နိုင်ငံရေးနဲ့ငြိစွန်းတဲ့ကိစ္စတစ်ခုခု ဟမိတိုင်း
လူကြီးတွေက ခေါင်းကိုခါတယ်
လူငယ်တွေက ပုခုံးတွန့်တယ်။
ကြောက်စိတ်ဆိုတာ
ကျနော်တို့ရင်ထဲမှာ
အချိန်အခါမဟုတ် ပေါက်ဖွားလာပြီး
အချိန်လွန်မှ ပြင်မရတော့တဲ့အရာ။
လက်သီးလက်မောင်းတွေ ဖြောင်းဖြောင်းညံ
ကတ္တရာပေါ်ခြေသံတွေ ဗြောင်းဆန်နေစဉ်က
ကျနော်က အမေ့ဝမ်းထဲမှာ….
ပြင်ပကမ္ဘာကို မြင်စအခါတော့မဟုတ်။
အဆိုးရွားဆုံး အရေးအခင်းအပြီးမှာ
ကျနော့်ကိုမွေးပါတယ်…
ခေတ်ပျက်ကြီးမှာ ကျနော်စတင်ရှင်သန်
ဘ၀ကို ခြေကန်ရုန်း
မုန်းတီးစရာလည်း များခဲ့သပေါ့။
ရှစ်လေးလုံးဆိုတာ နားဝင်ခါးခဲ့တဲ့လူငယ်
နှစ်နှစ်ဆယ်အရွယ်မှာ
တစ်ခုသော စက်တင်ဘာကို ဖြတ်သန်းရ။
လူတွေက ဘာလို့ဆူပူနေကြတာလဲ
လူတွေက ဘာလို့ လူသတ်နေကြတာလဲ
လူတွေက ဘာလို့ လူအချင်းချင်းညှိမရကြတာလဲ
ဆူးလေလမ်းမပေါ်မှာ ဖိနပ်တွေတွေ့တယ်
လမ်းဘေးပလက်ဖောင်းမှာ သွေးကွက်တွေတွေ့တယ်
လဲနေတဲ့ဝါးလုံးက အလံတိုင်ဖြစ်ခဲ့သလား
အစွန်းကွက်တွေနဲ့ အ၀တ်စက သမိုင်းဖြစ်ခဲ့သလား
မီးခိုးလုံးတွေ မှုန်မှိုင်းလိုက်တာကွယ်။
တစ်ချိန်ချိန်မှာ
ကျနော်တို့သားသမီးတွေက
သူတို့ရဲ့ ကျောင်းစာအုပ်ထဲ
အမည်းစက်မကင်းတဲ့ ပြဌာန်းချက်တွေကို
သင်ကြား ငြင်းခုံကြပါလိမ့်မယ်။
ရိပ်သာထဲက သံတိုင်တွေ
သံတိုင်နောက်က လက်ချောင်းတွေ
လက်ချောင်းဖျားက အားမာန်တွေ
အားမာန်ကြားက ရောင်နီတွေ
ဟိုးအဝေးဆီမှာ ဘာတွေရှိသလဲ အချစ်ရယ်။
အခုချိန်
နိုင်ငံတော်အသစ်
အလံအသစ်
Brand အသစ်
ကွန်ဒုံးအသစ်
ကွန်နက်ရှင်အသစ်
…………အသစ်
အသစ်တွေကို ကျနော်တို့ လိုအပ်ဆဲ။
ကိုယ့်မှတ်တိုင်ကိုယ်ထမ်း
ကိုယ့်သချုင်္ိင်းကိုယ်လှမ်း
ကိုယ့်အသက်ကိုယ် ပြန် ပြန် စမ်းရင်း
အလင်းရောင်နဲ့အတူ ချိုးငှက်တို့တေးသီပါစေ
ငြိမ်းချမ်းရေးကို ကျနော်တို့ သဲ့သဲ့ရွတ်ကြရ။
ခက်ပါတယ်ကောလေ…
လူတွေကလည်း လူတွေပဲ
ကမ္ဘာကြီးကလည်း ကမ္ဘာကြီးပဲ
လူတွေရော ကမ္ဘာကြီးရော ဖောက်ပြန်နေကြတော့
ကျနော်တို့က ဘယ်ချောင်နားမှာ မျက်ရည်သွားကျရမလဲ။
နိုင်ငံတော်သမ္မတကြီးဟာ လူထုရှေ့မှာ မိန့်ခွန်းပြောတယ်
အသက်နှစ်ဆယ်ကျော်လူငယ်အဖို့ ထူးဆန်းနေပေါ့
လွှတ်တော်အဆောက်အအုံကြီးဟာ
ကျောက်စိမ်းသားတွေတလက်လက်နဲ့
ပြည်သူပြည်သားတွေက မျှော်လင့်ချက်တွေတလက်လက်နဲ့
အလံတော်တလူလူအောက်က
ခေါင်းပေါင်းစတလူလူတွေကို ငေးမောနေကြ
ကျနော်တို့ဘ၀တွေ လှပပါစေ။
အောင်မြင်ပါစေ…မြန်မာပြည်
သာယာပါစေ… မြန်မာပြည်…. တဲ့
ရုပ်သံတွေကလွှင့်ထုတ်နေတယ်
ပေးတဲ့ဆုနဲ့ပြည့်ပါစေပေါ့
ဒီလိုပဲ ပြန်ပြောလိုက်ပါတယ်။
မိငယ်ရေ….
သံလွှင်ခက်တွေချိုးခဲ့တော့ကွယ်
ရောင်နီဦးမှာ နိုင်ငံတော်သီချင်းဆိုကြမယ်
““နိုင်ငံတစ်နိုင်ငံဟာ သူနဲ့ထိုက်တန်တဲ့အစိုးရကိုပဲရတယ်””တဲ့
အစိုးရကောင်းဖို့ချည်းပဲမဟုတ်ဘဲ
ငါတို့ကလည်းကောင်းဖို့လိုအပ်တယ်
….. ထင်တာပါပဲ။
ခုတော့လည်း
နိုင်ငံရေးနဲ့ငြိစွန်းတဲ့ကိစ္စတစ်ခုခု ဟမိတိုင်း
လူကြီးတွေက ခေါင်းကိုခါရဲ့
လူငယ်တွေက ပုခုံးတွန့်ရဲ့။
အဲဒီလိုခေတ်ပျက်ကြီးထဲ
ကျနော် ခပ်ရိုင်းရိုင်းပဲ ရှင်သန်ခဲ့ပါတယ်။
ဥက္ကာကိုကို
16.4.2011










Thor
April 28, 2011 at 6:59 am
နိုင်ငံတော်သမ္မတကြီးဟာ လူထုရှေ့မှာ မိန့်ခွန်းပြောတယ်
အသက်နှစ်ဆယ်ကျော်လူငယ်အဖို့ ထူးဆန်းနေပေါ့
(အောက်ကစာရွတ်တစ်ပုံကြီးကိုငုံ ကြည့်ပြီးစာ ဖတ်ပြတာပါဗျာ)
မဗေဒါ
April 21, 2011 at 12:23 am
ဟိုင်း…
ဘယ်လိုပဲ ရှင်သန်ရှင်သန် ရှင်သန်မှုတိုင်းမှာ အဓိပ္ပါယ်တွေ ရှိဖို့ လိုတယ်လို့ မြင်ပါတယ်….။ နောက် ယဉ်ကျေးခြင်းဟာ ကောင်းသော ဂုဏ်တရပ်မို့ အတုယူသင့်တယ်လို့ မြင်ပါတယ် မောင်ကိုကိုရှင်..။
မင်္ဂလာ နှစ်သစ်ပါရှင်..
မဗေဒါ (၈၈)