RSS

Monthly Archives: March 2011

နိုင်ငံတော် သမ္မတက ၀န်ကြီးများကို ခန့်အ ပ်တာဝန်ပေး

ရန်ကုန်၊ မတ်- ၃၀

နိုင်ငံတော်သမ္မတရုံးက အမိန့်ကြော်ငြာစာအမှတ် ၄/၂၀၁၁ ဖြင့်
ပြည်ထောင်စုဝန်ကြီးများအား မတ်လ ၃၀ ရက်နေ့တွင် ခန့်အပ်တာဝန်ပေးလိုက်သည်။

ဝန်ကြီး (၃၀)ဦးက ၀န်ကြီးဌာန (၃၄)ခုကို တာဝန်ယူမည်ဖြစ်ပြီး
ဝန်ကြီးငါးဦးက ၀န်ကြီးဌာန (၂)ခုစီကို ပူးတွဲတာဝန်ထမ်းဆောင်မည်ဖြစ်သည်။ သို့သော် သမ္မတရုံးဝန်ကြီးဌာနအတွက်
ဝန်ကြီးနှစ်ဦးခန့်အပ်ထားသည်ကိုတွေ့ရသည်။ ၀န်ကြီးဌာန (၂)ခုစီကို တာဝန်ယူမည့် ၀န်ကြီးများမှာ ဗိုလ်ချုပ်သိန်းဌေး၊ ဦးကျော်ဆန်း၊ ဦးတင်နိုင်သိန်း၊ ဦးအောင်ကြည်နှင့် ဦးတင့်ဆန်းတို့ဖြစ်သည်။

ဝန်ကြီးများနှင့် ၄င်းတို့တာဝန်ယူမည့် ဌာနများ-

၁။ ဗိုလ်ချုပ်လှမင်း (၀န်ကြီး) ကာကွယ်ရေးဝန်ကြီးဌာန၊

၂။ ဒုတိယဗိုလ်ချုပ်ကြီး ကိုကို (၀န်ကြီး) ပြည်ထဲရေးဝန်ကြီးဌာန၊

၃။ ဗိုလ်ချုပ်သိန်းဌေး (၀န်ကြီး) နယ်စပ်ရေးရာဝန်ကြီးဌာန/
မြန်မာ့စက်မှုဖွံ့ဖြိုးရေးဝန်ကြီးဌာန

၎။ ဦးဝဏ္ဏမောင်လွင် (၀န်ကြီး) နိုင်ငံခြားရေးဝန်ကြီးဌာန

၅။ ဦးကျော်ဆန်း (၀န်ကြီး) ပြန်ကြားရေးဝန်ကြီးဌာန/ ယဉ်ကျေးမှု ၀န်ကြီးဌာန

၆။ ဦးမြင့်လှိုင် (၀န်ကြီး) လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန

၇။ ဦးဝင်းထွန်း (၀န်ကြီး) သစ်တောရေးရာဝန်ကြီးဌာန

၈။ ဦးလှထွန်း (၀န်ကြီး) ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန

၉။ ဦးခင်မောင်မြင့် (၀န်ကြီး) ဆောက်လုပ်ရေးဝန်ကြီးဌာန

၁၀။ ဦးတင်နိုင်သိန်း (၀န်ကြီး) အမျိုးသားစီမံကိန်းနှင့်
စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန/ မွေးမြူရေးနှင့်
ရေလုပ်ငန်းဝန်ကြီးဌာန

၁၁။ ဦးဝင်းမြင့် (၀န်ကြီး) စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန

၁၂။ ဦးသိန်းထွန်း (၀န်ကြီး) ဆက်သွယ်ရေးစာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန

၁၃။ ဦးအောင်ကြည် (၀န်ကြီး) အလုပ်သမားဝန်ကြီးဌာန/
လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန

၁၄။ ဦးသိန်းထိုက် (၀န်ကြီး) သတ္တုတွင်းဝန်ကြီးဌာန

၁၅။ ဦးအုန်းမြင့် (၀န်ကြီး) သမ၀ါယမ၀န်ကြီးဌာန

၁၆။ ဦးဥာဏ်ထွန်းအောင်(၀န်ကြီး) ပို့ဆောင်ရေးဝန်ကြီးဌာန

၁၇။ ဦးတင့်ဆန်း (၀န်ကြီး) ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာန/ အားကစားဝန်ကြီးဌာန

၁၈။ ဦးကျော်စွာခိုင် (၀န်ကြီး) အမှတ်(၁)စက်မှုဝန်ကြီးဌာန

၁၉။ ဦးစိုးသိန်း (၀န်ကြီး) အမှတ်(၂) စက်မှုဝန်ကြီးဌာန

၂၀။ ဦးအောင်မင်း (၀န်ကြီး) ရထားပို့ဆောင်ရေးဝန်ကြီးဌာန

၂၁။ ဦးသန်းဌေး (၀န်ကြီး) စွမ်းအင်ဝန်ကြီးဌာန

၂၂။ ဦးဇော်မင်း (၀န်ကြီး) အမှတ်(၁) လျှပ်စစ်စွမ်းအားဝန်ကြီးဌာန

၂၃။ ဦးခင်မောင်စိုး (၀န်ကြီး) အမှတ်(၂) လျှပ်စစ်စွမ်းအားဝန်ကြီးဌာန

၂၄။ ဒေါက်တာမြအေး(၀န်ကြီး) ပညာရေးဝန်ကြီးဌာန

၂၅။ ဒေါက်တာဖေသက်ခင် (၀န်ကြီး) ကျန်းမာရေးဝန်ကြီးဌာန

၂၆။ သူရဦးမြင့်မောင် (၀န်ကြီး) သာသနာရေးဝန်ကြီးဌာန

၂၇။ ဦးအေးမြင့် (၀န်ကြီး) သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန

၂၈။ ဦးခင်ရီ (၀န်ကြီး) လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန

၂၉။ ဦးသိန်းညွန့် (၀န်ကြီး) သမ္မတရုံးဝန်ကြီးဌာန

၃၀။ ဦးစိုးမောင် (၀န်ကြီး) သမ္မတရုံးဝန်ကြီးဌာန

ပုံ
သိန်းစိန် (နိုင်ငံတော် သမ္မတ)
-by 7Day News Journal on Wednesday, March 30, 2011 at 3:48pm

 
Leave a comment

Posted by on March 30, 2011 in ကဗျာ

 

ဝန်ထမ်းအလိုရှိသည်

ဒီအလုပ်အကိုင်အခွင့်အလမ်း ကြော်ငြာကဏ္ဍလေးကို တစ်ပတ်တစ်ကြိမ်တင်ဆက်ပေးပါမယ်…။ ဒီကြော်ငြာတွေကို ကျနော်တို့ရဲ့ 7DayNews ဂျာနယ်မှာလည်းဖော်ပြထားပါတယ်။ ဂျာနယ်ကိုရောက်လာတဲ့ အလုပ်ခေါ်ကြော်ငြာတွေကို ကူးယူဖော်ပြတာဖြစ်ပါတယ်။ အလုပ်လိုချင်နေတဲ့ မိတ်ဆွေများလေ့လာစုံစမ်းနိုင်စေဖို့အတွက်ပါ။

——————————————————————————————————————————————————————

SHARE MERCY (NGO) ကွန်ပျူတာ- Excell..Word Accounting 30 အောက်(မ)တစ်ဦး။ ဖုန်း- ၀၉-၇၃၁၆၁၅၁၀(ဝေယံ)၊ ၀၉-၈၅၇၀၆၀၀

မြန်မာနိုင်ငံ အင်ဂျင်နီယာ အသင်းတွင်တာဝန်ထမ်းဆောင်ရန် အောက် ဖော်ပြပါရာထူးများအတွက် စိတ်ဝင် စားသူများလျှောက်ထားနိုင်ပါသည်။ ၁။ လက်ထောက်စာကြည့်တိုက်မှူး (ကျား၊ မ) ၁ ဦး၊ ၂။ လက်ထောက် သင်တန်းမှူး (ကျား၊ မ) ၁ ဦး၊ ၃။ ကွန်ပျူတာအော်ပရော (ကျား၊မ) ၁ ဦး၊ Web Developer (ကျား၊ မ) ၁ ဦး။ လိုအပ်သည့်အထောက်အထား များနှင့်အတူ ၁၇-၃-၁၁ နောက်ဆုံး ထား၍တက္ကသိုလ်များ(လှိုင်နယ်မြေ)  လှိုင်မြို့နယ်၊ ဖုန်း-၀၁-၅၁၉၆၇၃။

SE မီးလေးလုံး (CNG) Taxi ညအချိန် ပိုင်းဝင်ငွေရှာလိုသူများဆက်သွယ် ပါ။ ဗဟန်းမြို့နယ်အနီးနေထိုင်သူကို ဦးစားပေးမည်။ဖုန်း-၅၅၈၈၉၄၊ ၀၉-၅၁၇၃၁၉၁

1. General Manger (M) 1 Post, 2.Marketing Manager (M/F) 1 Post, 3. Sales Manager (M/F) 1 Post, 4. Operation Manager/IT Manager (M) 1 Post, 5. Admin Manager (M/F) 1 Post, 6. Operation Executive (M) 2 Posts, 7. Marketing Executive (F) 4 Posts, 8. Sales Executive (F) 6 Posts, 9. Networking Engineer (M) 1 Post, 10. Admin Executive (F) 1 Post, 11. Cashier (F) 2 Posts.
PH: 09-73132222, 09-73141111

Accountant ကျား/မ (၁)ဦးCPA (or) B.Com(or) L.C.C.I Level (3) အောင်မြင်ပြီးသူ၊လုပ်ငန်းအတွေ့  အကြုံ (၃)နှစ်။ စိတ်ပါဝင်စားသူများ သည် ကိုယ်ရေးရာဇ၀င်ာတ်ပုံ(၁) ပုံ၊ မှတ်ပုံတင်မိတ္တူ၊ အိမ်ထောင်စု စားရင်းမိတ္တူ၊ ပြစ်မှုကင်းရှင်းကြောင်း ထောက်ခံချက်တို့ဖြင့် အမှတ်(၉၁)၊ အနော်ရထာလမ်း(၃၉ လမ်းနှင့်) ဆိပ်ကမ်းသာလမ်းကြား၊ ကျောက်တံ တားမြို့နယ်သို့ နံနက် ၉း၀၀ နာရီမှ ညနေ ၇း၀၀ နာရီအတွင်း။ ဖုန်း- ၇၀၈၃၀၀

IELTS, TOEFL, 4 Skills ကို ကျွမ်း ကျင်စွာသင်ကြားနိုင်သော ဆရာမ တစ်ဦးအမြန်အလိုရှိသည်။ Working Hours: Tuesday to Friday (9:00 am to 7:00 pm), Saturday & Sunday (2:30 Pm to 6:00 pm), Salaray : 200,000 ks, Contact: 09-5188720, 09-50 59993, Address: 40/42, 136th Street, Near Yuzana Plaza, Tamwe Tsp.

Secretary (Female) (1) Post, လျှောက်ထားလိုသူများ သည် အောက်ပါအရည်အချင်းများ နှင့်ပြည့်စုံရမည်။ English 4 Skill ကျွမ်းကျင်ရမည်။ Internet/ Email ကို ကျွမ်းကျင်စွာ အသုံးပြုတတ်ရ မည်။ ရုပ်ရည်အသင့်အတင့် ရှိရမည်။ လူမှုဆက်ဆံရေး ပြေပြစ် ကောင်းမွန်ရမည်။ အလုပ်အတွက် အချိန်ပေးနိုင်သူဖြစ်ရမည်။ အိမ် ထောင်မရှိသူအပျိုဖြစ်ရမည်။ အမှတ်(ဘီ-၈) ဦးဝိစာရလမ်း၊ မြောက် ဂုံစက်မှုဇုန်၊ ဂုံမြို့သစ် မြောက်ပိုင်း။ ဖုန်း- ၅၈၁၈၃၅၊ ၅၈၁၃၉၆

၁။ မိန်းကလေးဝန်ထမ်း ၁၆ ဦး၊ ယောက်ျားလေးဝန်ထမ်း (၅)ဦး။ အမှတ်စဉ်(၁)နှင့်(၂)အတွက် အသက် ၁၈ နှစ်မှ ၂၅ နှစ်အတွင်း ဖြစ်ရမည်။ အနည်းဆုံး ၁၀ တန်း ဖြစ်ရမည်။ ၃။ လုံခြုံရေး ၀န်ထမ်း ကျား(၆) ဦး။ အသက် ၂၅ နှစ်မှ၄၅ နှစ်အတွင်းဖြစ်ရမည်။ လုပ်ငန်းအ တွေ့အကြုံအနည်းဆုံး ၂ နှစ်ရှိရမည်။ အချိန်ပြည့်တာဝန်ထမ်းဆောင်နိုင်ရမည်။အမှတ်(၂၈၈/ ၂၉၀)၊အနော်ရထာလမ်း၊ လမ်းမတော်မြို့နယ်၊ ရန်ကုန်၊ ဖုန်း-၂၁၄၆၂၄

၁။ Engineer မ (၅)ဦး၊ AGTI (Civil) သို့ B.Tech-BE (Civil)ယ ၂။ စာရင်းစစ် မ (၂) ဦး၊ B.Com, CPA (သို့) B. Con AAယ ၃။ စာရင်းကိုင်စာရေးမ မ(၅)ဦး၊ B.Act (သို့) LCCI-III Diploma ၄။ ဆိုင်တာဝန်ခံ စာရေးမ  မ (၁၀)ဦး၊ အခြေခံပညာအထက် တန်းအဆင့်။ ၅။ ဆိုင်လုံခြုံရေး ကျား (၁၀)ဦး။ အမှတ်(၂၉)၊ လမ်း သစ်လမ်း (မော်တင်)၊ လမ်းမတော် မြို့နယ်၊ ဖုန်း-၂၂၅၄၉၆၊ ၂၂၆၆၇၉

၁။ Translator (ထိုင်း-မြန်မာစကား ပြန်) ၁ ဦး၊ Qualification -Thai Language (စကားပြောနှင့် ဘာသာ ပြန်နိုင်ရမည်)ဘွဲ့တစ်ခုခုရရှိပြီး၊ ကွန်ပျူတာအသုံးပြုနိုင်ရမည်။ ၂။ Asst; Production Supervisor ကျား (၁) ဦး၊ A.G.T.I (EC/EP/MP) ၃။ Operator (Generator/ Maintenance) ကျား (၁)ဦး၊ A.G.T.I (EP/MP& EC) အမှတ်(၁၀၉)၊ ဆိပ်ကမ်း သာလမ်း၊ စက်မှုဇုန်(၃)လှိုင်သာယာ မြို့နယ်။ ဖုန်း-၆၈၅၂၃၃၊ ၆၈၅၆၅၈၊

ဆိုင်အကူဝန်ထမ်း ကျား(၁)ဦးဆက်သွယ်ရန် ဖုန်း- ၀၉-၅၁၁၂၀၇၄၊၀၉-၇၃၀၁၀၁၄၄

ရန်ကုန်မြို့လယ်ရှိ ပေါ်ပြူလာအလှပြင်ဆိုင် ၄ ဆိုင်တွင်တာဝန်ထမ်း ဆောင်ရန် အောက်ပါဝန်ထမ်းများ အလိုရှိသည်။ ၁။ဆံပင်ညှပ်ကျွမ်းကျင် မ ၃ ဦး၊  လစာ ကောင်း၊ အကျိုးခံစားခွင့် ၀င်ငွေ၏ ၁၀ ရာခိုင်နှုန်းလကုန်ရှင်း။ ၂။ ဆံပင်ညှပ်ကျွမ်းကျင် ကျား ၃ ဦး။ လစာကောင်း၊ အကျိုးခံစားခွင့်ဝင် ငွေ၏ ၁၀ ရာခိုင်နှုန်းလကုန်ရှင်း။ အမှတ်(၃၄၆)၊ မဟာဗန္ဓုလလမ်းမ ၃၉)လမ်းထောင့်။ ဖုန်း- ၀၉-၅၁ ၁၃၈၆၃၊ ၃၇၂၆၆၀၊ ၇၂၁၂၀၆

၁. Accountant ကျွမ်းကျင် မ ၂ ဦး၊ ၂။ Engineer (BE) ကျား ၃ ဦး။ မော်တော်ယာဉ်လုပ်ငန်းအတွေ့အ ကြုံရှိသူဦးစားပေးမည်။ ၃။ တရုတ် စကားပြန် မ ၁ ဦး။ တရုတ်စကား  (အရေး၊အဖတ်၊အပြော)ကျွမ်းကျင်ရ မည်။ ကွန်ပျူတာကျွမ်းကျင်သူဦးစား ပေးမည်။ ၄။ အတွင်းရေးမှူး မ (၁) ဦး၊ အင်္ဂလိပ်စာနှင့် ကွန်ပျူတာကျွမ်း ကျင်ရမည်။ No.18(A/1), Tharyarwaddy Street, Sayarsan Qut, Bahan Tsp, Yangon. PH:542111

၉၊ ၁၀ တန်းကို Guide လုပ်ရန် လက်ရှိ B.Ed တက်နေသော 1st Year, 2nd Year ဆရာ/မများအလို ရှိသည်။ အသက်ကြီး၍ အတွေ့အကြုံရှိသော အဆောင်မှူးဆရာ/မ အလိုရှိသည်။ လိုအပ်သောအ ထောက်အထားစာရွက်စာတမ်းများနှင့် အမြန်ဆက် သွယ်ပါ။ ဖုန်း-၀၉-၅၀၆၁၃၆၈၊

Admin/ HR ကျွမ်းကျင်ဝန်ထမ်း အလိုရှိသည်။ (ကျား/မ အသက်၂၅ နှစ်မှ ၃၀ အတွင်း) ဆက်သွယ်ရန် ဖုန်း- ၀၉-၇၃၀၆၆၁၅၆၊၀၁-၀၃၀ ၀၀၃၁၇

Accountant Supervisor မ (၂) ဦး၊ အသက်(၃၀-၄၅)အိမ်ထောင်မရှိ သူ ဖြစ်ရမည်။ B.Com, LCCI (3) (8am- 6pm) Duty, လစာ 1L ဆေးခန်းအတွေ့အကြုံ ၂ နှစ်ရှိရမည်။ စာရင်းပိုင်းကို ထိထိရောက်ရောက်သုံးသပ် နိုင်ပြီး မှန်မှန်ကန်ကန်ဖော်ထုတ် ပြနိုင်ရန်ဝန်ထမ်းများအား ဦးဆောင် နိုင်ရမည်။ ကြော်ငြာပါပြီး ၂ ပတ် အတွင်းလာရောက်လျှောက်ထားရန်။ ရွှေပုပ္ပါးအထူးကုဆေးခန်း W1- ရန်ကင်းပန်းခြံအိမ်ရာ၊ ရန်ကင်းမြို့ နယ်။ ဖုန်း-၅၅၆၀၀၁၊ ၅၅၆၃၁၆။

ကံ့ကော်ရွှေပြည်ပညာ့အောင်မြေရိပ်သာတွင် ၁။ အဆောင်မှူး မ(၁)ဦး၊၂။ Study Guide ကျား(၃)ဦး၊ မ(၄)ဦး၊ အမှတ်စဉ်(၁)အတွက် သိပ္ပံဘွဲ့၊အတွေ့အကြုံ(၃)နှစ်အထက်၊ အသက်(၃၅)အထက်၊ (၂)အတွက် မဟာသိပ္ပံဘွဲ့ရရှိသူ၊ ၉၊ ၁၀ တန်း ဘာသာရပ်နှစ်ခုလုံးပြသနိုင်သူ၊ လုပ်သက်(၁)နှစ်အထက်ရှိရမည်။ 3A၊ ပြည်တော်အေးရိပ်သာ၊ ကမ္ဘာအေးဘုရားလမ်း၊ ရန်ကင်းမြို့နယ်။ (ရိပ်သာမှတ်တိုင်)။

(အလုပ်ခေါ်ကြော်ငြာအသစ်များကို ဆက်လက်ဖော်ပြသွားပေးပါမည်။ အခမဲ့ဖော်ပြခြင်းဖြစ်သည်)

 

Tags:

ဘယ်ဖက်လက်ထဲမှာ မမြင်ရတဲ့ဓားနဲ့လူငယ်

သေမင်း၊ တစ္ဆေ၊ မိုးကြိုးပစ်ရဲတိုက် နဲ့ ဇောက်ထိုးဆွဲခံရသူ
တားရော့ထုပ်ကို ဆွဲလှန်လိုက်တိုင်း ကဒ်ဆိုးတွေ ထွက်ထွက်ကျလာတယ်….
ခုတလော ကောင်းကင်ဘုံနဲ့ သိပ်အစေးမကပ်ဘူး
အင်းလေ… ဘယ်တုန်းကမှလည်း
ဘယ်အရာနဲ့မှ အစေးကပ်ခဲ့တာ မဟုတ်လေတော့ ရှိစေပေါ့။
စကြ၀ဠာကြီးကို လိုချင်တယ် ၊ ကမ္ဘာကြီးရဲ့ သဲတစ်ပွင့်မျှသာရခဲ့တယ်
အဲဒီသဲတစ်ပွင့်ဟာ ကဗျာရေးချင်တဲ့စိတ်ပဲ
ကဗျာရေးဖို့ကြံစည်တာ… သုံးနှစ်သုံးမိုး ကြံစည်မှုပဲမြောက်ခဲ့
ခပ်တုံးတုံး ခပ်အအ ခပ်ကြောင်ကြောင် ခပ်ဂေါက်ဂေါက်
အဲ့လို နာမတော်တွေပိုင်ဆိုင်အောင်
ဘ၀တစ်လျှောက်လုံး ရူးချင်ယောင်ဆောင်ပေးရ။
လမ်းတွေမှာ ပန်းတွေဝေတာကြည့်ချင်တယ်
ဖိနပ်တွေသေတာ အတိတ်မှာချန်ခဲ့…ချန်ရစ်
အသစ်မဖြစ်တော့တဲ့ ရာဇ၀င်ကို ဂုံနီအိတ်နဲ့ ဖုံးထားလိုက်တယ်။
တစ်လက်စတည်း… တောင်း ပန် ပါ တယ် အေး ငြိမ့် ငြိမ့် မွန်
ကျုးလွန်မိတဲ့အပြစ်တွေက နောက်ဘ၀ထိအောင်ကျေမှာမို့လို့လား
လှေပေါ်မှာ ကားယားခွရပ်ရင်း ခြေချော်လက်ချော်
ပြည်လမ်းပေါ်ရောက်တိုင်း စိတ်ဓာတ်တွေက ရိုင်းစိုင်းလာရဲ့။
ငါ ရိုးမသား… နင် တောင်ပေါ်သားလား….
ငါ ရိုးမသား…. နင် မြေပြန့်သားလား……
မှန်ထဲက မျက်စိနှစ်လုံးကြား နှာယောင်တည့်တည့်စိုက်ကြည့်
ဦးအုန်းဖေရဲ့ စံလွဲစိတ်ပညာစာအုပ် ရှာမတွေ့သေးဘူး
သတင်းတွေကြားချင်ပါတယ်၊ သတင်းငတ်တဲ့ရောဂါ… သတင်းပြတ်တဲ့ရောဂါ
မနက်သုံးနာရီမှာ ပုတီးစိပ်သံ တဂျောက်ဂျောက်၊ ကုလားဖန်ထိုးသံ တရွှမ်းရွှမ်း
လှည်းတန်းမှာ နေ၀င်ခဲ့တဲ့ ရက်အသောင်းသောင်း
အိပ်မက်တွေက ဗြောင်းဆန်နေတာပဲ။
ငယ်ငယ်ကလို ကြိုဖြစ်မယ့်အရာကို အိပ်မက်မက်တတ်တဲ့ အစွမ်းမျိုး
ခု…. ပြန်လိုချင်တယ်
အရက်မသောက်တော့တာ ခြောက်လပြည့်နှစ်ပတ်လည်
ကွမ်းစားရင်း ဂိမ်းဆော့ရတာ သိပ်အရသာရှိတာပဲ
ကုလားဖြူဘာသာစကားကို ခုထိနားမလည်သေးဘူး ငတုံး။
ဘုရားသခင်ကိုပျက်ရယ်ပြုတဲ့ကဗျာတွေရေးသားလာကြ
ဂျပန်ဟာ ကိုယ့်နိုင်ငံကိုယ်ဗုံးကြဲလိုက်တယ် ဒေ၀တာတို့စောင့်ရှောက်ပါစေ
တစ်ခါတုန်းက ညနေခင်းအုံ့အုံ့နဲ့ တောင်ပေါ်လမ်းကလေး
ရေမွှေးဖြန်းထားတဲ့ အခန်းကျဉ်းထဲက သောကြာဗီးနပ်စ်
မြစ်တစ်ဖက်ကို ပြန်ငေးတိုင်း လွမ်း လွမ်း နေတဲ့လူငယ်
သေမင်းနဲ့အတူ နွေရာသီမြင်းစီးထွက်ခဲ့တယ်။ ။

ဥက္ကာကိုကို

199989_1709938541805_1038332401_31489104_884431_n.jpg

 
Leave a comment

Posted by on March 26, 2011 in ကဗျာ

 

အင်းစိန်ဗုံးကွဲမှုနှင့်ပတ်သက်၍ ရခိုင်များကိုဖမ်းဆီးနှိပ်စက်

ရန်ကုန်တိုင်း အင်းစိန်မြို့နယ် အောင်ဇေယျအိမ်ရာတွင် ဖေဖော်ဝါရီလ ၂၇ ရက်နေ့က ဖြစ်ပွားခဲ့သည့် ဗုံးကွဲမှု သံသယဖြင့် ရန်ကုန်တိုင်း မြို့နယ်များရှိ ရခိုင်တိုင်းရင်းသား

၁၀၀ ခန့်ကို အာဏာပိုင်များက ဖမ်းဆီး နှိပ်စက် စစ်မေးကြောင်း သိရသည်။

ဗုံးပေါက်ကွဲမှုတွင် ဒဏ်ရာရရှိခဲ့ပြီး စစ်အစိုးရ သတင်းစာများက တရားခံဟု ဖော်ပြသူနှင့် အောင်ဇေယျ အိမ်ရာတွင် အတူနေထိုင်သူမှာ ရခိုင်တိုင်းရင်းသား တဦးဖြစ်ပြီး ထွက်ပြေးလွတ်မြောက် သွားသဖြင့် အင်းစိန်၊ လှိုင်သာယာ အပြင် တခြားမြို့နယ်များမှ ရခိုင်တိုင်းရင်းသားများကိုပါ လိုက်လံဖမ်းဆီး စစ်မေးနေခြင်းဖြစ်သည်။

လှိုင်သာယာမြို့နယ် ရခိုင်မောင်မယ်အသင်း ဥက္ကဋ္ဌ ဦးစောလှအောင်ကို လှိုင်သာယာမြို့နယ် ရဲစခန်းက ၄ ရက်ကြာ ဖမ်းဆီးပြီး ရိုက်နှက်စစ်ဆေးခဲ့ကြောင်း၊ စစ်ဆေးစဉ်အတွင်း လူမျိုးရေး စော်ကားသည့် အသုံးအနှုန်းများဖြင့် ပြောဆိုခဲ့ကြောင်း ဦးစောလှအောင်နှင့် နီးစပ်သူတဦးက ပြောသည်။ရခိုင်အမျိုးသားများဖြစ်သည့် ကိုကျော်လှစိန် (၂၇နှစ်)၊ ကိုအောင်မြသန်း (၃၁နှစ်) တို့ ညီအစ်ကိုနှစ်ဦးကိုလည်း ဖမ်းဆီးစစ်ဆေးခဲ့ပြီး ကိုအောင်မြသန်းကို ၄ ရက်ကြာတွင် ပြန်လွှတ်ပေးခဲ့သော်လည်း ကိုကျော်လှစိန်ကို ၁၀ ရက်ကြာ နှိပ်စက်စစ်ဆေးခဲ့ကြောင်း၊ ထိုးကြိတ် ရိုက်နှက်ခဲ့သဖြင့် ဦးခေါင်းတွင် ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ပြီး စိတ်မူမှန်ဖြစ်နေကြောင်း ၎င်းတို့၏ မိသားစုဝင်တဦးက ဆိုသည်။၎င်းက “လတ်တလောမှာ စိတ်မူမှန်တော့ဘူး။ ဘယ်သူလာလာ ကျနော့်ကို မရိုက်ပါနဲ့၊ မဟုတ်ပါဘူးဆိုပြီးပဲ ပြောနေတယ်။ လောလောဆယ်တော့ စိတ်ရောဂါ အထူးကုဆရာဝန်တွေနဲ့ ပြနေရတယ်။ ဒါမှ မရရင်တော့ စိတ်ကျန်းမာရေးဆေးရုံ တင်ရမယ်ပြောတယ်” ဟု ဧရာဝတီသို့ ပြောသည်။

တခြားသော ရခိုင်တိုင်းရင်းသားများဖြစ်သည့် ကိုသက်တင်ဟန် (၂၆နှစ်) ကို ၄ ရက်ကြာ၊ မောင်စောရွှေ ( ၂၇ နှစ်) ကို ၁၀ ရက်ကြာ၊ ကိုသက်တင်ဟန်၏ ဖခင်ဖြစ်သူ ရဲတပ်ကြပ်ကြီး ဦးအောင်ကျော်ဝေကို ၂ ရက်ကြာ အသီးသီး ဖမ်းဆီးစစ်ဆေးခဲ့ကြောင်း ရခိုင်မောင်မယ် အသင်းဝင်များထံမှ သိရသည်။ဖမ်းဆီး စစ်ဆေးမှုများကို လှိုင်သာယာနှင့် လှည်းကူးမြို့နယ် ရဲစခန်းတို့မှ ပြုလုပ်ခြင်းဖြစ်ပြီး လူမျိုးရေး စော်ကားသည့် စကားများပြောဆိုကာ ရိုက်နှက်ခဲ့သူများတွင် လှိုင်သာယာမြို့နယ် ရဲအထူးသတင်းတပ်ဖွဲ့မှ မြင့်ဦး၊ စခန်းမှူး လှအောင်၊ လှည်းကူးမြို့နယ်မှ ဒုရဲမှူး အောင်မြင့်၊ ဖောင်ကြီးရဲစခန်းမှ ဒုရဲအုပ် ကျော်ဆန်းလင်းတို့ ပါဝင်ကြောင်း၊ ၎င်းတို့က ငါ ဘယ်သူကွဟု ပြောဆိုပြီး ရိုက်နှက်ဆဲဆိုသဖြင့် မှတ်မိခြင်းဖြစ်ကြောင်း ပြန်လည်လွတ်မြောက်လာသူများက ဆိုသည်။စစ်ဆေးနေစဉ်တွင် လှည်းကူးရဲစခန်းမှ ဒုရဲမှူး အောင်မြင့်နှင့် အဖွဲ့က လူမျိုးရေး စော်ကားမှုများ ပြောဆိုပြီး အဖွဲ့လိုက် ၀ိုင်းဝန်းရိုက်နှက်ကြောင်း၊ ညို့သကျည်းကို မျဉ်းလုံးဖြင့် လှိမ့်ခြင်း၊ ထုတ်တန်းတွင် ဇောက်ထိုးဆွဲ၍ ရိုက်နှက်ခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အမည်မဖော်လိုသည့် ဖမ်းဆီး စစ်မေးခံရသူတဦးက “ကျနော်တို့ မခံနိုင်ဆုံးကတော့ မအေ၊ နှမတွေနဲ့ မိုက်မိုက်ရိုင်းရိုင်း ဆဲတယ်။ တချက်ရိုက်တိုင်း လူမျိုးကို စော်ကားတယ်။ ဆဲတယ်။ ကျနော်တို့နဲ့လည်း ဘာမှ မပတ်သက်ဘူး။ တရားခံလည်း မဟုတ်ဘူး။ တရားခံ မဟုတ်လို့ လက်ထိပ်မခတ်ပါနဲ့ဆိုတော့ သူတို့က မင်းတို့တွေကို နှိပ်ကွပ်ချင် နေတာကြာပြီ၊ အမှုနဲ့တကယ် မပတ်သက်လည်း ထောင် မကျ ကျအောင် ချမယ်၊ ကြည့်မရတာကြာပြီဆိုပြီး ပြောတယ်” ဟု ဆိုသည်။ ဗုံးဖောက်ခွဲရာတွင် ဒဏ်ရာရခဲ့သည့် တရားခံဆိုသူ ခေါ်ယူအသုံးပြုလေ့ရှိသော ရခိုင်တိုင်းရင်းသား အငှားယာဉ်မောင်းတဦးကိုလည်း ဖမ်းဆီးစစ်ဆေးခဲ့ပြီး ညို့သကျည်းကို မျဉ်းလုံးဖြင့် လှိမ့်သဖြင့် ခြေထောက်တွင် ဒဏ်ရာပြင်းထန်စွာရပြီး လမ်းမလျှောက်နိုင်တော့ကြောင်းလည်း သိရသည်။ ဖမ်းဆီး စစ်မေးခံရသူများကို အကူအညီပေးနေသူတဦးက ဤကိစ္စများကို သက်ဆိုင်ရာသို့ တိုင်ကြားမည့် ကိစ္စနှင့် ပတ်သက်၍ “စစ်ဆေးခံရတဲ့သူတွေအားလုံး ဘာမှပတ်သက်မှုမရှိလို့ ပြန်လွှတ်ပေးလိုက်ပြီ။ ဒါပေမယ့် အပြစ်မဲ့ပြည်သူတွေအပေါ် အနိုင်ကျင့်တာတွေကိုတော့ သူတို့ပြန်တာဝန်ယူရမှာပါ” ဟု ပြောသည်။

ယင်းကဲ့သို့

ရခိုင်တိုင်းရင်းသားများ အနိုင်ကျင့်စော်ကားခံရမှုနှင့် ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီးအတွင်း ရခိုင်လူမျိုးစုလွှတ်တော်အတွက် ရခိုင်တိုင်းရင်းသားများ မဲပေးရွေးချယ်ထားသည့် ဦးဇော်မောင်ကို အကြောင်းကြားထားသော်လည်း တစုံတရာ အကြောင်းပြန်ကြားခြင်း မရှိသေးကြောင်း သိရသည်။ လှိုင်သာယာမြို့နယ်မှ ရခိုင်တိုင်းရင်းသား တဦးက “ရခိုင်အမျိုးသားတွေရဲ့ အရေးကိစ္စတွေကို ကာကွယ်ဖို့ ရခိုင်အမျိုးသားတွေက မဲပေးရွေးချယ်ထားတာပါ။ ဒါပေမယ့် ဒီကိစ္စကို ဘာမှ ထိထိရောက်ရောက် ကိုင်တွယ်တာ မတွေ့ရဘူး။ ဒီလိုဖြစ်နေတာတောင် ကျနော်တို့ ဖုန်းဆက်အကြောင်းကြားမှ သိတယ်။ သူဘာမှ မသိဘူး” ဟု ဆိုသည်။၂၀၁၀အတွင်း နိုင်ငံအနှံ့ ၈ နေရာတွင် ဗုံးပေါက်ကွဲမှု ဖြစ်ခဲ့ပြီး သေဆုံးသူ ၁ ဒါဇင်ကျော်နှင့် ဒဏ်ရာရသူ ၁၉၀ နီးပါး ရှိခဲ့သည်။ စစ်အစိုးရသည် ဗုံးပေါက်ကွဲမှုများ ဖြစ်ပွားပါက ပြည်ပအခြေစိုက် အစိုးရဆန့်ကျင်သော အဖွဲ့အစည်းများ၏ လက်ချက်ဖြစ်သည်ဟု ပြောဆိုစွပ်စွဲလေ့ရှိသည်။

(ှSource-Forward Mail)

 
1 Comment

Posted by on March 26, 2011 in ကဗျာ

 

ကံ့ကော်ရွာမှ ပန်းချီဝတ်ဆံများ

written by – ဥက္ကာကိုကို

““အခုလို ကံ့ကော်ပွင့်ချိန်ဆိုရင် စိတ်လှုပ်ရှားလာတာအမှန်ပဲ”” ဟု သူတို့ကပြောကြသည်။ သူတို့ဆိုသည်က ရန်ကုန်တက္ကသိုလ် ကျောင်းသားဟောင်းကြီးများလည်းဖြစ်၊ ပန်းချီဆရာ၊ပန်းချီရေးသူများလည်းဖြစ်ကြသော “ကံ့ကော်ရွာသား” တို့ပင်ဖြစ်သည်။ နှစ်စဉ် ဖော်ဖော်ဝါရီလ၊ မတ်လ နွေဦးသို့ရောက်ပြီးကံ့ကော်ဖူးများပွင့်လန်းတော့မည့် ကာလတွင် သူတို့တွေ ရင်ခုန်လာကြသည်။ လန်းဆန်းလာကြသည်။ ပျော်ရွှင်လာကြသည်။ အသက်အရွယ်အားဖြင့်ဆယ့်ရှစ်နှစ်သို့ပင် ပြန်ရောက် သွားကြသယောင် ခံစားတက်ကြွလာကြသည်။ ထို့နောက် ပြန့်ကျဲနေသော ကံ့ကော်ရွာသားတွေ ပြန်လည်စုစည်း ကြလေသည်။သူတို့လက်ထဲတွင်တော့ ပန်းချီကားချပ်ကိုယ်စီနှင့်ဖြစ်သည်။

“ံကံ့ကော်ရွာ” ဟုအမည်ပေးထားသည့် ပန်းချီပြပွဲကိုလောကနတ်ပန်းချီပြခန်းတွင် ဖေဖော်ဝါရီ ၂၂ ရက်မှ ၂၆ရက် အထိပြသခဲ့ သည်။ ယခုနှစ်သည် ကံ့ကော်ရွာပန်းချီမိသားစုလေး၏ ၂၂ကြိမ်မြောက် ပြပွဲဖြစ်သည်။ သူတို့ကိုယ် သူတို့ရာဇူးကျောင်းသား ဟုဂုဏ်ယူစွာပြောဆိုကြသောရန်ကုန်တက္ကသိုလ်ပင်မကျောင်းသားဟောင်းပန်းချီဆရာကြီးများ ၏ တက္ကသိုလ် ပြင်ပတွင် ပြသ သော ကံ့ကော်ရွာပန်းချီပြပွဲ၂၂ကြိမ်မြောက်လည်းဖြစ်သည်။ ကံ့ကော်ရွာ ပန်းချီပြပွဲများသည်ရန်ကုန်တက္ကသိုလ်အနုပညာ အသင်း၊
ပန်းချီခန်းမမှ စတင်ပေါက်ဖွားလာခြင်း ဖြစ်ပြီး ယခင်က ရန်ကုန်တက္ကသိုလ်ရှိ အာရ်စီဟုနာမည်ကျော်သည့် အပန်းဖြေရိပ်သာတွင် နှစ်စဉ်ပြသခဲ့ကြရာမှ ကျောင်းပြီးဆုံး၍ ကျောင်းဝင်းပြင်ပသို့ထွက်ခွာလာခဲ့ကြရသောကျောင်းသားပန်းချီဆရာများ၏ အမှတ်တရ လက်ဆင့်ကမ်း ရှင်သန်လာခဲ့သော ပြပွဲများဖြစ်သည်။

ပြင်ပတွင် ကံ့ကော်ရွာဟူသောအမည်ဖြင့် ကျောင်းသားများစတင်ပြသခဲ့ကြသည်မှာ ၁၉၇၉ ခုနှစ်တွင်ဖြစ်သည်။ ရာဇူး (ရန်ကုန်တက္ကသိုလ်ပင်မ)ပြင်ပ၌ပထမဆုံးပြသသည့်နေရာမှာ ပြည်လမ်းရှိ ဆေးတက္ကသိုလ်(၁)မှ လိပ်ခုံးခန်းမတွင် ဖြစ်ပြီး ရာဇူး အနီးအနားရှိ ယုဒဿန်ရိပ်သာတွင်လည်း ၁၉၉၅အထိ ပြသခဲ့ကြသည်။ နောက်ပိုင်းတွင်အကြောင်းကြောင်း ကြောင့် တက္ကသိုလ် အနီးတွင်ပြသရန်ခက်ခဲလာသောကြောင့် ရန်ကုန်မြို့တွင်းရှိလောကနတ်ပန်းချီပြခန်းသို့ ၂၀၀၀ ခုနှစ်မှ စတင်၍ ယနေ့အထိ ပြောင်းရွှေ့ပြသခဲ့ကြရသည်။
““ယဉ်ကျေးမှုတက္ကသိုလ်ပေါ်လာတယ်။ နောက်ပိုင်းမှာ ရာဇူးကအနုပညာအသင်းလည်းပျက်သွားတယ်။ ဒါပေမယ့် ကံ့ကော်ရွာ မိသားစုလေးကတော့ မပျက်သွားခဲ့ဘူး။ နှစ်စဉ်ကံ့ကော်ပွင့်ချိန်မှာ ကျင်းပမြဲပါပဲ””ဟု ပန်းချီ မျိုးမြင့်လေးကပြောသည်။
ယခုနှစ်တွင်လည်း အစဉ်အလာမပျက်စေရန် သူတို့တွေကြိုးစားအားထုတ်ထားကြသည်။ သူတို့၏ပန်းချီပညာကို စတင်မျိုးစေ့ချ သင်ကြားပေးခဲ့သည့် ပန်းချီဆရာကြီး ဦးလွန်းကြွယ်၊ ဦးသိန်းဟန်တို့နှင့် ဦးသုခ၊ ဦးနန်းဝေတို့၏ပန်းချီလက်ရာ များကိုလည်း ပူးတွဲပြသခဲ့သည်။

ယခုနှစ်ပြပွဲတွင်ပါဝင်ပြသခဲ့ကြသော ကံ့ကော်ရွာသားများမှာ…..ပန်းချီအောင်ကျော်မိုး၊ ဒါလီ၊ ဖော်မတ်၊ လှတိုး၊ ဌေးမြင့်၊ ဌေးဌေးမြင့်၊ ကြီးမြင့်စော၊ ခင်ဆွေဝင်း၊ ခင်မောင်ဗိုလ်၊ ကိုကိုနိုင်၊ ကြည်သာအေး၊ လမင်းအောင်ဇင်၊ လွန်းသစ်၊ မမွှေး၊ မိုးကျော်သူ၊ မြိုင်သန်းဦး၊မျိုးမြင့်လေး၊ မျိုးဝေ၊ ညီညီ၊ စံမင်း၊ စိုးနိုင်၊ သောင်းထွန်း၊ သပြေထွန်း၊ သည်ဝင်းနိုင်၊ တင်ဝင်း(ကံ့ကော်ရွာ)၊ တီးတို၊ တင်ဝင်းအောင်၊ ၀င်းဖေမြင့်၊ ဇော်လူဝင်း၊ ဇော်ဝင်းလှိုင်၊ ဇင်ဝေလတ်တို့ဖြစ်ကြသည်။ ကံကော်ရွာသားများမှာ အချိန်ကြာလာ သည်နှင့်အမျှတချို့ကပြည်ပသို့ရောက်ရှိသွားကြခြင်း၊ တချို့မှာ ကွယ်လွန်သွား ကြခြင်း၊ တချို့မှာ ပန်းချီလောကမှ ထွက်ခွာ သွားကြခြင်းတို့ကြောင့်လူအင်အားတဖြည်းဖြည်း လျော့နည်း လာခဲ့သည်။ ရွာသားများမှာလူတန်းစားပေါင်းစုံဖြစ်ပြီး အများစုမှာ
စားဝတ်နေရေးအတွက်ရုန်းကန်လှုပ်ရှားနေကြရသဖြင့် ကံ့ကော်ပွင့်ချိန်ရောက်မှ ပြပွဲအတွက်အချိန်မှီရေးဆွဲကြရသဖြင့်လက်ရာ ပိုင်းဆိုင်ရာအားနည်းမှုများရှိနေဆဲဖြစ်သည်ဟု သူတို့က ဆိုကြသည်။ ““ဒီပွဲတွေမှာ ပါဝင်ဖူးတဲ့သူတွေ ၈၀လောက်ရှိတယ်။ ဆုံးသွားတဲ့လူကတော့ ၁၅ယောက်လောက်ရှိပြီ။ ပရော်ဖက်ရှင် နယ်ပွဲတွေနဲ့တော့ နည်းနည်းကွဲမယ်။ တို့အထဲမှာ ပန်းချီနဲ့ အသက်မွေးတဲ့သူ သုံးပုံတစ်ပုံပဲပါတယ်။ပန်းချီဆွဲရင်းတခြားအလုပ် လုပ်တဲ့သူတွေပါတယ်။ ပွဲလုပ်ကာနီးမှဝါသနာ အလျောက် ၀င်ဆွဲတဲ့သူတွေပါတယ်””ဟု ကံ့ကော်ရွာသူကြီးဟောင်းတစ်ဦး ဖြစ်သော ပန်းချီမျိုးမြင့်လေးကပြောပြသည်။

ပန်းချီနည်းစနစ်များအနေဖြင့် ကိုယ်နှစ်သက်ရာကိုရွေးချယ်ရေးဆွဲပြသကြခြင်းကြောင့် ကံ့ကော်ရွာပြပွဲများမှာ ပုံစံမျိုးစုံ ဖြင့် ပန်းချီလက်ရာစုံလင်ကြသည်။ ယခုနှစ်တွင် ရေဆေး၊ ဆီဆေး၊ အခရိုင်းလစ်၊ ဓာတ်ပုံပန်းချီ၊ ပန်းပု၊ ဖယောင်း၊ ပရင့်စသော ရေးဆွဲနည်းအမျိုးမျိုးဖြင့် ကိုယ်နှစ်သက်ရာရေးဆွဲတင်ပြခဲ့ကြသည်ကိုတွေ့ရသည်။ ပန်းချီကားများမှာ အကြောင်းအရာ အမျိုးမျိုးဖြစ်သော်လည်း သူတို့ရောက်ရှိကျင်လည်ခဲ့၊ ပညာရင်နို့သောက်စို့ခဲ့သည့် ရန်ကုန်တက္ကသိုလ် (ပင်မ)နှင့် သက်ဆိုင်သော အကြောင်းအရာများကိုဦးစားပေးရေးဆွဲကြသည်ကိုလည်းတွေ့မြင်ရသည်။ ထို့ကြောင့် ကံ့ကော်ရွာပြပွဲများတွင် ကံ့ကော်၊ သစ်ပုပ်ပင်၊ အင်လျားကန်၊ ရွက်လှေများ၊ ဂျပ်ဆင်၊ ဘွဲ့နှင်းသဘင်ခန်းမ စသော ပန်းချီကားချပ်များကိုအမြဲမြင်တွေ့ကြရမည် ပင်ဖြစ်သည်။
““တချို့ကားတွေဆိုရင် ကျောင်းတုန်းကပဲဆွဲထားတာကိုအမှတ်တရအနေနဲ့ပြန်တင်ကြတယ်။ အသစ်တွေတော့ များပါတယ်”” ဟု
ကံ့ကော်ရွာသားပန်းချီဆရာတစ်ဦးကပြောသည်။

သူတို့အားလုံးက မိသားစုလိုပင်ဖြစ်နေကြပြီဖြစ်သည်။ နှစ်ပေါင်း ၃၀ ကျော်တွင် ပြပွဲပေါင်း ၂၂ပွဲပြသခဲ့သည့်တစ် လျှောက်တွင်
သူတို့၏သံယောဇဉ်တွေမြဲမြံခဲ့ကြသည်။
““ဆွေမျိုးတွေလိုပါပဲ။ ရင်ဘတ်ချင်းတူတဲ့အသိုင်းအ၀ိုင်းတွေတစ်နှစ်တစ်ကြိမ်ပြန်တွေ့ကြတာပေါ့။ မတွေ့ရရင် လည်း မနေနိုင် ဘူး””ဟု သူတို့ကပြုံးရယ်ရင်းပြောကြသည်။
ရန်ကုန်တက္ကသိုလ်ကြီးတွင် သူတို့ပညာသင်ကြားနေစဉ်ပထမနှစ်ကာလများမှာပင် တက္ကသိုလ်အနုပညာအသင်း၊ ပန်းချီဌာနစိတ်မှ ဦးစီးသင်ကြားသောပန်းချီသင်တန်းကို ၀ါသနာအလျှောက်တက်ရောက်ခဲ့ကြခြင်းဖြစ်သည်။ဆရာကြီး ဦးလွန်းကြွယ်နှင့် ဦးသိန်းဟန်တို့က အဓိကသင်ကြားပေးကြပြီးတစ်ခါတရံမှာတော့ ကွယ်လွန်သွားပြီးဖြစ်သော ဆရာကြီး ဦးသုခနှင့်ဦးနန်းဝေတို့က လာရောက်ပို့ချပေးကြောင်းသိရသည်။ပထမနှစ်ကျောင်းသားငယ်လေးများကို ကျောင်းသားကြီး များကလည်းကူညီပြသပေးကြ လေသည်။ သင်တန်းကို ကျောင်းဖွင့်စမှနေ၍ စနေ၊တနင်္ဂနွေနေ့တိုင်း ဖွင့်လှစ်သည် ဟုသိရသည်။

““၁၉၇၆ ခုနှစ်မှာ သင်တန်းက ၂၅နှစ်ပြည့်ငွေရတုဖြစ်နေပြီ။တော်တော်ကြာခဲ့ပြီပေါ့။ အဲဒီအချိန်ထိ ပထမနှစ် သင်တန်း တစ်ခုပဲရှိတယ်။ ၁၉၇၇လောက်ကစပြီး ဒုတိယနှစ်သင်တန်းဖြစ်လာတယ်။ ၁၉၈၁ခုနှစ်လောက်မှာတော့ တတိယနှစ်သင်တန်း ရှိလာတယ်။ နောက်ပိုင်းမှာပန်းချီဆရာကြီးမန္တလေးဦးတင်အေး သင်ပေးနေတယ်လို့ကြားရတယ်”” ဟုကံ့ကော်ရွာပန်းချီဆရာ တစ်ဦးကပြောပြသည်။

““အဲဒီတုန်းက အသက်တွေက ၁၉-၂၀ပတ်ဝန်းကျင်တွေ။ဝါသနာလေးနဲ့ပျော်ပြီးလုပ်ကြတာ။ ဆွဲတာတွေက လည်းတက္ကသိုလ်အနံ့ အသက်လေးတွေပေါ့။ ကံ့ကော်ပါမယ်။ ကျောင်းပတ်ဝန်းကျင်တွေပါမယ်။ အစ်ကိုတွေကလည်း ကူညီပေးကြပါတယ်”” ကျောင်းသူ ဟောင်းတစ်ဦးဖြစ်သော ကံ့ကော်ရွာသူဒေါ်သင်းသင်းမာကပြောသည်။
နှစ်စဉ်ကျောင်းမှရွေးကောက်တင်မြှောက်သော ပန်းချီဌာနစိတ်မှကြီးမှူး၍ အာရ်စီ(တက္ကသိုလ်အပန်းဖြေရိပ်သာ) တွင် သင်တန်းမှ ကျောင်းသားများနှင့် တခြားဝါသနာရှင်ကျောင်းသားများ စုစည်းပြီး ပန်းချီပြပွဲများကိုပြသကြလေ့ရှိ ကြောင်းသိရသည်။

တက္ကသိုလ်စာမေးပွဲများနီးချိန်တွင် သင်တန်းပိတ်ပြီးသင်တန်းဆင်းလက်မှတ်များပေးအပ်ကာ သင်တန်းဆင်း ပန်းချီပြပွဲကိုပါ တစ်ပါတည်းပြုလုပ်ကြခြင်းဖြစ်သည်။ ထိုစဉ်ကရန်ကုန်တက္ကသိုလ်အနုပညာအသင်းမှပြုလုပ်သော ပန်းချီပြပွဲများသည် အကြီး အကျယ် အောင်မြင်စည်ကား ခဲ့သည်ဟုသိရသည်။ ကျောင်းနှစ်ပတ်လည်ပြပွဲများစည်ကားရခြင်းမှာ ရာဇူးမှပန်းချီဝါသနာရှင် ကျောင်းသားများသာမကဘဲ ဆေး တက္ကသိုလ်၊ စီးပွားရေးတက္ကသိုလ်၊ ပညာရေးကောလိပ်တို့မှ ပန်းချီဝါသနာရှင် ကျောင်းသားများပါ လာရောက်ပူးပေါင်း ပါဝင်ပြသခဲ့ကြသောကြောင့်ဖြစ်သည်ဟုဆိုကြသည်။
““နှစ်ပတ်လည် ပန်းချီပြပွဲတွေတိုင်း ပထမနှစ်၊ ဒုတိယနှစ်၊ တတိယနှစ်နဲ့ တခြားကျောင်းကကျောင်းသားတွေပါ အကုန် ပါဝင်ပြသကြတာ။အာရ်စီဟောကြီးနဲ့အပြည့်ပဲ။ ပန်းချီကားတွေက ကားပေါင်း ၅၀၀ နဲ့ ၁၀၀၀ ကြားမှာရှိတယ်။ ပန်းချီကားတွေဆို ဟည်းထနေတာပဲ”” ဟု၁၉၇၇တွင်ကျောင်းပြီးခဲ့ပြီးနှစ်ပတ်လည်ပြပွဲခြောက်ပွဲခန့်ပါဝင်ပြသခဲ့ဖူးသော ပန်းချီဆရာမျိုးမြင့်လေးက အားပါးတရပြန်ပြောပြသည်။

သူတို့လုပ်ခဲ့ကြသော တက္ကသိုလ်ပြပွဲများသို့ ပြင်ပမှလူအများလည်းလာရောက်ကြည့်ရှုဝယ်ယူကြသည်ဟု သိရသည်။ ရန်ကုန်တက္ကသိုလ်အနုပညာအသင်းမှ ထွက်သွားကြသော ကျောင်းသားဟောင်းကြီးများထဲမှာ အောင်မြင်နေ ကြသူတွေ အများကြီးရှိကြသည်။ အထူးသဖြင့် လူရွှင်တော်များမှာ လူသိပိုများကြသည်။ ကံ့ကော်ရွာသို့ရောက်ရှိလာကြသော ပန်းချီဆရာ ကျောင်းသားဟောင်းများမှာ ကျောင်းဆင်းပြီးနောက်ပိုင်းတွင်မှ ပြန်လည်စုစည်းခဲ့ကြခြင်းဖြစ်သည်။ တချို့ကျောင်းသားဟောင်း ကြီးများက ထိုအချိန်မှာပြင်ပပန်းချီလောကကြီးအတွင်းသို့ တိုးဝင်နေကြပြီဖြစ်သည်။ ထိုစဉ်မှာပင် သူတို့နားခိုခဲ့သည့် ကျောင်း ပန်းချီခန်းမမှညီငယ်မောင်ငယ်မျိုးဆက်သစ်တို့အတွက် နေရာပေးရန်၊ပြင်ပပန်းချီလောကနှင့်ပေါင်းကူးပေးရန် ပန်းချီအဖွဲ့တစ်ဖွဲ့ လိုအပ်လာပြီဟု သူတို့တွေးမိလာကြသည်။

၁၉၇၉ ခုနှစ်၊ နှစ်ဆန်းပိုင်းမှာတော့ရန်ကုန်တက္ကသိုလ်ဝင်းအတွင်းလက်ဖက်ရည်ဆိုင်တစ်ဆိုင်မှာ ပြင်ပရောက် အနုပညာအသင်းမှ ပန်းချီဆရာကျောင်းသားဟောင်းများနှင့်ပန်းချီခန်းမသို့အသစ်ရောက်ရှိလာကြသည့် ဂျုနီယာ ကျောင်းသားလေးများ စိတ်အား ထက်သန် စွာ တစ်စုံတစ်ခုကို ဆွေးနွေးနေကြသည်။ငြင်းခုံသံများ၊ ထောက်ခံသံများ၊ တစ်ယောက်တစ်ပေါက်ပြောဆိုသံများ အဆုံးမှာတော့ သဘောတူညီချက် တစ်ခုကိုသူတို့ရရှိသွားကြပြီဖြစ်သည်။ စာရွက်လွတ်တစ်ရွက်တွင်အမည်နာမပေါင်း မြောက်မြားစွာကို ရေးခြစ်ထားကြရာမှ ဆရာခင်အောင်အေးရေးထား သောနာမည်တစ်ခုကို သူတို့အားလုံး ရင်ခုန်နှစ်သက်စွာ
အတည်ပြုလိုက်ကြတော့သည်။ ထိုနာမည်က ““ကံ့ကော်ရွာ”” ။

ကံ့ကော်ပင်ပေါင်းများစွာ ပေါက်ရောက်ရှင်သန်လျှက်ရှိသောအမိတက္ကသိုလ်ရင်ခွင်ကြီးကိုကိုယ်စားပြုစေရန် “ကံ့ကော်” ဟူသော စာလုံးနှင့် မြန်မာမိသားစုပုံစံ စည်းလုံးညီညွှတ်မှုရှိစေရန်အတွက်“ရွာ”ဟူသောစကားလုံးတို့ကို အဓိပ္ပယ်ရှိစွာပေါင်းစပ်၍ ကံ့ကော်ရွာ ဟူသည့်ကျောင်းသားဟောင်းပန်းချီသမားများ၏ အနုပညာလှုပ်ရှားမှုတစ်ရပ် ထိုသို့ဖြင့်ပေါ်ထွန်းခဲ့လေသည်။
““ကျောင်းထဲကနေ အပြင်ရောက်လာတဲ့လူတွေမှန်သမျှ စုစည်းမိတဲ့သဘောပါ။ ကျောင်းအပြင်ရောက်တော့ ကျောင်း ထဲပြန်ဝင်ပြီး ပြပွဲတွေပြဖို့ကအခက်အခဲရှိသွားပြီလေ။ အဲဒါနဲ့ အပြင်ရောက်တဲ့လူတွေနဲ့ စုပြဖို့ဆိုပြီး လုပ်ဖြစ်ကြတယ်”” ဟုပန်းချီဆရာ ခင်မောင်ဗိုလ်ကပြောသည်။

ကံ့ကော်ရွာအဖွဲ့မှပန်းချီဆရာ၊ ဆရာမများသည် သူတို့ကိုယ်သူတို့ရွာသူရွာသားများဟု ၀င့်ကြွားဂုဏ်ယူစွာ သုံးနှုန်းကြသည်။ သူတို့၏ ကံ့ကော်ရွာတွင် ရွာသူရွာသားပန်းချီဆရာများရှိသလို ရွာကိုအုပ်ချုပ်သည့် သူကြီးမင်း ဆိုတာလည်း ရှိနေသည် ကိုတွေ့ရသည်။ပန်းချီပြပွဲများပြုလုပ်သည့်နှစ်တိုင်း ပြပွဲကိုတာဝန်ခံရသည့်တာဝန်ခံတစ်ဦးကို ရွေးချယ်ကြပြီး သူ့ကို သူကြီးမင်း ဟုခေါ်ဝေါ်ကြသည်။ တာဝန်ကျသည့်သူကြီးအား ကျန်သူကြီးဟောင်းများနှင့် ရွာသား ပန်းချီဆရာများက ၀ိုင်းဝန်းကူညီကြရ သည့် ချစ်စဖွယ် အလေ့အထကိုသူတို့ကျေနပ်စွာကျင့်သုံးကြသည်။ ယခင်က ကံ့ကော်ရွာသူကြီးတာဝန်ကို ကျောင်းတုန်းက အတွင်းရေးမှူးဟောင်းများမှ အလှည့်ကျတာဝန်ယူခဲ့ကြသော်လည်း ၂၀၀၁ ခုနှစ်မှစတင်ကာ ရွာသူရွာသားများထဲမှ စီနီယာ ကျသူများကိုအလှည့်ကျသူကြီးအဖြစ်တာဝန်ယူစေခဲ့ကြကြောင်း သိရသည်။

ပန်းချီပြပွဲများကိုလည်း ငွေကြေးတတ်နိုင်သည့်ရွာသားကတတ်နိုင်သလောက်ပိုထည့်ပြီး မတတ်နိုင်သူကို လျှော့ပေါ့ ထည့်စေကာ ပြည်ပရောက်ရွာသားများ၏ ပံ့ပိုးပေးမှုများဖြင့် ရုန်းကန်နေကြရသည်ဟုသိရသည်။ ကံ့ကော်ရွာကျောင်းသားဟောင်းကြီးများတွင် အသက်အကြီးဆုံးကျောင်းသားမှာ အသက် ၇၀နှစ်ဝန်းကျင်ရှိနေပြီ ဖြစ်ပြီး အငယ်ဆုံးကျောင်းသားမှာ အသက် ၄၀ နှစ်ခန့်ရှိနေကြပြီဖြစ်သည်။ပြည်ပထွက်ခွာကြသူများ၊ ကွယ်လွန်သွားကြသူများ။အဆက်အသွယ်ပြတ်တောက်သွားကြသူများဖြင့် ကံ့ကော်ရွာကလေးသည် တဖြည်းဖြည်းနှင့် တိတ်ဆိတ်မယောင်ဖြစ်လာနေသည်။ ထို့ကြောင့် ရွာကလေးဆက်လက်ရှင်သန်နိုင်ရန် အတွက် ရွာသားများကိုထပ်မံမွေးထုတ်ရန်လိုအပ်လာပြီဖြစ်ကြောင်း သူတို့သတိထားမိကြသည်။
ထို့အတွက် ကံ့ကော်ရွာမိသားစုဝင်များထဲမှ ပန်းချီဝါသနာပါသော သားသမီးများ၊ ရန်ကုန်တက္ကသိုလ် ပန်းချီခန်းမ တွင် သင်တန်းမတက်ဖူးသော်လည်းဝါသနာပါသူကျောင်းသားဟောင်းများကို စိစစ်ရွေးချယ်၍ တစ်နှစ်လျှင် နှစ်ဦး၊ သုံးဦးခန့် ပြသစေခဲ့သည်။ လက်ရှိယဉ်ကျေးမှုတက္ကသိုလ်မှပန်းချီကျောင်းသားကျောင်းသူများကိုလည်းနှစ်စဉ်ရွေးချယ် ခေါ်ယူသွားရန် ဆောင်ရွက်ကြသည်။

၂၀၀၇ခုနှစ် ဖေဖော်ဝါရီလ ကံ့ကော်ပွင့်ချိန်က၁၇ကြိမ်မြောက်ကံ့ကော်ရွာပန်းချီပြပွဲကို သုဝဏ္ဏဘူမိ ဂယ်လာရီ ၏စီစဉ်မှုဖြင့် ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင်တစ်ကြိမ်သွားရောက်ပြသခဲ့ကြပြီးဖြစ်ကြောင်း သိရသည်။ကံ့ကော်ရွာ၏ပန်းချီပြပွဲ နောက်ဆုံးပိတ်ပွဲတွင်
ရောင်စုံဝေဒနာအမည်ရှိကဗျာစာအုပ်ကိုလည်းအမှတ်တရထုတ်ဝေလေ့ရှိကြောင်းသိရသည်။ရန်ကုန်ဝိဇ္ဇာနှင့်သိပံ္ပတက္ကသိုလ်အနုပညာ အသင်း ပန်းချီခန်းမသမိုင်းကိုစာအုပ်တစ်အုပ်ပြည့်စုံစွာပြုစုထုတ်ဝေနိုင်ရန် လည်း သူတို့ကြိုးစားနေကြသည်ဟုသိရသည်။

နောက်လာမည့် ၂၀၁၄ ခုနှစ်တွင် ကံ့ကော်ရွာပန်းချီပြပွဲများသည်၂၅နှစ်ပြည့်ငွေရတုတိုင်တော့မည်ဖြစ်သည်။ ငွေရတုပွဲကို ကံ့ကော်ရွာသူရွာသားများ ရင်ခုန်ငံ့လင့်နေကြသည်။သူတို့အားလုံးတညီတညာတည်း ဆန္ဒရှိနေကြသည်က သူတို့၏ ဘူမိနက်သန် နယ်မြေဖြစ်သော ရာဇူး(ခေါ်) ရန်ကုန်တက္ကသိုလ်ပင်မတွင် ကံ့ကော်ရွာ၏၂၅နှစ်ပြည့်ငွေရတုပန်းချီပြပွဲလေးကို ကျင်းပပြုလုပ်ချင် ကြခြင်းဖြစ်သည်။

““တက္ကသိုလ်ထဲမှာမဟုတ်ရင်တော့ တက္ကသိုလ်နဲ့ အနီးဆုံးနေရာမှာပြပွဲလုပ်လို့ရအောင်ကြိုးစားနေကြပါတယ်”” ဟု ၁၉၇၄ခုနှစ်က ကျောင်းပြီးခဲ့ပြီး ယခုနှစ်ကံ့ကော်ရွာ၏ သူကြီးဖြစ်သူပန်းချီဦးစံမင်းက ၂၀၁၄ခုနှစ်ကံ့ကော်ပွင့်ချိန်ကို ယခုပင်မြင်ယောင် မျှော်လင့် နေဟန်ဖြင့် ပြောလေသည်။ ။

ကံ့ကော်ရွာသားပန်းချီဆရာတချို့

ကံ့ကော်ရွာပန်းချီပြပွဲမြင်ကွင်း

ရန်ကုန်တက္ကသိုလ်ညရှုခင်းပန်းချီတစ်ကား

 

Tags:

အဓိကကတော့ ကိုယ်ယုံကြည်တဲ့ဟာကို ရဲရဲဝံ့ဝံ့နဲ့ သူများပြောတာ နားမယောင်ဘဲ ကိုယ့်ရဲ့ကိုယ်ပိုင်ဟန်နဲ့ ဖောက်ထွက်နိုင်ဖို့က အရေးကြီးတယ်

(ပန်းချီ မင်းဝေအောင်နှင့်အင်တာဗျူး)

ဥက္ကာကိုကို တွေ့ဆုံမေးမြန်းသည်။

ယနေ့ မြန်မာ့ခေတ်ပြိုင်ပန်းချီလောကတွင် နိုင်ငံတကာဈေးကွက်၌ကျယ်ကျယ်ပြန့်ပြန့် အောင်မြင်ထင်ရှားနေသော ပန်းချီဆရာ တစ်ဦးရှိသည်။ သူက ပန်းချီမင်းဝေအောင်ပင်ဖြစ်သည်။သူရေးဆွဲသော ရဟန်းသံဃာနှင့် သီလရှင် များ၏ နောက်ကျာပုံ ပန်းချီကားများကြောင့် သူ့ကို ကမ္ဘာက အသိအမှတ်ပြုခဲ့ကြသည်။ဘုန်းကြီးများကို နောက်ကျောမှ မြင်ရသော ပန်းချီကားများ တွင် ဓမ္မအမြင်များစိမ့်ဝင်နက်နဲနေသည်။ သူများနှင့်မတူသော အတွေးသစ်ကြောင့် သူ့ကို ကမ္ဘာတစ်ဝှန်းမှ ၀ိုင်းဝန်းအသိအမှတ်ပြု သြဘာပေးလက်ခုပ်သံများ ညံခဲ့သည်။
ဓနုဖြူဇာတိဖြစ်ပြီး ငယ်စဉ်က ဘုန်းကြီးကျောင်းတွင်နေခဲ့ရသည်ဟုသူက ဆိုသည်။ ၁၉၇၉ ခုနှစ်ပန်းချီပန်းပု ကျောင်းဆင်းပြီးပြီး ချင်း ဒီဇိုင်းပုံများ၊ သရုပ်ဖော်ပုံလေးများရေးဆွဲခဲ့ရပြီးတဖြည်းဖြည်းနှင့်ပန်းချီလောကထဲ ရောက်ရှိတိုးဝင်လာခဲ့သည်။
သူ့ရဲ့ပထမဆုံးပန်းချီကားတွေကို ၁၉၉၄ ခုနှစ်တွင် သူငယ်ချင်းများနှင့် Group Show စတင်ပြသခဲ့သည်။ ယခုထိ နိုင်ငံတကာ
ပြပွဲများစွာပြသခဲ့ပြီးဖြစ်ကာ New Treasureအမည်ရှိကိုယ်ပိုင်ပန်းချီပြခန်းကိုလည်းတည်ထောင်နိုင်ခဲ့သည်။
လတ်တလောအနေနှင့် အော်စကာဆုမှန်းထားသော ဟောလိဝုဒ်ဇာတ်ကားကြီးတစ်ကားတွင် သူ့ဘုန်းကြီးပုံပန်းချီတစ်ချပ်ကို နိမိတ်ပုံအဖြစ် ထည့်သွင်းပြသခံရသည်။ ဆရာမင်းဝေအောင်နှင့် မေးမြန်းဖြစ်ခဲ့သော အင်တာဗျူးအမေးအဖြေအား 7Day News စာဖတ်ပရိသတ်များအတွက် ဖော်ပြပေးလိုက်ပါသည်။

ပန်းချီမင်းဝေအောင်၏ ပန်းချီကားသစ်တစ်ခု

မေး။ ။ ဆရာ့ကို ဘုန်းကြီးပုံ၊ သီလရှင်ပုံတွေကို အများနဲ့မတူတဲ့ ရှုထောင့်ကရေးပြခဲ့တဲ့ ပန်းချီဆရာလို့ မြန်မာကရော၊ ကမ္ဘာကပါ
အသိအမှတ်ပြုနေကြပါတယ်။ ဒီလိုပန်းချီကားတွေရေးဖြစ်ဖို့စိတ်ကူးဥာဏ်ကွန့်မြူးခဲ့ပုံလေးကို အရင်ဆုံးပြောပြပေးပါ။

ဖြေ။ ။ ကျနော်က ဒီရဟန်းသံဃာတွေကိုမဆွဲခင်က လူပုံတွေ၊ ရှုခင်းတွေ လူ့ဘ၀တွေကိုဆွဲတယ်။ အဲဒါက ၈၉ မတိုင်မီလောက်အထိအဆွဲများတာပေါ့။၈၉နောက်ပိုင်းမှာ ရဟန်းသံဃာတွေကိုနောက်ကျောကနေရေဆေးနဲ့ စဆွဲဖြစ်တယ်။ တောက်လျှောက်ကြီးတော့မဆွဲသေးဘူး။ အဲဒီလိုလုပ်နေရင်း ၁၉၉၃ လည်းကျရော၊ အမေရိကန်မှာတစ်လကြာသွားလေ့လာခွင့် ရတယ်။ ကျနော်ရယ်၊ဗိဿနိုးဦးတင်ဝင်းရယ်၊ ပန်းပုဆရာ ဦးဆန်နီညိမ်းရယ်။ အမေရိကန်မြို့ကြီးခြောက်မြို့ ကိုလှည့်ပြီးတော့ လေ့လာရတယ်။ဟိုမှာရှိတဲ့မြို့ကြီးတွေက Gallery တွေကိုရောက်တယ်။ပန်းချီစတူဒီယိုတွေကိုရောက်တယ်။ လေ့လာရင်း ကိုယ့်အတွက်ဘာတွေရခဲ့သလဲဆိုတော့ ၉၃တုန်းကပန်းချီဆရာတွေဟာ ကိုယ့်နည်းကိုယ့်ဟန်နဲ့ အစ်ဇင်အစုံကိုလုပ်နေကြတာပေါ့။ သူ့လိုင်းနဲ့သူမျှနေတယ်။ ကျနော်တို့ကရိုးရိုးရီယဲလစ်ဇင် ကိုပိုပြီးစိတ်ဝင်စားတာ။ ဒါပေမယ့် အဲဒီမှာဘာတစ်ခုသွားတွေ့လဲဆိုတော့ ပန်းချီဆရာတွေဟာ သူကျွမ်းကျင်တဲ့ဟာကို စီးရီးလိုက်လုပ်ကြတာ တွေ့ရတယ်။ တချို့ဆိုရင်… ဥပမာခြေထောက်ချည်းပဲ ရေးတယ်ဆိုပါတော့။ ခြေထောက်ကိုပဲ အမျိုးမျိုးလှည့်ပြီးတော့ စီးရီးတစ်ခု အနေနဲ့ရေးကြတယ်။ ရှုခင်းဆိုရင်လည်း တစ်ပွဲလုံး
ရှုခင်းတွေပဲရေးကြတယ်။ ကျနော်တို့က မြန်မာပြည်မှာအစုံရေးတာကိုး။ ရှုခင်းဆိုလည်းရေးတယ်။ ပေါ့ထရိတ်ဆိုလည်းရေးတယ်။ စတေလိုက် ဆိုလည်းရေးတယ်။ ဒီကြားထဲ သူများအလုပ်အပ်လို့ ပုံတူလည်းရေးသေးတယ်။ အစုံလုပ်လာရတာ။ ဟိုမှာကျတော့
ကိုယ်ကျွမ်းရင်ကျွမ်းသလို ဒီပေါ်မှာ တစ်ခုတည်းနဲ့ရပ်တည်လို့ရတယ်။ ၉၄ မှာတစ်ခေါက် ဂျပန်ကို မြန်မာပြည်က ပန်းချီကိုယ်စားပြုသွားလေ့လာရတယ်။ အဲဒီမှာလည်း အမေရိကန်မှာတွေ့ခဲ့သလို တစ်ခုခုကိုဇောင်းပေးပြီး ဒါကိုပဲ စီးရီးအလိုက် စိုက်လိုက်မတ်တပ်လုပ်ကြတာတွေ့တယ်။ အစုံရေးတဲ့လူလည်း ရှိတယ်ပေါ့လေ။ ဒါပေမယ့် ကျနော်က အဲဒီလိုမျိုး တစ်ခုခုကို ဇောင်းပေးလုပ်တဲ့လူကို ပိုပြီးတော့သဘောကျမိတာပေါ့။ ဒီအပေါ်မှာ ပိုပြီးအားစိုက်ဖြစ်တော့ပိုပြီး ကျွမ်းကျွမ်းကျင်ကျင် ဖြစ်တယ်။အဲဒီမှာ တစ်ခုခုကိုစိုက်လိုက်မတ်တပ်လုပ်ရမယ်ဆိုတဲ့ အတွေးလေးတစ်ခုရတယ်။ ပြီးတော့တစ်ခါ စင်ကာပူ Art-2 ကလူတွေရောက်လာပြီး ကျနော့်ဘုန်းကြီးကားတွေကို စိတ်ဝင်စားတယ်ဆိုတာနဲ့ အဲဒါဆိုရင်တော့ ငါတစ်လိုင်းတည်းပဲ လုပ်တော့မယ်ပေါ့လေ။ အဲဒါနဲ့ရဟန်းသံဃာကားတွေကိုရေးဖြစ်တာ။နောက်တစ်ခုအကြောင်းရင်းက ကျနော်က ဘုန်းကြီးကျောင်း
မှာနေခဲ့ရတယ်။ ငယ်ငယ်လေးတုန်းကတည်းက ရဟန်းတွေ ၊ ဘုန်းကြီးတွေ၊ကိုရင်တွေနဲ့ရင်းနှီးဆက်ဆံလာရတဲ့အခါကျတော့
ဘုန်းကြီးပန်းချီကားတွေရေးဖြစ်တဲ့အခါ အဆင်ပြေချောမွေ့တာပေါ့။
အဲဒီအချိန်မှာ ပန်းချီဆရာတော်တော်များများ ဘုန်းကြီးကားတွေရေးကြပါတယ်။ ဒါပေမယ့် မျက်နှာတွေပဲများတယ်။ ဥပမာ- ကိုရင်လေးတစ်ယောက်စာဖတ်နေမယ်၊ တံမျက်စည်းလှဲနေမယ်။နောက်မှာ ပုဂံဘုရားရှုခင်းရှိမယ်။ ရှေ့မှာတစ်ခုခုရှိမယ်။
သံဃာ့မျက်နှာတွေကို အဓိကထားပြီး လှုပ်ရှားမှုပန်းချီကားတွေပဲ ရေးကြတယ်။ ဒါပေမယ့်ကျနော်က ခုနကလို တစ်ခုခု ရေးတော့မယ်စဉ်းစားလိုက်တဲ့အခါကျတော့ သူများနဲ့လည်းမတူချင်ဘူး။ကိုယ်ပိုင်ဟန်မျိုးလည်းဖြစ်ချင်တဲ့အခါကျတော့ နောက်ကျောက ရေးဖို့ကို စိတ်ကူးမိတယ်ပေါ့လေ။ ရေးတဲ့အခါကျတော့လည်း တော်တော်များများက ဆွမ်းခံ ကြွတယ်ဆိုရင် အတန်းလိုက်ကြွတယ်။ ဒါပေမယ့်ကျနော်က composition ပေါ့။ ရဟန်းတွေ သွားတဲ့အခါ တည့်တည့်မဟုတ်ဘဲ နည်းနည်း ကွေ့ကောက်ပြီးသွားတဲ့သဘောမျိုးရေးလိုက်တယ်။ အဲဒီကားကလည်းအရမ်းရောင်းရတယ်။

မေး။ ။ ဆရာ ပန်းချီပန်းပုကျောင်းကို ဘယ်နှစ်လောက်က စတက်ခဲ့ပါသလဲ။ ဆရာ့အပေါ်ကျေးဇူးရှိခဲ့တဲ့ နည်းလမ်းပြဆရာကြီး တွေအကြောင်းနည်းနည်းလောက် ပြောပြပါ။

ဖြေ။ ။ ကျနော်က ၁၉၇၉ ခုနှစ်မှာတက်တယ်။ ၁၉၈၂ ခုနှစ်မှာပန်းချီကျောင်းကဆင်းတယ်။ ဆရာကြီးတွေကတော့ မြို့မှာ ငယ်ငယ်က ရပ်ကွက်ထဲက ဆရာကြီးဒဂုန်သန်းဆိုတာရှိတယ်။သူက ဆံပင်လည်းညှပ်တယ်။ ဆိုင်းဘုတ်လည်းရေးတယ်။ ပန်းချီလည်းဆွဲတယ်ပေါ့လေ။ သူ့ဆီမှာ ကျောင်းပိတ်ရက်မှာ သွားလေ့ကျင့်ရတယ်။ သူက မျက်လုံးလေးတွေ နှာခေါင်းလေးတွေ ဆွဲပြတယ်။ကျနော်တို့က လိုက်ကူးရေးပေါ့။ နောက် မူလတန်းကျောင်းတက်တော့ဆရာလေးဦးသိန်းထွန်းဆိုတာရှိတယ်။ သူ့ရဲ့အားပေးမှုနဲ့ ပန်းချီဆွဲဖြစ်တယ်။ မှတ်မှတ်ရရ ပထမတန်းတက်တော့ ဆရာမ ဒေါ်အေးဌေးဆိုတာ သိပ္ပံဘာသာသင်တယ်။ အဲဒီမှာ ကြက်ပုံတို့ ငှက်ပုံတို့ အကောင်ပုံတွေပြပြီးသင်ရတဲ့အခါ ဘောမှာထွက်ဆွဲခိုင်းတယ်။ အထက်တန်းမှာ စက်မှုလက်မှုဆရာ ဦးဟန်အေး၊ မြန်မာစာဆရာဦးကံသိန်းတို့နဲ့ပေါင်းဖြစ်ပြီး ကျောင်းနံရံကပ်စာစောင်တွေ၊မြို့ကပန်းချီလှုပ်ရှားမှုတွေ ရေးဖြစ်တယ်။ သူတို့က ကျနော်ရဲ့အနုပညာမျိုးစေ့ကိုပံ့ပိုးပေးခဲ့တဲ့ ကျေးဇူးရှိတဲ့ဆရာတွေပါပဲ။
ပန်းချီပန်းပုကျောင်းရောက်တဲ့အခါ ပထမဆုံး ဆရာကြီးဦးသုခပေါ့။ ဒုတိယနှစ်ကျတော့ရေဆေးပန်းချီကို ဆရာဦးမြင့်အေး ဆီမှာသင်ရတယ်။ တတိယနှစ်ကျတော့ ဆရာကြီး ဘိုကလေးဦးကျော်လှိုင်ဆီမှာ သင်ရတယ်။
ပန်းချီကျောင်းပြီးတော့ ဒီဇိုင်းဦးဖေထွန်းဆီမှာ ဒီဇိုင်းပညာသင်ရသေးတယ်။ ဆရာ ဦးဘရင်ကလေး၊ ဦးဘရင်ကြီး၊ ရန်ကုန်ဘဆွေ တို့ကတော့ ပြင်ပက သင်ဆရာ မြင်ဆရာတွေပေါ့။

မေး။ ။ ပန်းချီနဲ့ပတ်သက်ပြီး ဆရာအခုရေးဖြစ်နေတဲ့ပန်းချီကားတွေကို ဘယ်လိုအစ်ဇင်မျိုးလို့ပြောလို့ရမလဲဆရာ။

ဖြေ။ ။ ဒါကတော့ ကျနော်အခုရေးတာကတော့ သဘာဝကိုအခြေခံတဲ့သဘာဝပန်းချီပဲပြောရမှာပေါ့။ အဲဒီမှာမှ သဘာဝကို အခြေခံ ပြီးကိုယ်ပိုင်အမြင်နဲ့ ကိုယ်ပိုင်ဟန်နဲ့ရေးတာပေါ့။

ပန်းချီမင်းဝေအောင် ပန်းချီရေးဆွဲနေစဉ်.....

မေး။ ။ လွင်မိုးတို့ ၊ ဓာတ်ပုံဆရာစိန်မျိုးမြင့်တို့နဲ့လုပ်ခဲ့တဲ့ “မိုင် ၂၀၀၀ ခရီးသွား” ပန်းချီပြပွဲနောက်ပိုင်းမှာ ဆရာ့ပြပွဲတွေ
အားနည်းသွားတာတွေ့ရတယ်နော်ဆရာ။

ဖြေ။ ။ အဲဒီနောက်ပိုင်းမှာက ကျနော်ကပြည်ပပြပွဲတွေပဲ နှစ်စဉ်ပြဖြစ်တယ်။ ပြည်တွင်းမှာ Group Show အနေနဲ့ အဲဒီ “မိုင် ၂၀၀၀ ခရီးသွား” ပြတယ်။ အမျိုးသားပြတိုက်မှာ“နတ်မတောင်မှ ဓည၀တီသို့”ဆိုတဲ့ Group Show ပြတယ်။ ပြနေရင်းနဲ့ ကျနော်ရယ်၊ ဦးမောင်မောင်လှမြင့်ရယ်၊ ဦးစိန်မျိုးမြင့်ရယ် ခရီးထွက်ပြီးတော့ Travel ဆိုပြီးတော့ သုံးယောက်ပွဲတစ်ခါပြဖြစ်တယ်။
အဲဒီပွဲမတိုင်မီမှာ ဥိးစိန်မျိုးမြင့်ရဲ့ ဓာတ်ပုံတွေနဲ့ကျနော့်ပန်းချီတွေကို Travel ဆိုပြီး တစ်ခါပြသေးတယ်။ ကျနော်တာတွေက နိုင်ငံတကာပြပွဲတွေပဲပြဖြစ်တယ်။ ပြည်တွင်းမှာပထမဆုံးတစ်ကိုယ်တော်ပြပွဲကိုအမျိုးသားပြတိုက်မှာ ပြဖြစ်တယ်။

မေး။ ။ ပြီးခဲ့တဲ့ ဇန်န၀ါရီ ၁၅ ရက်နေ့က Strand Hotel မှာတစ်ရက်တည်းပြသခဲ့တဲ့ “ Landscape Works 2011 ”မှာပြသခဲ့တဲ့ ပန်းချီကားတွေကို ပန်းချီစုဆောင်းသူတစ်ဦးက ၀ယ်ယူထားတယ် လို့ကြားထားပါတယ်။ နိုင်ငံခြားမှာထပ်ပြမယ်ဆိုတာကော ဟုတ်ပါသလား။

ဖြေ။ ။ ဟုတ်ပါတယ်ခင်ဗျ။ ပြည်တွင်းမှာ စုဆောင်းသူတစ်ယောက်ကလေးကားဝယ်ပါတယ်။ စင်ကာပူကစုဆောင်းသူ တစ်ယောက်က လေးကားဝယ်ပါတယ်။ ဒီမှာပြတာက ၁၆ ကားပါ။ ပန်းချီကားတွေကိုသူတို့က လိုချင်တယ်ဆိုတာနဲ့ ပို့ပေးရ တော့မှာလေ။ ပို့တဲ့အခါမှာဒီမှာပြဖို့က အခွင့်အရေးမရှိတော့ဘူး။ အဲဒါကြောင့် မပို့ခင် ဒီမှာ အားချင်းပြလိုက်တဲ့သဘောပေါ့။ ဒီပန်းချီကားတွေကို စင်ကာပူက Iron ဆိုတဲ့ ရှော့ပင်းစင်တာက Gallery မှာ တစ်ကိုယ်တော်ပြပွဲလုပ်မှာပါ။

မေး။ ။ ပန်းချီဆရာကြီးဦးသုခ အမှတ်တရမွေးနေ့ပွဲကိုနှစ်စဉ်ကျင်းပတယ်လို့သိရပါတယ်။ ရည်ရွယ်ချက်လေးကို ရှင်းပြပေးပါ ဆရာ။

ဖြေ။ ။ ဆရာကြီးမကွယ်လွန်ခင်မှာ နှစ်စဉ်ဆရာကြီးဦးသုခ ကန်တော့ပွဲဆိုပြီး လုပ်ခဲ့တာ။ မွေးနေ့နဲ့ ကန်တော့ပွဲပေါင်းလုပ်တာပေါ့။ ၂၀၀၇ မှာဆရာကြီး ကွယ်လွန်သွားတဲ့အခါကျတော့ ဆရာကြီးမရှိတဲ့အခါပေမယ့်လည်းကျနော်တို့က ဆရာကြီးရဲ့ကျေးဇူးတွေကို အောက်မေ့တဲ့အနေနဲ့ဆရာကြီးကိုရည်စူးပြီး နှစ်စဉ်ကျင်းပမယ်လို့ရည်စူးပြီးလုပ်ဖြစ်တာ။ အရင်က ဆရာကြီးရှိစဉ်တုန်းက လာကန်တော့ကြတဲ့တပည့်တပန်းတွေက တချို့တတ်နိုင်တဲ့ လူတွေက လှူဖွယ်ဝတ္ထုတွေ၊ မတတ်နိုင်တဲ့လူက လက်အုပ်ချီ ကန်တော့တယ်။ တချို့ကျတော့အဲဒီမှာ ပန်းချီပြပွဲလေးလုပ်တယ်။ ရောင်းရတဲ့ငွေတွေကို ဆရာကြီးကိုကန်တော့တယ်။ ဆရာကြီးမရှိတော့ အစဉ်အလာမပျက်ကန်တော့ပွဲနဲ့ ပြပွဲလုပ်ချင်တယ်ဆိုပြီး မိတ်ဆွေတွေနဲ့တိုင်ပင်ပြီး ပြပွဲကရတဲ့ငွေတွေကို စုဆောင်းထားပြီး ပန်းချီဆရာကြီးဦးသုခဖောင်ဒေးရှင်းလုပ်ပြီး ဘဏ်ထဲမှာထည့်ထားတယ်။ ရတဲ့အတိုးငွေတွေကို ပန်းချီလောကအတွက်အထောက်အပံ့လုပ်မယ်ဆိုပြီးလုပ်ဖြစ်တာပါ။ဖောင်ဒေးရှင်းအနေနဲ့တရားဝင်မလျှောက်ထားရသေးတဲ့အတွက်
ဦးသုခရန်ပုံငွေအနေနဲ့ထိန်းသိမ်းထားတာပေါ့။

မေး။ ။ မြန်မာ့ခေတ်ပြိုင်ပန်းချီလောကရဲ့ပန်းချီဆရာတွေထဲမှာမှဆရာ့ရဲ့ပန်းချီကားတွေက နိုင်ငံတကာမှာဈေးကွက်ဝင် အရောင်း အ၀ယ်ဖြစ်နေတယ်လို့သိရပါတယ်။ နိုင်ငံတကာပန်းချီဈေးကွက်ထဲကို ခြေဆန့်မိဖို့ဆရာ ဘယ်လိုအစပြုခဲ့ရပါသလဲ။

ဖြေ။ ။ ၉၃ မှာ အမေရိကန်နဲ့ ၉၄ မှာ ဂျပန်နိုင်ငံတို့ကို သွားလေ့လာပြီး မြန်မာပြည်ပြန်ရောက်တဲ့အခါကျတော့ ကျနော်က ရဟန်းသံဃာတွေကိုဆွဲတယ်။ တခြားဟာတွေလည်း လုပ်နေရင်း စင်ကာပူမှာရှိတဲ့ IMM ဆိုတဲ့ရှော့ပင်းစင်တာမှာ Art Fair တစ်ခုလုပ်တော့ ဒီကသွားပြဖြစ်တယ်။ ကျနော့်ရဲ့ ဘုန်းကြီးပန်းချီကားတွေရော၊ လူပုံတွေရောပါတယ်။ ပြီးတော့ပြန်လာပြီး မကြာခင်မှာ စင်ကာပူမှာရှိတဲ့ Art-2 ဆိုတဲ့ဂယ်လာရီကမစ္စ-ရှီယန်းဆိုတာရောက်လာတယ်။ သူက မြန်မာပြည်အတွက် တာဝန်ယူ ပြီးတော့ ပန်းချီဆရာလာရှာတာပေါ့။ ကျနော့်ဂယ်လာရီကိုရောက်လာတယ်။ မင်းကားတွေကို စိတ်ဝင်စားတယ်ဆိုတာနဲ့ ကျနော်က လူပုံတွေ ရှုခင်းတွေ ဈေးကားတွေပြတော့သူတို့က စိတ်မ၀င်စားဘူး။ သူနဲ့အတူ Asian Art News ဆိုတဲ့မဂ္ဂဇင်းက ထုတ်ဝေသူအယ်ဒီတာတစ်ယောက်ပါလာတယ်။ သူကဘုန်းကြီးတွေနောက်ကျောကရေးထားတဲ့ကားတွေကိုပဲ စိတ်ဝင်စားတယ် ဆိုတာနဲ့ အဲဒီကျတော့မှဘုန်းကြီးကားတွေထုတ်ပြလိုက်တယ်။ သူတို့က.. ဟုတ်ပြီ။ ငါတို့ဒီဘုန်းကြီးကားတွေကို စိတ်ဝင်စားတယ်။ ဟိုကားတွေကိုတော့ စိတ်မ၀င်စားဘူး။ မင်း ဒီကားတွေနဲ့ ငါတို့ဆီက ဂယ်လာရီမှာတင်မလား။ တင်မယ်ဆိုရင် ငါတို့လက် ခံမယ်ပေါ့။ အဲဒါနဲ့ ညှိနှိုင်းပြီး သဘောတူညီမှုရတော့ အဲဒီမှာပန်းချီကားတွေတင်ဖြစ်တယ်။ အဲလိုနဲ့စခဲ့တာပါ။

မေး။ ။ New Treasure ပန်းချီပြခန်းနဲ့ပတ်သက်ပြီးဆရာလုပ်ဖြစ်ခဲ့တဲ့အကြောင်းလေးပြောပြပေးပါဦး။

ဖြေ။ ။ ၁၉၈၉ ခုနှစ်မှာ Treasure ဆိုပြီး သူငယ်ချင်း၁၂ယောက်ပေါင်းဖွဲ့စည်းပြီး ပြခန်းစဖွင့်တာပေါ့လေ။ အဲဒါက ငါးမိုင်ခွဲ၊ ခရမ်းပြာမှာပေါ့။ နောက်မှအဖွဲ့အကြောင်းအမျိုးမျိုးကြောင့်ဆက်မလုပ်ဖြစ်ကြတော့ဘူး။ကျနော်နဲ့ New Zero လုပ်တဲ့ကိုအေးကိုနဲ့ ပေါင်းပြီး New Treasure ဆိုပြီးဆက်လုပ်တယ်။ အဲဒီတုန်းကလည်းကိုအေးကိုရဲ့ငွေကြေးကူညီပံ့ပိုးမှုနဲ့လုပ်ဖြစ်တယ်။ အဲဒီကနေ
နေရာအခက်အခဲကြောင့် ရွှေတောင်ကုန်းဖက်ကို ရောက်လာတယ်။အဲဒီအချိန်ကျတော့ ကျနော်တစ်ယောက်တည်းဖြစ်သွားတယ်။

မေး။ ။ ဆရာ့ပန်းချီပြခန်း New Treasure နဲ့ကပ်လျက်မှာအဆောက်အဦးကြီးတစ်ခုဆောက်နေတာတွေ့ရပါတယ်။ အဲဒါကို ပန်းချီပြခန်းကြီး ပြတိုက်ကြီးပုံစံမျိုးလုပ်မယ်လို့ပြောနေသံကြားရပါတယ်။ ဟုတ်ပါသလားဆရာ။

ဖြေ။ ။ ပြတိုက်တော့မဟုတ်ဘူး။ အဲဒီမှာက ပြခန်းပါမယ်။ လူနေခန်းပါမယ်။ စတူဒီယိုပါမယ်။ အဓိကကတော့ အောက်ထပ်မှာ ပေ ၄၀ ပေ ၇၀ Hall ကြီးပါမယ်။ အဲဒါကြီးက ပြခန်းလုပ်မှာပေါ့၊ ပြခန်းနာမည်ကလည်း New Treasureအနေနဲ့ပဲဖြစ်မှာပါ။

မေး။ ။ ဆရာ့ရဲ့ အအောင်မြင်ဆုံးလို့ပြောရမယ့် ပြပွဲကိုပြောပြပါ။

ဖြေ။ ။ မှတ်မှတ်ရရကတော့ ၂၀၀၁ ခုနှစ်ကအင်္ဂလန်မှာ ပြခဲ့တဲ့ Golden Heritage ဆိုတဲ့ ပြပွဲတစ်ပွဲပါ။ အဲဒီမတိုင်မီက အမျိုးသားပြတိုက်မှာတစ်ကိုယ်တော်အနေနဲ့ပြသွားတာပေါ့။ အဲဒီကားတွေကိုပဲ အင်္ဂလန်မှာဆက်ပြတာ။ အဲဒီပြပွဲကတော့ ကျနော် ပြခဲ့သမျှ ပြပွဲတွေထဲမှာ အအောင်မြင်ဆုံးလို့ပြောရမှာပေါ့။

မေး။ ။ လက်ရှိ မြန်မာ့ပန်းချီလောကမှာ ခုနှစ်ပိုင်းအတွင်းတော်တော်လေးလှုပ်ရှားမှုအားကောင်းလာကြပါတယ်။ ပန်းချီပြပွဲတွေ စိပ်လာသလို ပြခန်းအသစ်တွေလည်းပေါ်လာကြတယ်။ အဲဒီအပေါ် ဆရာ့အမြင်လေးပြောပြပေးပါ။

ဖြေ။ ။ ပန်းချီပြခန်းတွေ အများကြီးပေါ်လာတဲ့အတွက် ပန်းချီဆရာတွေ ပြစရာအများကြီးပေါ်လာတာပေါ့။ ဒီနှစ်တွေနောက်ပိုင်းမှာ ပြည်တွင်းက ပန်းချီကားဝယ်ယူစုဆောင်းသူတွေလည်း အများကြီးပေါ်လာတယ်လေ။
အရင်တုန်းကတော့ ကျနော်တို့က နိုင်ငံခြားသားတွေကိုပဲ အဓိကထားပြီး ရောင်းရတာ။ ခုနောက်ပိုင်းကျတော့ ပြည်တွင်းက
ဝယ်သူစုဆောင်းသူတွေလည်းပါလာတဲ့အတွက်ကြောင့် ပန်းချီဆရာတွေအတွက် ဈေးကွက်က ပိုပြီးတော့ကျယ်ပြန့်သွားတာပေါ့။

မေး။ ။ ဆရာ ပန်းချီကားအရောင်းအ၀ယ်လုပ်ဖြစ်တာက ဘယ်လိုပုံစံမျိုးပါလဲ။

ဖြေ။ ။ အရောင်းအ၀ယ်ဆိုတာက ဒီလိုလေ။ ကျနော်တို့က ကိုယ်ပိုင် ဂယ်လာရီ ရှိတဲ့အခါကျတော့ New Treasure Art Gallery Member တွေရှိတဲ့အတွက် လေးလတစ်ကြိမ် မန်ဘာပြပွဲတွေလုပ်တယ်ပေါ့။ ကိုယ့်မန်ဘာကားတွေရောင်းပေးတာပေါ့။ ရောင်းရတဲ့အပေါ်မှာ ကျနော်တို့က ကော်မရှင်ရတာ။ ကျန်တာကတော့ ကျနော် ပန်းချီကားတွေကိုစုဆောင်းတယ်။ပြန်ရောင်းတာ တော့မဟုတ်ဘူး။ ၀ယ်ယူစုဆောင်းတာပေါ့။

မေး။ ။ မြန်မာ့ပန်းချီမျိုးဆက်သစ်တွေ အတွက် ဘာများအကြံပြုပြောကြားချင်ပါသေးသလဲ။

ဖြေ။ ။ အဓိကကတော့ ကိုယ်ယုံကြည်တဲ့ဟာကို ရဲရဲဝံ့ဝံ့နဲ့သူများပြောတာနားမယောင်ဘဲ ကိုယ့်ရဲ့ ကိုယ်ပိုင်ဟန်နဲ့ ဖောက်ထွက် နိုင်ဖို့က အရေးကြီးတယ်လို့ထင်တာပါပဲ။ Ism ဟာအဓိကမဟုတ်ဘူး။ ဘာပဲလုပ်လုပ်စွဲစွဲမြဲမြဲနဲ့ကျွမ်းကျွမ်းကျင်ကျင်ဖြစ်ဖို့က အရေးကြီးတယ်။ နောက် … ကိုယ့်ဟန်ဖြစ်ဖို့ပေါ့လေ။ အဲဒါကလည်းအရေးကြီးတယ်။ ကျနော်တို့ပန်းချီဆရာတွေရဲ့ဘ၀က တာဝေးအပြေးသမားပေါ့။ ရုပ်ရှင်မင်းသား အဆိုတော်တွေလို တစ်ကားတည်းတစ်ပုဒ်တည်းနဲ့ နာမည်ကြီးပြီး ဟုန်းခနဲအောင်မြင်သွားတဲ့ဟာမျိုးက ကျနော်တို့လောကမှာ အရမ်းနည်းပါတယ်။ ပန်းချီဆရာက ရေရှည်သွားရတာပေါ့။ ရေရှည်ရပ်တည်နိုင်ဖို့၊ ရေရှည်အောင်မြင်ဖို့ပဲ ကြိုးစားရတာ။ရေတိုမဟုတ်ဘူး။ရေရှည်မှာ ဇွဲမလျှော့ဘဲ စိတ်ဓာတ်မကျဘဲ သွားနိုင်ဖို့ အရေးကြီးပါတယ်။

ကျေးဇူးတင်ပါတယ်ဆရာ။

7DayNews ဂျာနယ်။

 
Leave a comment

Posted by on March 20, 2011 in အင်တာဗျူး

 

Tags:

နာဂစ်ကြောင့်မိသားစုဆုံးရှုံးခဲ့ပြီး ခြေထောက်တွင် နာတာရှည်ဒဏ်ရာရရှိခဲ့သည့် ကလေးငယ်အတွက် အလှူငွေများ လိုအပ်နေ

ဥက္ကာကိုကို
ရန်ကုန်၊ ဖေဖော်ဝါရီ-၂၆

၂၀၀၈ နာဂစ်မုန်တိုင်းကြောင့် မိဘနှစ်ပါးနှင့်မောင်နှမအားလုံးဆုံးရှုံးခဲ့သောကလေးငယ်တစ်ဦးသည်  မုန်တိုင်းတိုက်ခတ်စဉ်ရရှိခဲ့ သည့် ခြေထောက်ဒဏ်ရာအား အလှူရှင်များ၏ အကူအညီဖြင့် ခွဲစိတ်ကုသရာ အရိုး၌တီဘီပိုးတွေ့ရှိနေပြီး ဆက်လက်ကုသရန် ဆေးဝါးကုသစရိတ် အရေးပေါ်လိုအပ်လျှက်ရှိနေကြောင်း သတင်းရရှိသည်။
ကလေးငယ်မှာ ၇တန်းသို့ရောက်ရှိနေပြီးဖြစ်သော အသက်၁၅နှစ်အရွယ်မောင်နိုင်လင်း(ခ) မောင်လင်းလင်းအောင်ဖြစ်ကာ မော်လမြိုင်ကျွန်းမြို့နယ်၊ ကြက်လျှာကျေးရွာအုပ်စု၊ညီနောင်ကြီးကျေးရွာမှဖြစ်သည်။
မောင်နိုင်လင်းမှာ နာဂစ်တိုက်ခတ်သည့်ညကရေကြီးပြီးလေပြင်းထန်လွန်းသဖြင့်သူတို့နေထိုင်သည့်အိမ်ကလေးပြိုကျသွားခဲ့သော ကြောင့် သစ်ပင်ပေါ်သို့တက်ရောက်နေခဲ့သည်။ လေငြိမ်သွားသော နံနက်သုံးနာရီခန့်တွင် သစ်ပင်အောက်သို့ဆင်းလာရာ ခြေချော်လဲကျပြီး မြေပေါ်မှသွပ်ပြားကြီးတစ်ချပ်ပေါ်ဒူးထောက်ရက်သားဖြစ်သွားကာပြတ်ရှဒဏ်ရာကြီးမားစွာရရှိသွားခဲ့သည်။

အခင်းဖြစ်သည့်အချိန်တွင် မောင်နိုင်လင်း၏မိဘနှစ်ပါးနှင့် အစ်ကိုတစ်ဦး၊ ညီမငယ်တစ်ဦးမှာ မုန်တိုင်းဒဏ်ကြောင့်ဆုံးပါးသွားခဲ့ပြီ
ဖြစ်ကြောင်းသိရသည်။ ထိုစဉ်ကမောင်နိုင်လင်းမှာ လေးတန်းအောင်မြင်ပြီးစ အသက် ၁၂နှစ်အရွယ်ဖြစ်ပြီး မုန်တိုင်းအပြီးတွင် အဘွားဖြစ်သူရှိ ရာလေးအိမ်တန်းကျေးရွာသို့ လူကြုံများနှင့် လိုက်ပါလာခဲ့ရပြီးကောက်ညင်းထုပ်နှင့်မုန့်ပဲသရေစာရောင်းချသော အဘွားနှင့်အတူနေထိုင်ခဲ့ရသည်။
သွပ်ပြားထိရှသောဒဏ်ရာအားဘိုကလေးဆေးရုံတွင်ကုသခဲ့သေးပြီးဆေးရုံဆင်းစဉ်ကလမ်းလျှောက်နိုင်သော်လည်း အကင်းမသေခဲ့ ဘဲ တစ်နေ့ထက်တစ်နေ့ဒဏ်ရာမှာယောင်ကိုင်းလာနေခဲ့သည်။ သို့သော်လည်း အန်ဂျီအိုအဖွဲ့အစည်းများ မှ ကျောင်းထားပေးသောကြောင့် ငါးတန်းနှင့်ခြောက်တန်းကိုပြီးဆုံးအောင် တက်ရောက်နိုင်ခဲ့သည်။
ထောက်ပံ့ငွေများမှာအဘွားဖြစ်သူအတွက်စီးပွားရေးအရင်းအနှီးမျှသာဖြစ်ခဲ့ပြီးမောင်နိုင်လင်းအတွက် ဆေးဖိုးမပါဝင်ခဲ့ချေ။
အဘွားဖြစ်သူနှင့်အတူလှေလှော်၍ဈေးလိုက်ရောင်းရင်း ကျောင်းတက်နေရင်းမှာပင် မောင်နိုင်လင်း၏ သွပ်ပြားပြတ်ရှဒဏ်ရာမှာ ကျည်းပေါင်း တက်သကဲ့သို့ဖြစ်လာကာ ယောင်ကိုင်းမှုက ပိုမိုဆိုးရွားလာသဖြင့် ယခုနှစ်တွင်၇တန်းကိုမတက်ရောက်နိုင်တော့ သည့်အပြင် လမ်းပင်မလျှောက်နိုင်တော့ဘဲ သစ်သားတုတ်ကောက်တစ်လက်ဖြင့် လှုပ်ရှားနေခဲ့ရသည်။
တဖြည်းဖြည်းနှင့် သက်သာမှုမရှိဘဲပိုမိုသာဆိုးလာနေသဖြင့် Save the Children အဖွဲ့မှတတ်နိုင်သရွေ့ကူညီတင်ပြပေးကာ
မောင်နိုင်လင်းနေထိုင်ရာရွာ၏ရန်ပုံငွေသုံးသိန်းကျပ် နှင့်အလှူရှင်အဖွဲ့အစည်း၏အလှူငွေသုံးသိန်းဖြင့် ရန်ကုန်သို့တက်ရောက် ကာ ဗဟိုရ်စည် ဆေးရုံသို့ ဖေဖော်ဝါရီလ ၁၀ရက်နေ့ကစတက်ခဲ့သည်။
ဆေးရုံစတက်စဉ်က ခန့်မှန်းခြေငွေကျပ်လေးသိန်းခွဲခန့်သာကုန်ကျမည်ဟု ဆရာဝန်များ မှ ခန့်မှန်းပေးကြသော်လည်း
လက်တွေ့တွင်မလောက်ငှဘဲဆေးဝါးကုသရန်ငွေကြေးအခက်အခဲဖြစ်နေ ခဲ့သောကြောင့် ဆေးရုံမှဆင်းခဲ့ရသည်။ လက်ရှိတွင် မောင်နိုင်လင်း၏ ခြေထောက်ဒဏ်ရာကြီးကို ခွဲစိတ်ထားပြီး ဗဟိုရ်စည်မှခွဲစိတ်ဆရာဝန်ကြီးဦးကျော်မြင့်နိုင်ကစမ်းသပ်ခ မယူဘဲ ဂရုဏာဖြင့်ကြည့်ရှုပေးခဲ့ကာဒူးရိုးအားပြန်ဆက်စေရန်စတီးချောင်းနှစ်ခုထည့်သွင်း၍ဆွဲစိထားရသည်ဟုသိရသည်။ ခြေထောက်ဒဏ်ရာ မကောင်းမွန်သေးသည့်အပြင် အရိုးတွင်တီဘီပိုးတွေ့ရသဖြင့် တီဘီဆေးများကိုပါသောက်သုံးနေရသည်။ မောင်နိုင်လင်းအားဂရုဏာသက်သဖြင့် မော်ကျွန်းမြို့၊ မြင်းကကုန်းကျေးရွာအုပ်စုမှ Save the Children အဖွဲ့ဝင်တချို့က စေတနာ့ ၀န်ထမ်းအဖြစ်ရန်ကုန်အထိလိုက်ပါစောင့်ရှောက်ပေးထားကြပြီးဆေးရုံတွင်ဖေဖော်ဝါရီလကုန်အထိခန့်သာ ဆက်နေရ တော့မည်ဖြစ်သောကြောင့်နီးစပ်ရာဘုန်းတော်ကြီးကျောင်းတစ်ကျောင်းတွင်တည်းခိုနေထိုင်ရင်း ဆေးဝါးဆက်လက်ကုသနိုင်ရန် အလှူရှင်များကိုမျှော်လင့်နေရသည်ဟု သိရသည်။ သို့ဖြစ်ပါ၍ မိဘနှင့်မောင်နှမများ ဆုံးရှုံးခဲ့ရသော လက်ရှိ၇တန်းကျောင်းသား လေး မောင်နိုင်လင်း(ခ)မောင်လင်းလင်းအောင်အတွက် ဆေးဝါးဆက်လက်ကုသပျောက်ကင်းနိုင်ရန် ဂရုဏာထားလှူဒါန်းလိုကြ သည့် စေတနာရှင်ကြီးများအနေဖြင့် မြင်းကကုန်းကျောင်းဘုန်းတော်ကြီးအရှင်ဦးဝန္နိဒ၊ ဖုန်း- ၀၉ ၈၅၉၈၂၁၁ သို့ဆက်သွယ် လှူဒါန်းနိုင်ကြပါကြောင်း သတင်းရရှိပါသည်။

 

Tags:

မမေ့သင့်တဲ့မွေးနေ့နဲ့ နှစ်ပတ်လည်များ

ထင်ရှားကျော်ကြားလူပုဂ္ဂိုလ်တချို့ရဲ့မွေးနေ့တွေနဲ့
မြန်မာနိုင်ငံရဲ့မမေ့သင့်တဲ့နှစ်ပတ်လည်နေ့တွေကို
ရှာဖွေတင်ပြလိုက်ပါတယ်။ကျန်ခဲ့တာတွေရှိမှာပါ။
ကိုယ်သိတာကိုယ်ဖြည့်ကြပေါ့လေ။

ဇန်န၀ါရီလ
ဇန်န၀ါရီလ (၁) ရက်နေ့- ဂျာနယ်ကျော်ဦးချစ်မောင်မွေးနေ့
ဇန်န၀ါရီလ (၄) ရက်နေ့- လွပ်လပ်ရေးနေ့
ဇန်န၀ါရီလ (၁၀) ရက်နေ့- ဦးသုခမွေးနေ့
ဇန်န၀ါရီလ (၁၉) ရက်နေ့- လူထုဦးလှမွေးနေ့
ဇန်န၀ါရီလ (၂၂) ရက်နေ့- ဦးသန့်မွေးနေ့
ဇန်န၀ါရီလ (၂၅) ရက်နေ့- မြို့မငြိမ်းမွေးနေ့
ဇန်န၀ါရီလ (၂၇) ရက်နေ့- ဇာဂနာမွေးနေ့

ဖေဖော်ဝါရီလ
ဖေဖော်ဝါရီလ (၁၀) ရက်နေ့- မင်းသုဝဏ်မွေးနေ့
ဖေဖော်ဝါရီလ (၁၂) ရက်နေ့- ပြည်ထောင်စုနေ့
ဖေဖော်ဝါရီလ (၁၃) ရက်နေ့- ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့
ဖေဖော်ဝါရီလ (၁၇) ရက်နေ့- မောင်စွမ်းရည်မွေးနေ့

မတ်လ
မတ်လ (၂) ရက်နေ့- တောင်သူလယ်သမားနေ့
မတ်လ (၈) ရက်နေ့- အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့
မတ်လ (၁၀) ရက်နေ့- ကိုမြအေးမွေးနေ့
မတ်လ (၁၂) ရက်နေ့- NLDခေါင်းဆောင် ဦးတင်ဦးနှင့် ဦးဝင်းတင်တို့မွေးနေ့ မတ်လ (၁၃) ရက်နေ့- မြန်မာလူ့အခွင့်အရေးနေ့
မတ်လ (၁၆) ရက်နေ့- တံတားနီအရေးအခင်းနေ့၊ ဂဠုန်ဦးစောမွေးနေ့
မတ်လ (၂၁) ရက်နေ့- ကမ္ဘာ့ကဗျာနေ့
မတ်လ (၂၃) ရက်နေ့- သခင်ကိုယ်တော်မှိုင်းနှစ်ပတ်လည်နေ့
မတ်လ (၂၇) ရက်နေ့- တော်လှန်ရေးနေ့

ဧပြီလ
ဧပြီလ (၁) ရက်နေ့- ဧပရယ်ဖူးလ်နေ့
ဧပြီလ (၄) ရက်နေ့- သော်တာဆွေနှစ်ပတ်လည်နေ့
ဧပြီလ (၆) ရက်နေ့- ဒေါက်တာသန်းထွန်းမွေးနေ့
ဧပြီလ (၇) ရက်နေ့- ကမ္ဘာ့ကျန်းမာရေးနေ့
ဧပြီလ (၁၂) ရက်နေ့- ဆရာဇော်ဂျီမွေးနေ့
ဧပြီလ (၁၃) ရက်နေ့- ဂျာနယ်ကျော်မမလေးမွေးနေ့
ဧပြီလ (၂၀) ရက်နေ့- ဟစ်တလာမွေးနေ့
ဧပြီလ (၂၂) ရက်နေ့- အပြည်ပြည်ဆိုင်ရာကမ္ဘာမြေနေ့

မေလ
မေလ (၁) ရက်နေ့- ဆရာမကြီးဒေါ်ခင်မျိုးချစ်မွေးနေ့(အလုပ်သမားနေ့) မေလ (၂) ရက်နေ့- နာဂစ်မုန်တိုင်းနှစ်ပတ်လည်နေ့
မေလ (၃) ရက်နေ့- World Press Freedom Day
မေလ (၈) ရက်နေ့- အမေနေ့၊ ကမ္ဘာ့ကြက်ခြေနီနေ့၊
နိုင်ငံတော်လုပ်ကြံမှုတရားခံများကိုကြိုးပေးခဲ့သောနေ့
မေလ (၁၀) ရက်နေ့- ဒဂုန်တာရာမွေးနေ့
မေလ (၂၃) ရက်နေ့- မြသန်းတင့်မွေးနေ့
မေလ (၂၅) ရက်နေ့- ဦးနုမွေးနေ့
မေလ (၃၀) ရက်နေ့- ဒီပဲယင်းအရေးအခင်းနှစ်ပတ်လည်နေ့

ဇွန်လ
ဇွန်လ (၆) ရက်နေ့- အလုပ်သမားသပိတ်နေ့
ဇွန်လ (၉) ရက်နေ့- ဗန်းမော်တင်အောင်မွေးနေ့
ဇွန်လ (၁၄) ရက်နေ့- ချေဂွေဗားရားမွေးနေ့
ဇွန်လ (၁၉) ရက်နေ့- ဒေါ်အောင်ဆန်းစုကြည်မွေးနေ့(အဖေများနေ့)
ဇွန်လ (၂၁) ရက်နေ့- မြေနီကုန်းအရေးအခင်းနှစ်ပတ်လည်နေ့

ဇူလိုင်လ
ဇူလိုင်လ (၁) ရက်နေ့- ထူးအိမ်သင်မွေးနေ့
ဇူလိုင်လ (၇) ရက်နေ့- ကျောင်းသားအရေးတော်ပုံနေ့
ဇူလိုင်လ (၈) ရက်နေ့- ကျောင်းသားသမဂ္ဂဖြိုခွဲခံရသောနေ့
ဇူလိုင်လ (၁၈) ရက်နေ့- နယ်ဆင်လ်မန်ဒဲလားမွေးနေ့
ဇူလိုင်လ (၁၉) ရက်နေ့- အာဇာနည်နေ့

သြဂုတ်လ
သြဂုတ်လ (၈) ရက်နေ့- ၈လေးလုံးအရေးတော်ပုံ
သြဂုတ်လ (၉) ရက်နေ့- စစ်ကိုင်းအရေးတော်ပုံ
သြဂုတ်လ (၁၃) ရက်နေ့- လူထုစိန်ဝင်းမွေးနေ့ (ဥက္ကာကိုကိုမွေးနေ့..ကြော်ငြာဝင်တာ) သြဂုတ်လ (၂၆) ရက်နေ့- မာသာထရီဆာမွေးနေ့

စက်တင်ဘာ
စက်တင်ဘာ (၉) ရက်နေ့- ဦးဥတ္တမနေ့
စက်တင်ဘာ (၁၁) ရက်နေ့- သက်ကြီးရွယ်အိုများနေ့
စက်တင်ဘာ (၁၃) ရက်နေ့- တာရာမင်းဝေမွေးနေ့(သြဂုတ်၅ရက်ဆုံးသည်)
စက်တင်ဘာ (၁၅) ရက်နေ့- ကြံ့ဖွတ်အသင်းတည်ထောင်သောနေ့
စက်တင်ဘာ (၁၈) ရက်နေ့- နအဖအစိုးရအာဏာသိမ်းခဲ့သောနေ့
စက်တင်ဘာ (၁၉) ရက်နေ့- ဦးဝိစာရနေ့
စက်တင်ဘာ (၂၁) ရက်နေ့- အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့
စက်တင်ဘာ (၂၆) ရက်နေ့- စက်တင်ဘာအရေးအခင်း(ရွှေဝါရောင်တော်လှန်ရေးနေ့) စက်တင်ဘာ (၂၇) ရက်နေ့- NLDအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တည်ထောင်သောနေ့

အောက်တိုဘာလ
အောက်တိုဘာလ (၂) ရက်နေ့- ဂန္ဒီမွေးနေ့
အောက်တိုဘာလ (၅) ရက်နေ့- ကမ္ဘာ့ဆရာများနေ့
အောက်တိုဘာလ (၁၈) ရက်နေ့- ကျောင်းသားခေါင်းဆောင်မင်းကိုနိုင်မွေးနေ့ အောက်တိုဘာလ (၂၄) ရက်နေ့- ဆရာစံမွေးနေ့

နိုဝင်ဘာလ
နိုဝင်ဘာ (၂) ရက်နေ့- ကျော်သူမွေးနေ့၊ နီကိုရဲမွေးနေ့(သြဂုတ်၂၄မှာဆုံး) နိုဝင်ဘာ (၅) ရက်နေ့- ပီမိုးနင်းမွေးနေ့
နိုဝင်ဘာ (၇) ရက်နေ့- ၂၀၁၀ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ နိုဝင်ဘာ (၁၇) ရက်နေ့- အပြည်ပြည်ဆိုင်ရာကျောင်းသားများနေ့
နိုဝင်ဘာ (၁၉) ရက်နေ့- ကဗျာဆရာကြီးတင်မိုးမွေးနေ့
နိုဝင်ဘာ (၂၀) ရက်နေ့- အမျိုးသားနေ့
နိုဝင်ဘာ (၂၆) ရက်နေ့- စာဆိုတော်နေ့
နိုဝင်ဘာ (၂၉) ရက်နေ့- လူထုဒေါ်အမာမွေးနေ့

ဒီဇင်ဘာ
ဒီဇင်ဘာလ (၅) ရက်နေ့- ဦးသန့်အရေးအခင်း
ဒီဇင်ဘာလ (၁၀) ရက်နေ့- ကမ္ဘာ့လူ့အခွင့်အရေးနေ့
ဒီဇင်ဘာလ (၁၈) ရက်နေ့- ကျောင်းသားခေါင်းဆောင်ကိုကိုကြီးမွေးနေ့ ဒီဇင်ဘာလ (၂၀) ရက်နေ့- ဗိုလ်အောင်ကျော်နေ့

ဆက်လက်ပြီး ဗဟုသုတအနေနဲ့… လက်ရှိအုပ်ချုပ်နေကြတဲ့
အစိုးရခေါင်းဆောင်တချို့ရဲ့ မွေးနေ့တွေကို ရှာဖွေဖော်ပြလိုက်ပါတယ်။ အသက်စဉ်အလိုက်ဖော်ပြထားပါတယ်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေ – ၁၉၃၃ ခုနှစ်၊ ဖေဖော်ဝါရီလ- ၂ ရက်နေ့တွင် ကျောက်ဆည်မြို့၌မွေးဖွားသည်။

ဒုတိယဗိုလ်ချုပ်မှူးကြီးမောင်အေး – ၁၉၃၇ခုနှစ်၊ ဒီဇင်ဘာလ ၂၅ရက်၊ ခရစ္စမတ်နေ့တွင် ကန့်ဘလူမြို့၌ မွေးဖွားသည်။

ယခင်ဝန်ကြီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီးခင်ညွှန့်- ၁၉၃၉ခုနှစ်၊
အောက်တိုဘာလ- ၁၁ ရက်နေ့မွေးဖွားသည်။

ဗိုလ်ချုပ်ကြီး၊(ယခုလွှတ်တော်အမတ်-ပြည်သူ့လွှတ်တော်ဥက္ကဌ)- သူရရွှေမန်း- ၁၉၄၇ ခုနှစ်၊ ဇူလိုင်လ- ၁၁ ရက်မွေးဖွားသည်။

ဗိုလ်ချုပ်ကြီး၊ ၀န်ကြီးချုပ်၊ ယခုနိုင်ငံတော်သမ္မတ ဦးသိန်းစိန်- ၂ဝ၊ ဝ၄၊ ၁၉၄၅၊ ဖြစ်ပြီး ဧရာဝတီတိုင်း။ ငပုတောမြို့နယ်၊
ကြူကုန်းကျေးရွာတွင်မွေးဖွားပါကြောင်း။

လေးစားပါသည်။
မောင်ဥက္ကာ
Source: မြန်မာဝီကီ၊ စုချစ်သူ၊ မြန်မာကျူးပစ်နှင့်
မောင်ဥက္ကာ၏ကိုယ်ပိုင်သတင်းဒေတာများ။

 
2 Comments

Posted by on March 1, 2011 in ကဗျာ

 
 
Follow

Get every new post delivered to your Inbox.