RSS

ငါသေခဲ့သော်…..

02 May

ငါသေခဲ့သော်….
ငါ့ကိုယ်ငါ သရဏဂုံတင်ထားတဲ့အတွက် ဘုန်းကြီးငါးပါးလည်းမလိုပါ
ဥက္ကာရေ…အမျှ အမျှ အမျှလို့လည်း ရေရွတ်ကြစရာ မလိုပါ
တတ်စွမ်းသရွေ့ဒါနလေးတွေ အခွင့်ကြုံတိုင်းလုပ်နေတဲ့အတွက် ကူးတို့ခလည်းမလိုပါ
ငါဟာ ငရဲပြည်ရော နတ်ပြည်ရော နှစ်ပြည်စလုံးကိုတစ်လှည့်စီသွားနေမှာဖြစ်တဲ့အတွက်
ကောင်းရာမွန်ရာ ရောက်ပါစေလို့ ဆုတောင်းကြစရာလည်းမလိုပါ
ငါ့ကိုယ်ငါလည်း သံဝေဂယူထားတယ်
ထို့အပြင်
မည်သူမဆိုလည်း လာရောက်သံဝေဂယူနိုင်ပါတယ်။

ငါသေခဲ့သော်….
ရန်ကုန်မှာဖြစ်ပါက ရေဝေးသုဿန်မှာမီးသဂြိုလ်ပေးပါ
ထိန်ပင်က သွားရလာရဝေးလို့ပါ
နယ်တစ်နယ်မှာဖြစ်ပါက လူသူတိတ်ဆိတ်တဲ့ သစ်ပင်ရိပ်လေးမှာ မြုပ်နှံပါ
ငါ့အုတ်ဂူကို မီးခိုးရောင်သုတ်ပေးကာ
အုတ်ဂူဘေးမှာ စံပယ်ရုံလေးတစ်ရုံစိုက်ပျိုးပေးပါ
ငါ့အုတ်ဂူဟာ မိုးရာသီဦးစမှာ စံပယ်ရနံ့နဲ့ သင်းပျံ့နေပေမှာ။

ငါသေခဲ့သော်….
ငါ့ကို ချစ်ခင်သောသူများက လာရောက်လွမ်းဆွတ်နိုင်ပါတယ်
ငါ့ကိုမုန်းတီးသောသူများက တံတွေးလာထွေးနိုင်ပါတယ်
ငါ့စိတ်ဆိုးလိမ့်မှာမဟုတ်ပါ
ငါက စိတ်ဆိုးလည်းခဏပါကွာ။

ငါသေခဲ့သော်….
ငါ့ရဲ့အနီးဆုံးသူငယ်ချင်းတစ်စုက ငါ့အလောင်းကိုထမ်းကြပါ
အဲဒီအချိန်မှာ သူတို့ဟာ အရက်ကလေးတစ်ထွေထွေဖြစ်နေလိမ့်မှာ
ငိုကြွေးနေရှာမယ့် ငါ့အမေ
ငါ့မိတ်ဆွေအမျိုးသမီးများက အားပေးနှစ်သိမ့် ဖေးမကြပါလေ
ကျောင်းတက်နေဆဲငါ့ညီနှစ်ကောင်က စိုးရိမ်အားငယ်နေရှာမှာ
ငါ့ကိုသင်ခန်းစာယူပြီး လိမ်မာကြဖို့ပြောပေးပါကွာ။

ငါသေခဲ့သော်….
ငါ့ကိုသတိရကြောင်းကဗျာရှည် တချို့တွေရေးကြမှာ
ငါဘယ်လောက်ဆိုးသွမ်းခဲ့ကြောင်း အမှတ်တရတွေ တချို့တွေစမြုံ့ပြန်ကြမှာ
ဂျာနယ်ကလည်း ၀မ်းနည်းကြေကွဲခြင်းစာတစ်ကြောင်းကို
တစ်လက်မနဲ့တစ်ကော်လံလောက် ထည့်လိမ့်မှာ
ငါတကယ်သေသွားပြီဖြစ်ကြောင်း ပို့စ်တစ်ခုကို
ငါ့ဘလော့ဂ်နဲ့ ငါ့ဖေ့စ်ဘွတ်ခ်နုတ်စ်မှာ တင်ပေးပါ
ပတ်စ်ဝါ့ကတော့ ငါ့ဒိုင်ယာရီထဲမှာရေးသွင်းခဲ့လေမှာ။

ငါသေခဲ့သော်….
ငါနဲ့သက်ဆိုင်သမျှ မိတ်ဆွေအ၀၀တို့ လာရောက်ကြပါ
နောက်ဆုံးအကြိမ်ငါနဲ့မျက်နှာချင်းဆိုင်တွေ့ကြပါ
နောက်ဘ၀တစ်ခုခုရဲ့ လက်ဖက်ရည်ဆိုင်မှာ ထပ်မံတွေ့ကြမယ်လေကွာ။

ငါသေခဲ့သော်….
ငါ့အလောင်းမှာ လည်ကတုံးအင်္ကျီဖြူနဲ့ ရခိုင်ပုဆိုးလေးဝတ်ပေးပါ
ဦးခေါင်းမှာ ပန်းရောင်ရိုးရာခေါင်းပတ်စကို ပတ်ပေးပါ
နောက်ဘ၀တွေမှာလည်း အာရကန်နိုင်ငံတော်မှာပဲ ပြန်ဝင်စားချင်ပါတယ်
ပင်လယ်နဲ့ရိုးမတောင်တန်း၊ သဇင်ပန်းတို့ကို ငါသိပ်ချစ်လို့ပါကွယ်။

ငါသေခဲ့သော်….
အမေစုကို ပထမဆုံးနဲ့နောက်ဆုံးအကြိမ်အလေးပြုသွားကြောင်း ပြောပေးပါ
အကျဉ်းကျနေသူတို့ ကျန်းမာဖို့ရာ ဆုတောင်းခဲ့ကြောင်း ပြောပေးပါ
ဖြစ်နိုင်မယ်ဆိုရင်
ငါ့အလောင်းထက်မှာ ခွပ်ဒေါင်းအလံအနီရဲရဲကို လွှမ်းခြုံပေးပါ
ငါဟာ နိုင်ငံရေးသမားမဟုတ်သော်လည်း
ခွပ်ဒေါင်းတွေကို သိပ်ချစ်တတ်လို့ပါပဲ။

ငါသေခဲ့သော်….
သံတွဲ၊ ဟင်္သတ၊ တွံတေးနဲ့ မန္တလေးမြို့တို့ကို သတင်းပို့လိုက်ပါ
ပြီးတော့….
နှင်းတွေကျနေမယ့် နိုင်ငံတစ်ခုဆီ သတင်းပို့ပေးကြပါ
ငါ့နှလုံးသားကို လှုပ်ကိုင်ခဲ့သူတချို့ အဲ့ဒီမှာ ကိန်းဝပ်ခဲ့လို့ဗျာ။

ငါသေခဲ့သော်….
ငါ့အိမ်က စာအုပ်စာတမ်းတွေကို စာကြည့်တိုက်တွေဆီလှူပေးပါ
ငါရေးသားဆဲစာတချို့ကို သူငယ်ချင်းတစ်ယောက်က လက်စသတ်ပေးပါ
ပြီးရင် အားလုံးကိုမီးရှို့လိုက်ပါကွာ
ပြီးရင် ပြီးတာပဲ မဟုတ်လားဗျာ။

ငါရေးထားတဲ့ လုံးချင်းဝတ္ထုတချို့ကို ထုတ်ဝေသူတချို့ထံရောင်းချပါ
သူတို့တိုက်ကစာရေးဆရာတစ်ယောက်အတွက် ရှဲဒိုးစာအုပ်အဖြစ်အသုံးဝင်စေမှာ
ရသလောက်စာမူခလေးကို မိဘမဲ့ကလေးတွေဆီပို့ပေးပါ
ဟိုး…ရှေးရှေးတုန်းက
မြန်မာဒီမိုကရေစီနိုင်ငံတော်ကြီးဆိုတဲ့အရပ်ဒေသမှာ
မောင်ဥက္ကာဆိုတဲ့လူငယ်လေးတစ်ဦးရှိသတဲ့…အစချီကာ
ရယ်မောစရာပုံပြင်လေးတစ်ပုဒ် ကလေးတွေကိုပြောပြပါ
ငါဟာ ဘ၀ကိုပျော်ရွှင်စွာနေထိုင်ဖို့ကြိုးစားခဲ့တာ
ဆင်းရဲဒုက္ခမှန်သမျှ မျက်ရည်မကျမေ့ပျောက်တတ်တာ
စစနောက်နောက်နဲ့ လောကကြီးကို ကန့်လန့်မြင်တာကလွဲလို့
ဘယ်သူ့အပေါ်မှ မကောင်းကြံတဲ့စိတ်မထားခဲ့တာ
သူတို့လေးတွေကို ပေးသိပါစေကွာ။

မအောင်မြင်ခင် ငါသေသွားတဲ့အတွက်
ငါ့သူငယ်ချင်းသတင်းသမားတချို့က နာကျည်းနေကြလေမှာ
ငါသေတဲ့အကြောင်းဟာ
သတင်းတစ်ပုဒ်နဲ့ ဆောင်းပါးတစ်ပုဒ်လုပ်လို့မရသေးတာမို့လို့ပါ။

ငါသေခဲ့သော်….
ကဗျာရေးတဲ့ ဘုန်းကြီးတစ်ပါးကို ဆက်ဆက်ပင့်ပေးပါ
အဲ့ဒီဘုန်းကြီးဟာ ငါထမင်းငတ်နေစဉ်ကာလမှာ
ငါ့ကိုဆွမ်းခံကျွေးဖူးခဲ့တဲ့ ထမင်းရှင်ဖြစ်လေတာ။

ငါသေခဲ့သော်…
ငါ့နာရေးမှာ ငါလုပ်ဖူးသမျှ ဂုဏ်ပုဒ်တွေကိုတန်းစီထည့်ပေးပါ
ဘယ်လိုပဲဖြစ်ဖြစ် ငါမရှက်ပါဘူးကွာ
ငါဟာ သတင်းထောက်နဲ့ ကဗျာဆရာမဖြစ်ခင်တုန်းက
တံငါသည်၊ ထင်းခုတ်သမား၊ အရက်ရောင်းသူ
ဘီယာဆိုင်စားပွဲထိုးနဲ့ ပန်းရံနောက်လိုက်လုပ်ခဲ့ဖူးလို့ပါ။

ငါသေခဲ့သော်….
ဘယ်သူမှ မျက်ရည်ကျတာ မတွေ့ချင်ပါ
ငါ့သူငယ်ချင်းတွေက ဗုံတွေဆိုင်းတွေငှားတီးကြပါ
ငါ့သူငယ်ချင်းတွေဟာ ပညာမျိုးစုံတီးခေါက်မိသူတွေပဲကွာ
““ဟေးလားကွယ်မောင်ရို့””တစ်ပိုဒ်လောက်အော်ပြီး
အောင်မောင်းခြေထိုးလေးတစ်ကွက်လောက်ကကာ
ငါ့အလောင်းကို တွန်းယူသွားကြပါ။

သိပ်မကြာခင်မိနစ်ပိုင်းမှာ
ဘာမှမဟုတ်တဲ့ လူငယ်လေးတစ်ယောက်ရဲ့ရုပ်ခန္ဓာဟာ
မီးခိုးနဲ့ ပြာမှုန်တွေအဖြစ် ကူးပြောင်းသွားလေတော့မှာ။

အဲဒီအချိန်မှာ ငါဟာ အသက်ဝိညာဉ်ကင်းမဲ့စွာ
တစ်နေရာရာကနေ သင်တို့ကို ကြည့်ကာ
သေခြင်းတရားကဗျာတစ်ပုဒ်ကို ရွတ်ဆိုဖွဲ့နွဲ့နေလေမှာ။ ။

ဥက္ကာကိုကို
၁.၅.၂၀၁၁

Advertisement
 
2 Comments

Posted by on May 2, 2011 in ကဗျာ

 

2 Responses to ငါသေခဲ့သော်…..

  1. မိုးစက်

    May 30, 2011 at 6:34 am

    ကဗျာလေးကတော်တော်ဝမ်းနည်းဖို့ကောင်းပါတယ် ဆရာဇော်ဂျီရဲ့ငါသေသွားသော် ကဗျာလေးနဲ့လားရာတူပီးရည်ရွယ်ချက်မတူတာကိုတွေ့ရပါတယ်
    ဒါနဲ့ပြောစရာတစ်ခုရှိပါတယ်ကဗျာဆိုတာအပြင်မှာမဖြစ်တာကိုစိတ်ကူးနဲ့ရေးဖွဲတာလား

     
  2. မဗေဒါ

    May 3, 2011 at 4:58 pm

    ဟိုင်း မောင်ကိုကို..

    ချစ်သူခင်သူတွေအတွက် အခုလို တခုတ်တရ တကူးတက ရေးခဲ့တာ အတော်လေး ဝမ်းနည်းစရာ ကောင်းပါတယ်… အဟမ်း… အင်း…. စဉ်းစားစရာတွေ အများကြီးထဲက မမေ့အောင် သတိပေးတာမျိုးလို့လည်း ဆိုနိုင်မယ်ထင်ပါရဲ့ ..။

    ဖေ့ဘုတ်ထဲ ရေးထားသလို ဒီနုတ်က ရေးတာ မစောလွန်းဘူးလား…
    ကဗျာဆရာကြီး မောင်ကိုကို မေတ္တာတွေနဲ့ အသက်ရှည်နိုင်ပါစေလို့ ဆုမွန်ခြွေပါ၏..။

    မဗေဒါ (၈၈)

     

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Connecting to %s

 
Follow

Get every new post delivered to your Inbox.