RSS

Monthly Archives: December 2010

ညတုန်းကကြည့်တဲ့မှန်

ကျောပူပူ ရင်ပူပူ
အရေခွံခပ်ထူထူနဲ့
ဒွန္နယာအတုကြီးထဲကိုမှ
ငါက ခုန်ချခဲ့မိတာကိုး။
ဘ၀စာမျက်နှာ တစ်ရွက်ချင်းမှာ
ကံကြမ္မာက လူရာမသွင်း
အတက်အဆင်း…. အတက်… အဆင်း
ခဏခဏ ရထားပေါ်က ကန်ချခံရ
ဝေဒနာတို့ရဲ့ အလိုတော်အရ ငါဟာ
ကဗျာဆရာဖြစ်မယ့် အုတ်နီခဲတစ်လုံး
ဆုံးရှုံးမှုတွေဆို
ပြန်မလိုချင်တတ်အောင် စပယ်ရှယ်လေ့ကျင့်ထားတဲ့ကောင်
ရိုးမတောာင် တစ်တောတစ်ခွင်
စိတ်ကူးတွေ ဆန့်နိုင်သလောက်ယဉ်ခဲ့လေရဲ့
သူရဲကောင်းအိပ်မက်တွေ နေ့စဉ်မက်ခဲ့လေရဲ့။
ပင်လယ်စပ်နား မြို့ကလေးရယ်
ဖွားဖက်တော် မိုးရေစက်တွေရယ်
ညီမလေး ချစ်သူမ, ဖတ်ဖို့ရေးတဲ့ ကဗျာတချို့ရယ်
စသည်..စသည်ဖြင့်
ကိုယ်တည်ဆောက်တဲ့ဘ၀ဟာ ကိုယ်နဲ့
ကိုယ် လူရာဝင်ဖို့အတွက် သီးသန့်။
လူတိုင်းက တုံးအတယ်လို့ ပြောရလောက်အောင် ထုံထိုင်းပေမယ့်
ခေတ်ကရှေ့ကသွားပြီး လူက အမြဲနောက်မှာ ကျန်နေခဲ့ပေမယ့်
ဥက္ကာဆိုတဲ့သတ္တ၀ါ
ကမ္ဘာမှာ ရှိနေပါသေးတယ်။
“အရသာတွေတွယ်
ရမ္မက်ဇောတွေကြွယ်
ဟူး…. လောကကြီးက ဖွယ်တယ်တယ်ပါတကား´´
သံဝေဂ စကားတွေပြော ပြော ပြီး
မကောင်းတာမှန်သမျှ စပ်ဖြီးဖြီးနဲ့ စမ်းစမ်းကြည့်တတ်ပြီး
ခေတ်ပေါ်ကဗျာဆရာဘ၀ကို
ဘာဓနနဲ့မှ မလဲနိုင်တဲ့အကောင်ဆိုတော့
ဘယ်လိုချွတ်ချွတ် မကျွတ်တဲ့ မိစ္ဆာပဲ ဆိုချင်ဆိုပါတော့။
ပြောရင်း ရေးရင်းနဲ့ပဲ
ဟောဒီကဗျာ ဟောဒီမှာ ဆုံးသွားပါပြီ
ခင်ဗျားမကြိုက်ရင်
ဆက်မဖတ်ရုံအပြင် ဒီ့ထက်မရှိ။ ။

ဥက္ကာကိုကို(သံတွဲ)
21, Nov , 2006.

 
1 Comment

Posted by on December 26, 2010 in ကဗျာ

 

အလင်းပျောက်ည

(၁)

အပြာပိတ်ခံ၊ ဘုံစံနေ့ရက်
ပင့်သက်ရှိုက်မော၊ မှော်ရုံတောမှာ
ရေဆာရေငတ် ၊ လှည့်စားပတ်ခွေ
ရင်နွေပူထဲ ၊ အသည်းကျွမ်းမြေ့
တရွေ့ရွေ့တိုး ၊ ဖက်စွတ်မိုးလား
ရီဝါးမှိုင်းဝေ…..အာရုံရှည်…..။

(၂)

ကြေကွဲကောင်းကင် ၊ ယက်သဲ့တင်ငါး
ပြေးလွှားခုန်ပေါက် ၊ လွတ်လမ်းပျောက်….လို
မိုးပြိုဘ၀ ၊ ဘာကိုတ,လိမ့်
သိမ့်သိမ့်မြည်ဟီး ၊ တောက်လောင်မီးလျှံ
လှိုင်းထန်ပင်လယ် ၊ ရစ်ငင်တွယ်လျှိုး
နတ်ဆိုးဂီတ…. တန်ခိုးပြ….။

(၃)

ကူပါကယ်ပါ…. ဘယ်ကပါနည်း
တော်လည်းသံသို့ ၊ ၀င်လေမို့မောက်
ငါ..ရောက်ပြီလား ၊ တဏှာကြားနစ်
မဖြစ်ချေဘူး ၊ အိပ်မက်မူးသူ
ဇမ္ဗူတစ်ခွင် ၊ ငါထင်မြင်ရ
ဝေကြ…ကြွေကြ…. မြေသို့ခ။ ။

ဥက္ကာကိုကို(သံတွဲ)
ရောင်ပြန်မဂ္ဂဇင်း၊ ဇူလိုင်၊ ၂၀၀၈။

 
Leave a comment

Posted by on December 26, 2010 in ကဗျာ

 

မမဖြိုးကိုချစ်တဲ့ မိုးရေစက်တွေ

(၁)
မ….မ….ရေ…
တိတ်တဆိတ်ကြေကွဲ
မျက်ရည်ဝဲရုံကလွဲပြီး
ဘာများတတ်နိုင်ဦးမှာလဲကွယ်
မြတ်မြတ်နိုးနိုးမက်ခဲ့ရတဲ့ အိပ်မက်ငယ်
မုတ်သုန်လေနဲ့ လွင့်တော့တယ်။
ငါချစ်တဲ့ မိုးစက်တွေရယ်
မမဖြိုးကို သယ်ဆောင်ခဲ့ကြကွယ်
စံပယ်တွေလည်း ပွင့်တော့မယ်။

(၂)
မမဖြိုးလေ….
မိုးနဲ့အတူ စေခဲ့တာ
စံပယ်နဲ့အတူ ဝေခဲ့တာ
ကြယ်ကမ္ဘာမှာ ကမ္ဗည်းထိုး
မမဖြိုးကို ချစ်တယ်ဟေ့..လို့
စို့စို့ပို့ပို့ ဟစ်ကြွေး
ဟောဒီကောင်ဟာ အရူးလေးပါ။
ရင်ထဲမှာ မိုးတွေရွာတယ်
ကဗျာဆရာရဲ့ အိပ်မက်ဟာ
ရင်နာစွာ ပျက်သုန်းကြေမွ
မလှမပ ရှုံးနိမ့်ခဲ့ရတာလေ …..
သေဆုံးသွားတဲ့ နှလုံးသား
အစားထိုးမရနိုင်တဲ့အချစ်
အသစ်မဖြစ်တော့တဲ့ ရာဇ၀င်တစ်ခုလုံး
မိုးစက်တွေဖုံးလို့
အားလုံးကို ဆုံးရှုံးပေးလိုက်ပါတယ်မမရယ်။
အညတရ ကဗျာဆရာကို
ကံကြမ္မာက လှည့်စားလွန်းတယ်
ရယ်မောစရာ ဇာတ်စင်ပေါ်မှာ
`မြင်သာမြင်…မကြင်ရတဲ့ဘ၀´ တဲ့
ကဗျာဆရာ ကပြခဲ့ပါတယ်။
မူးယစ်နေတဲ့ သစ်ပင်တွေရယ်
မျက်နှာလွှဲထားကြစမ်းကွယ်
မမဖြိုးကို လွမ်းတော့မယ်။

(၃)
`ကဗျာဆရာက မိုးကိုချစ်တယ်လား´
မမဖြိုးမေးစကား
နှလုံးသားမှာစွဲနစ်
အို…. ချစ်ရပါသော မမဖြိုး
မိုးကိုချစ်သော မမဖြိုး။
နှင်းဆီနဲ့တူတဲ့အလှမျိုးပေမယ့်
နှင်းဆီရိုးမှာ ဆူးရှိတယ်
မမဖြိုးမှာ ဆူးမရှိဘူး။
မျက်ဝန်းနက်နက်တစ်စုံသာ အပ်နှင်းခဲ့
ညနေခင်းခါးခါးအတွက်
ကွက်ကြားမိုးတွေက မစဲတော့အောင်ရွာချ
မျှော်လင့်ထားသမျှ လောင်ကျွမ်းပြာကျ
ဘယ်ခြေလှမ်းနဲ့ ခရီးဆက်ရမတဲ့လဲ
ဘယ်အလွမ်းနဲ့ ရှေ့ဆက်လှမ်းရမတဲ့လဲ
လမ်းမခွဲခဲ့ကြပေမယ့်
လမ်းကွဲခဲ့ကြပြီ
ဟောဒီကောင်က ၀မ်းနည်းခဲ့ရပြီ…..
စံပယ်ပန်းကိုချစ်သော မမဖြိုးရေ
ဖွင့်မပြောသာတဲ့ အခြေအနေဆိုတာ
တိတ်တခိုးပဲ လွမ်းနေဖို့ရာ အတွက်လား
မှုန်ရီဝိုးဝါး နှလုံးသားအလယ်
စံပယ်ညိုးတဲ့ ကဗျာမိုးရယ် Read the rest of this entry »

 
Leave a comment

Posted by on December 25, 2010 in ကဗျာ

 

ဖို-မ ဆက်ဆံခြင်းနှင့် စပ်လျဉ်း ၍ ပညတ်တော်များ(အစ္စလာမ်)

(မဆ်အလဟ်)

အသက်ငယ်လွန်း၍ ဖိုမဆက်ဆံမှုကို မထမ်းနိုင်သောဇနီး၊ ရောဂါဝေဒနာကြောင့် ဖိုမဆက်ဆံမှုကို မထမ်းနိုင်သောဇနီးသည်ဖြင့် ဖိုမဆက်ဆံမှုကို
မပြုအပ် (အလ်ဗရီကဟ်ရှရ်ဟွသ်သရီကဟ်၊ ၁၂၆၈)

ရောဂါသည်ဇနီးတစ်ယောက်မှာ ကာမဆက်ဆံမှုဝန်ကိုတော့ ထမ်းနိုင်၏။ သို့သော် ရေချိုးလျှင် ရောဂါပွားမည်ကို စိုးရိမ်ရ၏။ ထိုကဲ့သို့
ဇနီးသည်နှင့်ကာမဆက်ဆံမှုကို ပြုနိုင်၏။ ထိုအခါ ဇနီးသည်မှာ ရေချိုးမည့်အစား သယမ်မွမ်ပြုလိုက်ရမည်။ (အလ်ဗရီကဟ်)

ကာမဆက်ဆံသောအခါ အာရုံကို ဇနီးသည်အပေါ်၌သာရှိစေရမည်။ ထို့အတူ ဇနီးသည်ကလည်း ခင်ပွန်းသည်အပေါ်၌သာ ရှိစေရမည်။ မိမိတို့သည် အကြင်လင်မယားဆက်ဆံသော်လည်း အာရုံမှာ သူစိမ်းများအပေါ်သို့ရှိနေလျှင် ဇေနာတစ်မျိုးသာဖြစ်ပေမည်။ ဤသည်ကြီးမားသော အပြစ်တစ်ရပ်ဖြစ်၏။ (အလ်မဒ်ခလ်၊ ၁၉၉)

ကာမဆက်ဆံသောနေရာသည် လုံခြုံရန် အရေးကြီး၏။ အနားတွင် ကလေးသူငယ်များ၊ အဖိုးအိုများ မရှိစေရ။ အချို့ အာလင်မ်ပညာရှင်များကမူ အသိရှိသော ကလေးငယ်များ တိရိစ္ဆာန်များ၊ အိပ်စက်နေသူများအနားတွင်လည်း
ဆက်ဆံခြင်းကိုတားမြစ်ကြ၏။ (အလ်မဒ်ခလ်၊ စ၊ ၁၈၈)

ရာသီသွေးများပေါ်နေချိန်၌ ဇနီးမောင်နှံ ကာမဆက်ဆံခွင့်မရှိ။ သို့ဖြစ်၍ ဇနီးသည်အနေဖြင့်လည်း ထိုအခါမျိုး၌ ခင်ပွန်းသည်အား ဆက်ဆံခွင့်မပေးရ။ ငြင်းရမည်။ (သဟ်သာဝီ၊ စ ၊ ၂၈)

အမျိုးသမီးသည် ရာသီသွေးများပေါ်နေလျှင် မိမိအမျိုးသားအား အသိပေးရန် အရေးကြီး၏။ သို့မှသာ အမျိုးသားမှ ထိန်းထိန်းသိမ်းသိမ်းရှိနေမည်ဖြစ်သည်။ သို့မဟုတ်ပါက အမျိုးသားသည် အပြစ်ထိုက်မည်ဖြစ်သည်။ (သဟ်သ၀ီ၊ စ ၊ ၇၈)

ဇနီးမောင်နှံတို့သည် တစ်ဦး၏အရှက်ကို တစ်ဦး
အပြန်အလှန်ကိုင်တွယ်ခွင့်ရှိ၏။ ရာဂစိတ်ဖြင့်ဖြစ်စေ၊ ရာဂစိတ်မပါဘဲဖြစ်စေ ခွင့်ပြုချက်ရှိ၏။ မည်သည့်တားမြစ်ချက်မှမရှိ။ (ဗဒါအေ့၊ စ၊ ၁၉၉ အတွဲ ၁)

ဇနီးမောင်နှံတို့သည် တစ်ဦး၏ လိင်အင်္ဂါကို တစ်ဦး ကြည့်ခွင့်ရှိငြားလည်း မလိုအပ်ဘဲ ကိုင်တွယ်ကြည့်ရှုခြင်းသည် မက္ကရူဟ်ဖြစ်ကြောင်း အာလမ်ဂီရ်ကျမ်း၌ ရေးသားထားပေသည်။ (အာလမ်ဂီရ်၊ စ ၊ ၂၂၇ အတွဲ-၅)

ဇနီးမောင်နှံဆက်ဆံပြီး ၀ုဇူရေသန့်စင်ပြီး အိပ်ခွင့်ရှိ၏။ သို့သော်လည်း ရေချိုးပြီးမှ အိပ်ခြင်းသည်ပိုမြတ်၏။ (ဇာဒွလ်မအာဒ်၊ စ၊ ၁၅၀၊ အတွဲ-၃)

ဇနီးမောင်နှံ မဆက်ဆံမီ အလ္လာဟ်အမည်ထည့်၍ ကွင်းထားသောလက်စွပ်များကို ချွတ်ထားရန် အရေးကြီး၏။

ဇနီးမောင်နှံနှစ်ဦးသည် အိဟ်ရာမ်ဝတ်ဆင်ပြီး ဟဂ်ျရက်များအတွင်း ကာမဆက်ဆံခွင့်မရှိ။

(ကိုးကား- အစ္စလာမ့်နည်းကျ အစ္စလာမ့်အိမ်ထောင်မှုဆက်ဆံရေး- ပြုစုသူ -ဒေါက်တာ အာဖ်သာဗ်အဟ်မဒ်ရှားဟ်.….မှ)

ဗဟုသုတလေးပါ…. ဒီနေ့ ဖတ်ဖြစ်လို့ တင်လိုက်တာ။

 
 

ဥက္ကာကိုကို(သံတွဲ)အကြောင်းတစေ့တစောင်း (နေမုန်းရေးသည်)

ရခိုင်သား မွန်သွေးနည်းနည်းစပ်တယ်။ သံတွဲရဲ့ အထင်ကရ ဖြစ်ခဲ့ဖူးတယ်။ အရက်ဆိုင်မန်နေဂျာကို ငါးတန်းလောက်ကတည်းက လုပ်ခဲ့တယ်။ ရွှေထီးဆောင်းတဲ့ အရက်ဆိုင် မန်နေဂျာ ဘဝ ငါးတန်းကျောင်းသားဘဝလောက်ကတည်းက စာရင်းလိမ်တတ်တယ်လို့ သူကိုယ်သူပြောတယ်။ အဖေက ရုက္ခဗေဒ နောက်ဆုံးနှစ်ထိ ကျောင်းတက်ခဲ့တယ်တဲ့ ။ အမျိုးကိုစစ်ရင် ဆွေကြီးမျိုးကြီးလို့ပြောလို့ရတဲ့ အထဲကပဲ။ ဒါပေမဲ့ သူအမေနဲ့ ညားတော့ အိမ်က သဘောမတူလို့ ဆွေခန်းမျိုးခန်း ဖြတ်ခံရတယ်ထင်ပါ့။ သူတို့ အဖေ အမျိုးတွေကောင်းစားတဲ့ အချိန်မှာ ထောက်ပံ့ကူညီခဲ့ပေမဲ့ သူအဖေကအရက်ကြောင့် ခပ်မြန်မြန်ပဲ သူတို့ သားအမိတွေကို နှုတ်ဆက်သွားခဲ့တယ်။

သူ အခြေခံပညာအထက်တန်းကို ငပလီ မှာတက်ခဲ့တယ်။ ကျောင်းကို အသွားအပြန် ဆယ်မိုင်လောက်စက်ဘီးနင်းပြီးကျောင်းတက်ခဲ့တယ်။ သံတွဲမှာနေတဲ့အချိန် ကဗျာကို အရူးအမူး တွယ်ငြိချိန်မှာ စာပေဝိုင်းတွေ လစဉ်ကဗျာစာအုပ်တွေကို အသက် ၁၆-၁၇ လောက်နဲ့ ဦးစီးပြီးလုပ်ခဲ့တယ်။ သူတို့ကဗျာဝိုင်း ရဲ့ကဗျာစာအုပ်လေးတစ်အုပ်ကို မြန်မာ့ဓနမှာဆရာမောင်ကြည်နိုင်က ရေးဖူးတယ်လို့ ပြောတယ်။ ဒီလိုနဲ့ အဖေ ဆုံးပြီးတော့ အဖေဘက်ကအမျိုးတွေက ရှိသမျှအကုန်ပြန်သိမ်းပြီး အိမ်နေရာ တစ်ကွက်ပဲပေးခဲ့တာကိုရောင်းပြီး အမေက သတ္တိကောင်းကောင်းနဲ့ ရန်ကုန်တက်လာတာတဲ့။

ဒါတောင်ဒီကောင်က ရန်ကုန်မလာချင်လို့ သံတွဲ ကြက်ခြေနီရုံးခန်းမှာ ယူနီဆက်ပ် ပရောဂျက်နဲ့ တစ်သောင်းခွဲစား ဘော်လန်တီယာ(volunteer) တစ်နှစ်လောက် ယောင်လည်လည် ဝင်လုပ်နေသတဲ့။ နောက်ဆုံးအမွေရတဲ့ စက်ဘီး တစ်စီးနဲ့ သံတွဲမှာ ယောင်နေရင်းက စိတ်ရူးပေါက်လို့ အမေနောက်ကိုလိုက်လာရင် အခုတော့…. နေ့ချင်းကြီး ရန်ကုန်သား ဖြစ်နေပြီ။ ရန်ကုန်ရောက်တော့ လက်ထဲမှာ တစ်ကျပ်မှ မပါဘဲ တက္ကစီငှားပြီး ရွာမထဲမှာ အမေအိမ်ရှာသတဲ့ ။ အတော်ဝထ္ထုဆန်တယ် ။ အင်းစိန်ရွာမ မှာ လိပ်စာမသိဘဲ အိမ်ရှာနိုင်ပုံထောက်ကတည်းက ဒီကောင် ဇ ကို ခန့်မှန်းမိတယ်။

စကားနည်းတယ်။ ပြောသမျှ နားထောင်ခေါင်းငြိမ့် ။ အရက်ကို ဖြေးဖြေးသောက်။ ကဗျာရေးဖို့ ချောင်းနေတတ်တယ်။ လူချစ်လူခင်များတယ်လို့ဆိုရမှာပဲ… ကျနော်တို့ အရက်ဝိုင်းက သူ့ ကို ဦးတည်ပြီးဖြစ်လာတာ။ အရက်ဝိုင်းမှာ အပြောသမားက ဖိုးသီဟ နဲ့ မင်းထက်စံ။ နားထောင်ဝင်ရှင်းတာက ကျနော် ။ အရက်ကို ထည့်သမျှ ကုန်အောင်သောက်တာက သက်ပိုင်ဌေး။ မိန်းမတွေနဲ့ ပါတ်သတ်ရင် ဘာပဲဖြစ်ဖြစ် အော်ကြီးဟစ်ကျယ်ခံစားတာတော့သိပ်မတွေ့ရဘူး ။ သိပ်မတွေ့ရဆို အွန်လိုင်းမှာ သားပြောမယားပြော ပြောလို့ရနေတဲ့သူတွေက နည်းတာမှ မဟုတ်တာ။

အရက်ကို ခုံခုံမင်မင်သောက်ပြီးတော့ ဖိုးသီဟ ခေါ်ရာနောက်ကို လိုက်ပြီး ကဗျာတစ်ပုဒ်ကို နှစ်သောင်းသုံးသောင်းလောက်လည်းပေးဝယ်တက်တယ်။ ကျနော်နဲ့ ခင်မင်ပြီးမကြာခင် ဆေးရုံတက်ရတယ်။ ဆေးရုံရောက်တော့လည်း ခပ်အေးအေးရယ်… သူ့ကိုယ်သူ မသေမှန်းလည်းသိပုံရတယ်။ ဆေးရုံက ဆင်းလာတော့ ဆေးလိပ်ဖြတ်လိုက်တယ် ။ ဘီအီးတော့မသောက်တော့ဘူး ။ သေလိမ့်မယ် မသောက်နဲ့လို့ပြောတဲ့ သူ ကို အရက်နေ့စဉ်သောက်ဖြစ်အောင် မမြူဆွယ်ဘဲ လွှမ်းမိုးနိုင်တဲ့ကောင်။

ကဗျာတွေစာတွေကို သိပ်မဝေဖန်ဘူး ။ဆက်ရေးလို့ ပဲပြောတက်တဲ့ကောင်ရယ်။ သူဆီက ဘာ စာပေသီဝရီရွတ်ဖတ်သံမကြားရဘူး ။ ကဗျာကို ကဗျာလို့ ရေးပြီးတော့ ကဗျာကို နှလုံးသားနဲ့ ခံစားတက်တဲ့ကောင်။ မူးပြီးအွန်လိုင်းများတက်ရင် အပြင်မှာဆဲသံမကြားဖူးသလောက် ကိုယ်ပိုင်ပစ္စည်းကို ကာစတန်မက်ဆေ့တင်ဆဲတာ။ ဂျီတော့တင်မကဘူး မျက်နှာနဲ့တွဲရက် ဖေ့စ်ဘွတ်မှာပါဆဲရဲတဲ့ကောင် ။ လူက ကဗျာဆရာသာပြောတယ် ရုပ်က ရဲရုပ်…ဘယ်သွားသွား ရဲအထင်ခံရတဲ့ကောင်။ ကိုယ့်ရုပ်ကိုလည်း အတော်ဂရုစိုက်တဲ့ ကဗျာဆရာရယ်။ နိုက်ကလပ်က အိမ်သာထဲဝင်သေးပေါက်ပြီးပြန်အထွက် ဆံပင်ပုံစံမပျက်အောင် လုပ်နေတာတွေ့ခဲ့ရ သေးတယ်။ မျက်နှာပြောင်ပုံတော့မပြောနဲ့…. ။

သတင်းထောက်လုပ်တာ သုံးနှစ်ရှိပြီး ပန်းချီစာပေအနုပညာသမားတွေရဲ့ ဘဝတွေကို ကော်လံစားရေးနေတယ်လို့ပြောလို့ရတယ်။ နိုင်ငံရေးသတင်း၊ ဗေဒင်သတင်းတွေလိုက်တယ်၊ ထင်ရှားကျော်ကြားလေး တစ်ပုဒ်နှစ်ပုဒ်ရေးတယ် ။ နိုင်ငံပါကျော်ရော… ဗီစီဒီတစ်ခုထဲမှာ နာမည်အကြာကြီးပါလာလို့ ။ အခုတော့ လက်တော့ပ်ရူးရူးနေတယ်။ တစ်ရုံးလုံးမှာ လက်တော့ပ်မရှိတာ သူတစ်ယောက်တည်းဖြစ်နေလို့တဲ့။ ဒီနှစ်ကုန်ရတဲ့ ဘော့နပ်စ်ကို လက်တော့ပ်ဝယ်မယ်တကဲကဲ လုပ်နေရဲ့။ ကျင်လည်ခဲ့ပုံဖြတ်သန်းခဲ့ပုံတွေကြည့်ရင်တော့ ဒီကဗျာဆရာကနည်းတဲ့ ဇမဟုတ်ဘူး ။ဘဝနေနည်းအနုပညာကို ခင်ဗျားတို့ ကျုပ်တို့ထက် ဆယ်ပြန်လောက်ပိုပြီး ကျွမ်းကျင်တယ်။ အချိန်ကိုက်နေရာကိုက်နဲ့ ဘဝ ကို အံဝင်ခွင်ကျ ဖြတ်သန်းနေတယ်…။ အရက်ကြောင့်မြန်မြန်မသေရင် ကဗျာဆရာကောင်း စာရေးဆရာကောင်းဖြစ်လာမဲ့ကောင်လို့ ထင်တယ်။

နေမုန်း

 
Leave a comment

Posted by on December 13, 2010 in အက်ဆေး

 

သူရဲကောင်းတေး

V1 : ကျနော်/ငါ
ကဗျာထဲမှာ လမ်းလျှောက်လာတယ်
ဟော…. မြို့ကြီးတစ်မြို့
ကဗျာတေးသွားတွေနဲ့ ငြိမ့်ညောင်းနေတဲ့မြို့
ကဗျာပန်းပွင့်တွေနဲ့ လန်းစွင့်နေတဲ့မြို့
မြို့ကြီးတစ်မြို့။

"မင်းကသင်းကွဲလာပုံရတယ်"
အို…..ဆရာချောနွယ်…..
ဖွင့်မရတဲ့ ဝေခွဲမှုတွေနဲ့ ကြည့်လိုက်တော့
ဆရာက ဝေဒနာဆန်ဆန် ရယ်မောလိုက်တယ်
သူ့ရယ်သံတိုင်းဟာ ကဗျာအဖြစ် လေထဲကို လွင့်ပျံ့သွားကြ
ပြီးတော့
ဆရာကိုယ်တိုင်လည်း ကဗျာအဖြစ် သူ့ကဗျာတွေနောက်
မျော…. ပါ….. သွား…….။

V2 : မိုက်သွေးကောင်းတဲ့ လူမိုက်တွေစုစည်းရာ လမ်းတစ်လျှောက်မှာ
ဝရုန်းသုန်းကားပြေးလွှားလာတဲ့ ကဗျာတွေကို တွေ့တယ်
ခပ်တည်တည် ဘေးစောင်းကြီးလျှောက်လာတဲ့ ကဗျာတွေကို တွေ့တယ်
ဗေဒတွေ ထည်လဲဝတ်ဆင်ထားတဲ့ ကဗျာတွေကို တွေ့တယ်
နောက်ကျွမ်းပစ်ဝင်လာတဲ့ ကဗျာတွေကို တွေ့တယ်
နေရာအနှံ့ ကဗျာတွေ ပွင့်တယ် ။

CHO : (သွေးကြောင်တဲ့သူအတွက် နေရာမရှိဘူး
သွေးကြောင်တဲ့သူအတွက် နေရာမရှိဘူး
သွေးကြောင်တဲ့သူအတွက် နေရာလုံးဝ မရှိဘူး)

V3 : ရှေ့တည့်တည့်မှာ ချောက်ကြီးရှိတယ်
စောစောက အသံနက်ကြီးရှိတယ်
အဲဒီမှာ ဝေဒနာမျိုးစုံနဲ့ ကဗျာဆရာတွေရှိတယ်
သူတို့ဟာ နူးညံ့တဲ့ ကဗျာဖန်တီးရှင်တွေလည်းဖြစ်တယ်
အဓိပ္ပယ်တစ်ခုတော့ လိုအပ်ပြီ
အသက်ရှုရ ခက်လိုက်တာ
အဓိပ္ပယ်တစ်ခုတော့ သေသေချာချာ လိုအပ်ပါပြီ
ချောက်ကြီးထဲမှာ ကဗျာဆရာတွေက တောင်ပုံ ရာပုံ
ပြုံးလို့။……………………………….. တောက်!!!!!!!
သွေးကြောတစ်လျှောက်စီးဆင်းလာတဲ့ အာရုံတွေနဲ့ ငါ/ကျနော်
မျက်လုံးစုံမှိတ် ခုန်ချပစ်လိုက်တယ်………………….. !!!!!
……………………..!!!!………………………!!!

Pre : (ကဗျာဆိုတာ အိပ်မက်မဟုတ်တဲ့အတွက် ဘယ်တော့မှ လန့်နိုးမလာခဲ့ဘူး)

ဥက္ကာကိုကို(သံတွဲ)

 
Leave a comment

Posted by on December 5, 2010 in ကဗျာ

 
 
Follow

Get every new post delivered to your Inbox.