RSS

Daily Archives: April 3, 2011

ပျော်ရွှင်မှုတွေလျှံကျနေတဲ့ကဗျာ

ကဗျာဆရာဟာ အလွန်စိတ်ချမ်းသာနေပါတယ်တဲ့
တကယ့်ကို အလွန်အမင်းစိတ်ချမ်းသာနေတဲ့ပုံနဲ့
တလောကလုံးကို ကြေငြာလိုက်တယ်
သူဟာ ကဗျာဆရာ
သူဟာ ကပျာကယာနဲ့ ကဗျာတွေကို မွေးထုတ်တယ်
သူဟာ ကျန်းမာသန်စွမ်းတဲ့ဖခင်/ဒါမှမဟုတ်
မိခင်ကောင်းတစ်ဦးဖြစ်ရဲ့
ကဗျာသားသမီးတွေ တပုံတမနဲ့ပေါ့။
ကဗျာဆရာဟာ အမြဲတမ်းပျော်ရွှင်နေပါတယ်တဲ့
သူ့ရဲ့သားသမီးကဗျာတွေက သူ့ကိုစွန့်ခွာခဲ့ကြပေမယ့်
သူ့ရဲ့နိမိတ်ပုံ၊ သင်္ကေတ၊ စကားလုံးတွေက
ငွေသံကြေးသံ မညံလာခဲ့ကြပေမယ့်
တိုးဝှေ့ပြည့်ကျပ်နေတဲ့သင်္ဘောအိုကြီးပေါ်မှာ ရောက်ရှိနေခဲ့ပေမယ့်
တိုးတက်ဖွံ့ထွားစ ပါဆိုတဲ့ မြို့တော်ကြီးမှာ
ဂျလေဘီတစ်ယောက်အသွင်နေနေရပေမယ့်
ကဗျာဆရာဟာ အဲဗားပျော်ရွှင်နေခဲ့ပါတယ်တဲ့။
ကဗျာဆရာမှာ စိတ်မချမ်းသာစရာတစ်ခုတလေ မရှိခဲ့ပါဘူးလို့
ဆောင်းခိုငှက်တွေကို ခပ်ပြုံးပြုံးနဲ့ကဗျာဆရာက ပြောပြတတ်တယ်
ဘ၀မှာ နာကျည်း ၀မ်းနည်း အံကြိတ်ခဲ့တာမှုတွေများပေမယ့်
ကဗျာဆရာက ဘာကိုမှ စိတ်ထဲမထားပါဘူးတဲ့
ဖြစ်သမျှအကြောင်း အကောင်းချည်းပါဗျာလို့
ဖယောင်းတိုင်မီးယဲ့ယဲ့အောက်က ဆိုလေတယ်။
သူဟာ ကဗျာတေးသွားတွေနဲ့ပျော်တဲ့မြို့က
ချစ်ခင်စရာ သာမန်ပြည်သားတစ်ဦးဖြစ်တယ်
အိုဘားမားနဲ့တကွ ရှိသမျှနိုင်ငံခေါင်းဆောင်များကို သူလေးစားနေခဲ့
ဒါပေမယ့်သူဟာ ဗိုလ်တေဇကိုပဲ အလေးပြုတယ်
မောင်ချောနွယ်ကိုပဲ အလေးပြုတယ်
တစ်ခါတရံ မှန်တစ်ချပ်ရှေ့ချပြီး
ကိုယ့်ကိုယ်ကိုယ်လည်း ပြန်အလေးပြုတတ်သေးရဲ့။
ကဗျာဆရာလေ… သူပေါ့
သူပေါ့… ကဗျာဆရာလေ
လူဆိုတဲ့ သတ္တ၀ါတွေက မေးငေါ့ကြရင်ပဲ
သူ တော်တော်လေးဝမ်းသာနေခဲ့၊ စိတ်ချမ်းသာပြီးပျော်ရွှင်နေခဲ့
အောင်မောင်းခြေထိုးလေးတစ်ကွက်လောက် ထ ထ ကတတ်ပြန်ရဲ့
ဇေဘီအီးလေးတစ်ဖလားလောက် ထ ထ ချတတ်ပြန်ရဲ့။
ကဗျာဆရာက ကဗျာရေးရင်းနဲ့ ထမင်းချက်တယ်
ကဗျာရေးရင်းနဲ့ အမှိုက်သိမ်းတယ်
ကဗျာရေးရင်းအိမ်သာတက်ပြီး ကဗျာရေးရင်းရေချိုးတယ်
ကဗျာရေးရင်းနဲ့ အကျီ င်္လဲပြီးချိန်မှာတော့
သူရေးလိုက်တဲ့ကဗျာတွေကို မြိန်ရည်ယှက်ရည်စားသောက်တော့တာပဲ
အဲဒါ ကဗျာဆရာပေါ့
ကဗျာခေါင်းအုံး ကဗျာဖက်လုံးနဲ့ ကဗျာစောင်ကိုခြုံပြီးမအိပ်ခင်မှာ
ကဗျာကို ဆေးလိပ်လိုဖွာပြီး
ကဗျာဝရန်တာမှာထိုင်ကာ လမင်းကို ကဗျာလိုကြည့်
ကဗျာဆရာဟာ လွမ်းဖို့ကိုလည်း သတိရနေခဲ့။
တချိန်တုန်းက ကင်းမြီးကောက်မလေးတွေကိုပေါ့
အချစ်နဲ့ သိက္ခာဆိုတာကို ဗန်းပြ ပြ ပြီး
သစ္စာတရားနောက်ကျောကို အစွယ်နဲ့ဖောက်ဖောက်သွားတဲ့
အဆိပ်ပြင်းပြင်း ကင်းမြီးကောက်မလေးတွေကိုပေါ့
ကဗျာဆရာရဲ့ နှလုံးသားမှာ အဆိပ်တွေစီးနေဆဲဆိုပေမယ့်
ကဗျာဆရာဟာ လေကလေးတချွန်ချွန်နဲ့ ပျော်ရွှင်နေခဲ့လေတယ်။
ကဗျာဆရာက ဆင်းရဲပေမယ့်
ဆင်းရဲကြောင်းကဗျာတွေကို သူသိပ်ဘ၀င်မကျပါဘူးတဲ့
စိတ်ဆင်းရဲတဲ့ကဗျာ၊ ဒုက္ခရောက်ကြောင်းကဗျာ၊ ကြေကွဲခြင်းကဗျာ
ငရဲပြည်တံခါးဦးဝက ၀င်ခွင့်လက်မှတ်တွေကို အပိုင်သိမ်းထားတဲ့
ဟိုကဗျာတွေ ဒီကဗျာတွေကိုပေါ့
ကဗျာရှိရင်ကို ဆယ်ဘ၀လောက်ချမ်းသာနေပြီဆိုတာ
အဲဒီကဗျာဆရာတွေ မသိလို့ဖြစ်မယ်လို့
ကဗျာဆရာဟာ ဆံပင်စသပ်တင်ကာ
ခပ်ဖွဖွလေး ရယ်မောတတ်တယ်
ဒါပေမယ့်လည်း ကဗျာဆရာက လူတစ်မျိုးလေ
ကိုယ့်အတ္တနဲ့ကိုယ် ဘာလုပ်လုပ်တင့်တယ်တယ်ဆိုပြီး
ယောက်ျားရသွားတဲ့ ရည်းစားဟောင်းကို လွမ်းဆွတ်သလိုလိုနဲ့
ငိုပြတတ်သေးရဲ့
ရှိုက်မောနွမ်းလျခြင်းနောက်က ပျော်ရွှင်မှုနဲ့ကဗျာဆရာ သူလေ။
သူဟာ ကိုယ့်ဝါဒနဲ့ကိုယ် လမ်းလျှောက်တယ်
လုပ်ဆောင်ရခက်တဲ့ အခြေအနေတွေကို ပျက်ရယ်ပြုပြီး
ကဗျာဆရာ ပျော်ရွှ့င်နေခဲ့လေရဲ့။
ကဗျာဆရာရဲ့ အခြေစိုက်စခန်းဟာ
ကဗျာဆရာ့ ခန္ဓာကိုယ်ထဲမှာပဲ တည်ရှိကြောင်း
ကဗျာ့ကြယ်စုံညတွေဟာ သေသေချာချာသိခဲ့တယ်
အစုလိုက်အပြုံလိုက်….. ကိစ္စတွေအပေါ်
ကဗျာဆရာ မလော်လီမဖောက်ပြားခဲ့ဘူး
ကဗျာဆရာဟာ ဆူးခြုံတွေထက် တက်လှဲခဲ့တယ်
ကျောက်ချွန်ချွန်လမ်းခင်းတွေပေါ် လူးလှိမ့်ခဲ့တယ်
““နေပူထဲလည်း…လျှောက်ရဲပါတယ်””
““အားလုံးကို ကျော်ဖြတ်ရမယ်””
ဒါဟာ ကဗျာဆရာပျော်ရွှင်စွာဆိုနေကျ တေးတွေပေါ့
သူဟာ ခပ်သော့သော့လေး ခရီးနှင်ရင်း
အချိန်ကာလတွေကို ပျော်ရွှင်မှုနဲ့တိုက်ခိုက်
ဝမ်းတစ်ထွာဗိုက်ကို ပုံမှန်မဖြည့်တင်းနိုင်ခဲ့ပေမယ့်
ကဗျာဆရာ ပျော်နေခဲ့ပါတယ်
ကဗျာဆရာဟာ ပျော်နေခဲ့တယ်တဲ့
သူဟာ တကယ်ပျော်ရွှင်နေခဲ့တဲ့ပုံပါပဲ
ပင်လယ်ကြီးနဲ့ တောင်တန်းကြီးကို သူလက်ဆွဲနှုတ်ဆက်တယ်
ဒါ… ကဗျာဆရာ
သူဟာ ကဗျာကို ကပျာကယာစပ်ရင်း
ကဗျာနဲ့ဝေးရာအရပ်ဆီ ဘယ်တော့မှထွက်မပြေးမယ့်
ကဗျာ့သွေးရင်း ကဗျာ့ဆွေတော်မျိုးတော်တစ်ယောက်အဖြစ်
ကိုယ့်မျက်နှာကိုယ် ကဗျာနဲ့သစ်ခဲ့ပေါ့။
သူ… ပျော်နေခဲ့ပါတယ်
တကယ်ပါပဲ
ကဗျာဆရာ ပျော်နေခဲ့လေရဲ့
ပျော်ရွှင်မှုပြင်းပြစွာ စိတ်ချမ်းမြေ့ကာ သာသာယာယာ။ ။

ဥက္ကာကိုကို

 
Leave a comment

Posted by on April 3, 2011 in ကဗျာ

 
 
Follow

Get every new post delivered to your Inbox.