written by – ဥက္ကာကိုကို(သံတွဲ)
နေမြင့်လေ စိတ်ဓာတ်ပျက်ပြားချင်လေပဲ
ရောဂါက။
အနာဂတ်ဟာ ဒီမိုးဦးမှာ တွဲလောင်းကျရရှာပေါ့
အပယ်ခံရသတွေများတဲ့ ကိုယ်ပိုင်ဘဝ
ကြယ်မပြက်တဲ့ညဟာ ညတိုင်း
ပါရမီလည်းအုံ့မှိုင်းနေပြီ
နှစ်ရှည်သီးနှံဟာ ဒီခရီးပဲ
မီးခိုးတေးသွားဟာလည်း ဒီခရီးပဲ
အိပ်မက်တွေ ရက်ဆက် လဆက်
ဘယ်နေ့ဘယ်ရက်အသက်ထွက်မလဲ
မှန်ရှေ့မှာရပ်ပြီး နှစ်သိမ့်နေမိ။
ကမ္ဘာကြီးက သူစိမ်းဆန်လွန်းတယ်မေမေ
ကျနော့်ကောင်းကင်မှာ တိမ်မရှိဘူး
ကျနော့်ဥယျာဉ်မှာ ပန်းမပွင့်ဘူး
မနက်ခင်းတွေနဲ့ လွဲနေဆဲမှာတင်
ကပွဲက ပြီးဆုံးသွားပြီဆိုပဲ
ကိုယ့်ကိုယ်ကိုယ်ခေါက်သိမ်းပြီး
ရိုရိုကျိုးကျိုးလေးပြန်ခဲ့ရ
လှတော့မလှဘူးပေါ့မေမေ
စံပယ်တွေသာ တဖြုတ်ဖြုတ်ကြွေတယ်…..။ ။