြစ်သည်။

““ဝေ…..””

သူ့အသံနောက်မှာကပ်ပါလာသည့် ပြန်ထူးသံတစ်ခုကြောင့် သူအူလည်လည်ဖြစ်သွားရသည်။ ဘေးဘီဝဲယာကို ကျီးကန်းတောင်းမှောက်ကြည့်လိုက် တော့လည်းမည်သူတစ်ဦးတစ်ယောက်ကိုမျှ မတွေ့ရ။သူရောက်နေတာကွင်းပြင်ကျယ်ကြီးဖြစ်ပြီး ပုန်းခိုနေစရာသစ်ပင်ဝါးပင်လည်း မရှိ။ သူနည်းနည်း“တင်း” သွားသည်။ ကောင်းကင်ကြီးကိုမော့ကြည့်ကာလက်သီးဆုပ်၍…

““ဘယ်ကောင်လဲကွ.. ငါ့ကိုလှောင်တာ…တောက်””

(၂)

ဒီလိုနှင့် မြို့တစ်မြို့ကို သူရောက်ခဲ့သည်။ မြို့လေးကကျဉ်းမြောင်းလွန်းပြီး လမ်းတစ်လျှောက်မှာလူတွေပျားပန်းခတ် သွားလာနေကြ၏။ ရုတ်တရက် မုတ်ဆိတ်ကျင်စွယ်ဗရပွနှင့် လူကြီးတစ်ဦးက အ၀တ်မပါကိုယ်ဗလာလုံးတီးဖြင့် သူ့ဘေးမှ ဖြတ်ပြေးသွားသည်။

““အောင်ပြီကွ…အောင်ပြီ..အောင်ပြီ””ဟုလည်းပြေးလွှားရင်းကြွေးကြော်သွားလေသည်။

သူစိတ်လှုပ်ရှားသွားသည်။ လူကြီးပြေးသွားရာကိုလက်ညိုးထိုး၍…

““ဒါ…. ဒါ… အာခီမီးဒီးစ် ပဲ””

သူလွှတ်ခနဲအော်လိုက်တော့ အနားမှ ကွမ်းယာသည်တစ်ဦးကလှမ်းပြောသည်။

““ဘယ်ကအာခီမီးဒီးစ် ရမှာလဲ… ဒါ ဒီမြို့က အရူးဖိုးအေးဗျ””

““ဟမ်””

(၃)

လျှောက်လာရင်း လူတစ်ယောက်ကိုသွားတွေ့သည်။ သိပ်တော့ဟန်မကျ။ ထိုလူ့ကိုကြည့်ရတာ နည်းနည်းလေး တော့လွဲနေပုံရသည်။ လမ်းခွဆုံ တစ်နေရာမှာဖြစ်၏။ သူလှမ်းခေါ် လိုက်သည်။

““ဗျို့…. ဟေ့လူ””

ထိုလူကသူ့ကိုတစ်ချက်ငဲ့ကြည့်ပြီးလက်ကာပြသည်။ အနားကိုသူကပ်သွားတော့ ထိုလူကသူ့ဘာသာတစ်ယောက် တည်းအလုပ်ရှုပ်နေသည်။ လက်ထဲမှာတီဗီရီမုတ်တစ်လုံးကိုကိုင်ကာဟိုချိန်ဒီချိန်လုပ်နေတာဖြစ်၏။ သူနားမလည်နိုင်ဖြစ်ရ သည်။

““ခင်ဗျားဘာလုပ်နေတာလဲ…ဒါက””

““အသာနေစမ်းပါကွာ… ငါ စမ်းသပ်ချက်တစ်ခုလုပ်နေတာ””

““ဘာများလဲဗျ””

““ဒီရီမုတ်ကထွက်လာတဲ့ ဝေ့ဗ်လှိုင်းတွေနဲ့ လူတွေရဲ့မသိစိတ်ထဲကနပ်ဗ်ကြောတွေကိုလှမ်းထိန်းချုပ် နေတာ… ဒါကို Control to Sixth Sense လို့ခေါ်တယ်၊ ဆဋ္ဌမအာရုံထိန်းချုပ်မှုပေါ့ကွာ””

““ဟင်…. အဲလိုရလို့လား””

““အဲဒါခက်နေတာပေါ့ကွ… ခုထိတစ်ယောက်မှ ထူးခြားတာမပြသေးဘူး””

သူရယ်ချင်ပက်လက် ဖြစ်သွားရသည်။ ထိုလူကတော့ သူ့ကိုဂရုမထားအားဘဲရှေ့မှဖြတ်သွားသောလူတိုင်းကို လက်ထဲမှ ရီမုတ်ဖြင့် လှမ်းလှမ်းချိန်ကာဟိုနှိပ်ဒီနှိပ်လုပ်နေဆဲဖြစ်သည်။ သို့နှင့်….

““ခင်ဗျားဘာဓာတ်ခဲသုံးထားတာတုန်း””

““ပါဝါဓာတ်ခဲကွ””

““အဲဒါကြောင့်မရတာဗျ… လူတွေရဲ့စိတ်ကအင်အားကြီးလွန်းတယ်။ ရိုးရိုးဓာတ်ခဲနဲ့မရလောက်ဘူး။ အေသုံးလုံးအယ်ကာလိုင်းဓာတ်ခဲပြောင်းသုံးကြည့်ပါလား””

““ဟေ…အေး..ဟုတ်သားဘဲကွ..မင်းစဉ်းစားတာသိပ်ကောင်းတယ်..ကျေးဇူးပဲ…..ငါစမ်းကြည့်လိုက်ဦး

မယ်””

သူမချိုမချဉ်မျက်နှာပေးနှင့် လှည့်ထွက်လာခဲ့သည်။

(၄)

တစ်နေရာရောက်တော့ လူစုစုရုံးရုံးကိုတွေ့ရတာကြောင့် သူလည်းမနေနိုင်မထိုင်နိုင်သွားစပ်စုမိပြန်၏။ မေ့မျောနေ သောလူတစ်ဦးကို စောင်ပုခက်နှင့်ထုပ်ပြီး ဆေးရုံပို့ရန်ပြင်ဆင်နေကြခြင်းဖြစ်သည်။ ကြည့်နေသူတစ်ဦးကိုကပ်၍ မေးကြည့်ရ သည်။

““ဘာဖြစ်တာလဲဗျ””

““မြွေကိုက်လို့လေ””

““သြော်… ကျွတ်…ကျွတ်””

““ဒီလူကတရားသမားဗျ… သူ့ဖာသာညောင်ပင်အောက်မှာမေတ္တာသုတ်ရွတ်နေတာကိုမြွေကလာကိုက်တာ””

““ဟင်… ””

““တော်သေးတာပေါ့.. နွားသတ်နေတဲ့ဘတုတ်တို့ လှမ်းမြင်လိုက်လို့….””

““အဲ…””

““ရပ်ကွက်ထဲကဆရာဝန်ကလည်း ငါမျှားထွက်သွားတယ်””

““အလို…””

““ရပ်မိရပ်ဖတွေကလည်း ……””

““အင်း…. ဖဲသွားရိုက်နေကြတယ်မလား””

““ဟုတ်တယ်…. နောက်ပြီး….””

““တော်ပါတော့ဗျာ””

(၅)

မြို့ကလေးကိုလှည့်ပတ်ကြည့်ရှုရင်း မြို့တော်ခန်းမကြီးနားသူရောက်လာသည်။ ခန်းမရှေ့မှာလူတွေအုံခဲနေ ကြသည်။ သူ့ဘေးနားမှလည်း တချို့တလေအပြေးအလွှားသွားကြည့်နေကြသည်။ သူလည်းမပြေးရုံတမယ်လေး ခပ်သွက် သွက်တိုးသွားလိုက်သည်။ ခုံလေးတစ်ခုပေါ်တွင် ခေါင်းစုတ်ဖွားနှင့်လူကြီးတစ်ယောက် တက်ရပ်နေသည်ကို လူတွေဝိုင်း ကြည့်နေကြတာဖြစ်သည်။ မြို့ခံသတင်းထောက်တချို့ကိုလည်း ကင်မရာတကားကားနှင့်တွေ့ရသည်။ ကင်မရာမီးရောင်တွေ ကတဖျပ်ဖျပ်လက်နေသည်။ သူ့ဘေးနားကဆိုက်ကားသမားဖြစ်ဟန်တူသည့် လူတစ်ဦးက သူ့ကိုတိုးတိုးပြောပြသည်။

““ပါဖောင့်မန့်ပြနေတာတဲ့ဗျ… ဘာမှန်းတော့မသိဘူး… ရူးကြောင်ကြောင်နဲ့””

““သြော်… ””

ဟုတ်လှချည်လားပေါ့။ သူတွေးမိသည်။ ဒီလိုမြို့ငယ်လေးတစ်ခုမှာပါဖောင့်မန့်အနုပညာသမားတွေ ထွန်းကားနေ တာကိုသူတအံ့တသြဖြစ် သွားသည်။ ခုံပေါ်ရပ်နေသောပါဖောင့်မန့်သမားဆိုသူကိုသတင်းထောက်တွေက ၀ိုင်းမေးနေကြ၏။

““၂၁ရာစုရဲ့အပီပြင်ဆုံး အရူးတစ်ယောက်အနေနဲ့ ဘာများပြောလိုပါသလဲ””

ပါဖောင့်မန့်ဆရာကြီးကအမေရိကန်သမ္မတအိုဘားမားစတိုင်အတိုင်းလက်ဝှေ့ယမ်းလိုက်ကာပါးစပ်ကလည်းပြန် ဖြေသည်။

““We Can Change….. We Can Change””

““တော်တော်ပေါရဲတဲ့လူပါပဲခင်ဗျာ… ခုလိုဖြေကြားပေးတာကျေးဇူးတင်ပါတယ်””

မြို့လူထုရဲ့ အနုပညာခံစားမှုအပေါ် တလေးတစားအလေးပြုပြီးသူထွက်ခဲ့ပြန်သည်။

(၆)

သူ စိတ်ရောကိုယ်ပါ ညစ်ညူးစွာဖြင့် မြို့ကိုစွန့်ခွာခဲ့သည်။ ကျောပိုးအိတ်တစ်လုံးလွယ်ကာ လကမ္ဘာသဏ္ဍာန် ကတ္တရာလမ်းမကြီးပေါ် တရွေ့ရွေ့လျှောက်နေသောသူ့အား ဖြတ်သွားဖြတ်လာလော်ရီကားကြီးများက တစ်စီးမှ ရပ်မပေးကြ သလို သူကလည်းတစ်ကြိမ်မှလှမ်းမတားချေ။ အချိန်က ညနေစောင်းစပြုနေပြီဖြစ်သည်။

သူမျက်နှာမူထားတာက အရှေ့အရပ်ဖြစ်သောကြောင့် လိမ္မော်ရောင်ရင့်ရင့်နေလုံးကြီးက သူ့နောက်မှာတအိအိပြို ဆင်းလျှက်ရှိသည်။ သူဘယ်ကိုသွားနေသလဲဆိုတာသူကိုယ်တိုင်မသေချာ။ ခြေလှမ်းတွေကတော့ အလိုအလျောက်စနစ် တပ်ဆင်ထားသကဲ့သို့ ဆက်လက်ရွေ့လျား နေဆဲဖြစ်သည်။ တစ်နေ့နေ့မှာတော့ တစ်မြို့မြို့ကိုသူဝင်ရလိမ့်ဦးမည်ဖြစ်ကြောင်း သူသိနေသည်။

ထိုသို့ဖြင့် မြို့ပေါင်းများစွာကိုသူဖြတ်သန်းရဦးမည်။ လူပေါင်းများစွာကိုသူတွေ့ရဦးမည်။ စရိုက်သဘာဝပေါင်း များစွာကို ကြုံရဦးမည်။ ထို့နောက် စိတ်ပျက်လက်ပျက်ဖြစ်ရဦးမည်။ ရှာဖွေနေသောအရာတစ်ခုကိုရရှိဖို့အတွက် သူ့ခရီးတွေ ရှည်လျားလိမ့်ဦးမည်။ ထိုမတိုင်မီမှာသူသေသွားခဲ့သော်….။

ရုတ်တရက် သေခြင်းတရားက သူ့ခေါင်းထဲပလုံစီဝင်လာသည်။ ခရီးမဆုံးမီ…. ငါသေခဲ့ရင်…။ ရှာဖွေခြင်းမဆုံးမီ…. ငါသေခဲ့ရင်….။ တရိပ်ရိပ်နစ်ဝင်လာသော အမှောင်ထုယဲ့ယဲ့အောက်မှာ သေခြင်းတရားအတွေးက သူ့နှလုံးသား၏ ဗဟို ချက်မကိုစူးခနဲတစ်ချက်ဖြစ်သွားသည်။

““ဘုရားရေ….””

““ဝေ….””

““လာပြန်ပြီ…

ဘယ်ကောင်လဲကွ… ငါ့ကိုလှောင်နေတာ… တောက်””

““………………..””

(၇)

ဆိတ်ငြိမ်ခြင်းသည်ကျယ်လောင်လွန်းချေ၏။ ။

ဥက္ကာကိုကို

 
3 Comments

Posted by on May 8, 2011 in ကဗျာ

 
 
Follow

Get every new post delivered to your Inbox.