ကဗျာရှည်များ
ဘုရားခေတ်က ကလေးတစ်ယောက်၏ မျက်လုံး
(၁)
နာမကျန်းသော ခန္ဓာကိုယ်မှာ
လွတ်လပ်ရေးကျောက်တိုင်တစ်တိုင် စိုက်ထူဖို့၊
သွေးကြောအပိုတွေကို ဖျက်ဆီးပစ်ဖို့၊
မိန်မတစ်ယောက်နဲ့
လိင်ဆက်ဆံမှုအနုပညာအကြောင်းပြောဖို့၊
ဒီတိုင်းပြည်က
သတ္တိနည်းသူနဲ့ ဥာဏ်နည်းသူများဖတ်ဖို့…
ဒီကဗျာကို ရည်ရွယ်လိုက်ပါရဲ့…..။
(၂)
ရိုင်းပြတဲ့ခေါ်သံနဲ့
ခေတ်ရဲ့ ပညာရှိကြီးများခင်ဗျား….
ဂျင်းရှပ်ကို သိပါသလား၊
ဆိုဖီရဲ့ ကမ်ဘာကို ဖတ်ဖူးပါသလား၊
ဒါလီရဲ့ အရည်ပျော်နေတဲ့ နာရီတွေကို
ကြည့်ဖူးပါသလား၊
လမ်းပေါ်မှာ ဆာလောင်နေတဲ့ ကလေးတွေနဲ့
မျှော်လင့်ချက်အကြောင်း ဆွေးနွေးဖူးပါသလား။
တတိကမ္ဏာ
တတိယလှိုင်း
တတိယလိင်
အို…ငါတို့ဟာ ယဉ်ကျေးမှုစစ်ပွဲမှာ
မရှုမလှ ရှုံးနိမ့်ခဲ့ပါပြီ။
ဒီနေ့ရဲ့ကောက်ကွေးတဲ့ မြစ်ကမ်းဘေး
ငါထိုင်ငေးနေမိတယ်၊
အရင်တုန်းက လူငယ်တွေဟာ
ဆံပင်ရှည်နဲ့၊ တက်တူးနဲ့၊
ရော့ခ်အင်ရိုးလ်နဲ့…
အခုလူငယ်တွေက
ဟစ်ဟော့နဲ့၊ စိတ်ကြွဆေးနဲ့၊
ဆံပင်ရောင်စုံနဲ့….
တူတာတစ်ခုက
တော်လှန်ရေးကို သူတို့မေ့နေခဲ့ကြတယ်…။
ဆင်ခြင်တုံတရားဟာ
လျှာပြတ်နေတဲ့ ဂီတမှာ
အရိုးပေါ် အရေတင်ပဲ။
နားလေးနေသော အဖိုးအိုပဲ။
(၃)
ငါတို့မျိုးဆက်ရဲ့
ပါရမီရှင်များ
သူရဲကောင်းများ
အမည်နာမများ
ဝင်းဖေတဲ့
မောင်ချောနွယ်တဲ့
ခင်ဝမ်းတဲ့
တင်မိုးတဲ့
ဖော်ဝေးတဲ့
မင်းကိုနိုင်တဲ့
ထူးအိမ်သင်တဲ့
လှသန်းတဲ့
ရွှေဘုန်းလူတဲ့
မိုးသီးဇွန်တဲ့
ပိုင်သတဲ့…။
ရက်စက်သော နှလုံးသားတွေနဲ့
စစ်ဖိနပ်သံများနဲ့
ထောင်နံရံပေါ်က ပဲ့တင်သံနဲ့၊
အမှန်တရားဟာလည်း
လွယ်လွယ်လေးပဲ စုတ်ပြဲသွားခဲ့တယ်။
စာသင်ခန်းထဲက မိန်းကလေးတွေလည်း
နိုက်ကလပ်များဆီ ထွက်ခွာသွားကြပေါ့။
ချာတိတ်တွေ
ချဲထီးရောင်းသူရောင်း
ဘောလုံးပွဲလောင်းသူလောင်း၊
ယူနီဖောင်းဝတ်တချို့က
ဇိမ်ခန်းမှာ စီးကရက်ခဲနေရဲ့…..။
ဒီလိုအခြေအနေတွေမှာ
ငါက ကဗျာရေးလိုက်
ခဲပြားတွေကို မီးရှို့လိုက်
ကမ္ဏာာကြီးကို အမဲလိုက်.လိုက်
ဖြစ်တည်မှုပဓာန၀ါဒကို အရသာခံလိုက်….
ခေတ်ကြီးကလည်း
အပြောင်းအလဲမြန်လွန်းတယ်၊
မနေ့တုန်းက ၀န်ကြီးချုပ်ဟာ
ဒီနေ့တော့ ၁၀၉၊ ၁၁၀။
(၂၆) နှစ်လုံးလုံး ပြည်သူတွေကို
ခပ်တည်တည် လိမ်ညာခဲ့သူကြီးလည်း
ရန်ကုန်မြစ်ထဲမှာ နိဂုံးချုပ်ခဲ့ပြီ။
မျက်စိတစ်မှိတ်
လျှပ်တပြက်မှာပဲ
အရာရာဟာ လူသားဆန်စွာ ကျဆုံးခဲ့ပြီ…။
(၄)
သူရဲကောင်းတိုင်းဟာ
ရိုးသားမှုရှိလိမ့်မယ်လို့ ငါယုံတယ်၊
မရိုးသားသူဆိုတာ
ဘယ်တော့မှ သူရဲကောင်းမဟုတ်ဘူး…။
ပွင့်လင်းလွတ်လပ်တဲ့ လူ့ဘောင်ကို
ထူထောင်ရမယ်၊
ပညာရှင်တွေအခန်းကဏ္ဍဟာ
ကြီးကျယ်ခမ်းနားရမယ်၊
ဖျက်ဆီးခံထားရတဲ့ ပညာရေးစနစ်ကို
ပြန်တည်ဆောက်ရမယ်၊
သွေးစွန်းခဲ့သော သမိုင်းစားမျက်နှာတွေအတွက်
ကျောင်းသားသမဂအလံကို
ငါတို့ ဦးညွှတ်ကြရမယ်။
ဘရာဇီးဟာ
ဘောလုံးသမားတွေ ထုတ်လုပ်တယ်၊
ဗင်နီဇွဲလားဟာ
ကိုယ်ဟန်ပြမယ်တွေ ထုတ်လုပ်တယ်၊
ငါတို့ကရော
ဘာတွေကို ဘယ်လို ထုတ်လုပ်ပြီး
ခမ်းနားတဲ့လူ့အဖွဲ့အစည်းဆီ ချီတက်ကြမလဲ။
(၅)
ကိုလံဘီယာ ကုတ်ကင်းဘုရင် ကားလို့စ်က
ကုတ်ကင်းဟာ တတိယနိုင်ငံများအတွက်
အဏုမြူဗုံးတဲ့။
ရုရှားအာဏာရှင် ခရူးရှက်က
နိုင်ငံရေးဆိုတာ
အညစ်ပတ်ဆုံး မီးဖိုချောင်ပဲတဲ့။
အကြမ်းဖက်သမား အိုစမာဘင်လာဒင်က
မြင့်မြတ်သော ဘာသာရေးစစ်ပွဲကို
ဆင်နွှဲရမယ်တဲ့၊
အားလုံးဟာ ကိုယ့်အမှန်တရားနဲ့ကိုယ်
လှပနေတာပဲ….ဲ။
ရန်ကုန်ဟာ ဘဂဒက်လို
အဆောက်အအုံ မပျက်ဆီးတာကလွဲရင်
ကျန်တဲ့ ပျက်ဆီးမှုက
ဘယ်သူမှ လိုက်မမီတော့ဘူး…။
အာရှဂုဏ်ဆောင် ငြိမ်းချမ်းရေးနိုဗယ်ဆုရှင်
အမျိုးသမီးယောက်နဲ့
ငရဲသားတွေမွေးမြူထားတဲ့ စစ်တပ်ဟာ
ကြည့်လို့တော့ ကောင်းနေပါပြီ…။
(၆)
နိုင်ငံတကာအရေးအခင်းများ၊
အပေါစား ကျော်ကြားမှုများ၊
မအောင်မြင်သော အာဏာသိမ်းပွဲများ၊
နန်းကျဘုရင်လို စိတ်ဓာတ်များ၊
တူညီဝတ်စုံနှင့် လူပြိန်းများ…
သင်တို့သွေးသားဟာ
ကြေးစားဆန်လှချည်လား….။
ဟိုးအဝေးကြီးဆီမှာ
အမြင့်ပျံငှက်တစ်ကောင်
မီးလောင်နေတဲ့ အရေပြားပေါ်
မွေးထားတဲ့ ဒဏ်ရာတစ်ခု၊
သွေးဆာနေသော ဓားမြောင်တစ်ချောင်း၊
သေနက်ပြောင်းတွေကို
မကြာခဏ ချောင်းကြည့်တတ်တဲ့ မျက်လုံးတစ်လုံး၊
ကဗျာဆရာလုပ်ဖို့
အားလုံးကို ကြက်ခြေခတ်ထားသူတစ်ယောက်
သူ့မှာ စိတ်ဓာတ်ကလွဲလို့
ကျန်တာဘာမှမရှိဘူး။
ပြီးတော့
အကြောက်လွန်နေတဲ့ ပြည်သူတွေကို အားမရဘူး…။
ဘယ်လိုဖြစ်ဖြစ်
မုန်တိုင်းတွေကို ငါချစ်မိပေါ့….။
(၇)
ရန်လိုနေသော အနုပညာနဲ့
ဘုရာသခင်ရဲ့ ဟန်ဆောင်မှုနဲ့
သွေးပြန်ကြောထဲက အနီရောင်မိန်းမတစ်ယောက်နဲ့
အာခေါင်ကို မီးမြှိုက်ထားသောကဗျာတွေနဲ့
ငါ့ခေတ်ကို
ငါပြဌာန်းရမယ်….။
နောင်အခါ
ယုံကြည်မှုအသားတံဆိပ်နဲ့ ငါ့မျက်နှာကို
လူငယ်တွေက
တီရှပ်မှာ ရိုက်ဝတ်ကြပါစေ။
(၈)
ထူးဆန်းသော လိပ်ပြာတစ်ကောင်
အနက်ရောင်သွေးစက်များ
အစဥအလာအခက်အခဲတွေ
ကြယ်ရောင်၊ လရောင်တချို့နဲ့
လူသားဟာ
နှစ်ကာလတို့ကို ဖြတ်ကျော်လာခဲ့ပြီ…။
ကိုးကွယ်မှုများစွာ
အယူအဆများစွာ
မုန်းတီးခြင်းများစွာ…မှ
တစ်နေ့တော့ ဖြစ်လာမှာပါ..အထိ
ငါက တင်ဆက်နေမိတယ်…။
ဖြစ်နိုင်မယ်ဆို
မြန်မာနိုင်ငံမြေပုံကို
ငါပြန်ပြင်ချင်တယ်။
မန်ချက်စတာယူနိုက်တက်အသင်းမှာ
နည်းပြလုပ်ချင်တယ်။
ယက်ဖ်တူရှင်ကိုနဲ့
လက်ဆွဲနှုတ်ဆက်ချင်တယ်။
နီးကိုးကစ်မင်းရဲ့ လိင်ဆန္ဓအတွက်
တစ်ညလောက် အဖြည့်ခံဖြစ်ချင်တယ်။
ထစ်ချုန်းနေတဲ့ မနက်ဖြန်တွေမှာ
ခေတ်ကို ဦးဆောင်သော ကဗျာများနဲ့
ကမ္ဏာ့မြို့ကြီးတွေကို ကြေငြာလိုက်ပါရဲ့။
အပျော်တမ်း ဖဲကစားဖို့…
အပျော်တမ်း ငရဲသွားဖို့…
အပျော်တမ်း တော်လှန်ရေးလုပ်ဖို့….။
(၉)
အလို…ဟိုမှာ
ဘုရားခေတ်က
ကလေးတစ်ယောက်ရဲ့ မျက်လုံးနဲ့
ငါ့ကို သူတို့
ချောင်းကြည့်နေကြရဲ့……။
ဒဗလျူအမ်တီ (DEC,2004)
———————————————————————————————-
———————————____________________________________
အဖေ
Written by သစ္စာပိုင်စိုး
ရင့်မှည့်ကွဲဖြာလွင့်စင်သွားတဲ့
လဲဝါသီးများလို
ငါတို့ညီအစ်ကိုမောင်နှမများ
မီးဥသြသံအကြားမှာ
လွင့်စင်ရောက်ရှိရာအရပ်မှာ အမြန်စုဝေးကြ
ငါတို့ဘ၀မှာ
ငါတို့ဟာ မီးကိုစတင်တွေ့ရှိသူတွေလား ……
“ငါ့အသက်သုံးဆယ် တည်ငြိမ်ရမယ့်အရွယ်”
(ငါအမြဲပြောခဲ့တဲ့စကား)
ငါ့ခြေထောက်တွေက ရှေ့တိုးနောက်ဆုတ်
ငါ့လက်တွေက စမ်းမိစမ်းရာ
ငါဟာ ရပ်နေသူ
ငါဟာ လဲလျောင်းသူ
ငါဟာ ထိုင်နေသူ
ငါဟာ ပြေးလွှားသူ
ငါ့စိတ်က အမည်နာမတွေ တစ်ခုပြီးတစ်ခုရေရွတ်
ငါ့ခန္ဓာက နတ်ဝင်သည်တစ်ယောက်ထက်
စည်းလွတ်ယမ်းခါ
“ရင်ငြိမ်းရယ်
ငါ့ရင်ကိုငြိမ်းပေးပါ သူငယ်ချင်းရယ်…”
သေခြင်းတရားဆိုတာ သနားစရာသတ္တ၀ါပဲ
သေခြင်းတရားဆိုတာ ဘာမှမဆန်းတာပဲ
သေခြင်းတရားဆိုတာ ရိုးအီနေပါပြီကွာ
အဲဒီသေခြင်းဆိုတဲ့ စကားလုံး
ငါ့အဖေအတွက် မသုံးရဘူးမဟုတ်လား
အဖြစ်အပျက်တွေဆိုတာ မှားယွင်းတတ်တာပဲ
ဒီတစ်ခါ မှားယွင်းပေးလိုက်
သတင်းဟာ အတင်းဖြစ်ပါစေ
ငါ့နှုတ်က တတွတ်တွတ်ရေရွတ်ဆုတောင်း
………..
………..
………..
ငါ့စကားလုံးတွေဟာ လေထဲလွင့်လို့
ငါ့ခန္ဓာတစ်ခုလုံးလည်း လေထဲလွင့်လို့
မင်းဖျောင်းဖျသမျှ စကားလုံးတွေက
ငါကြားဖူးပြီးသားတွေ
မရတော့ဘူး
အဝေးပြေးကားတစ်စီးလို ငါမိုင်ကုန်ပြေးခဲ့ပြီ
ငါတို့ပြန်ရောက်တော့
ငါတို့ခုန်ပေါက်အော်ဟစ်ပြေးလွှားခဲ့ရာ
ငါတို့ထွေးလုံးသတ်ပုတ်ခဲ့ရာ
အဖေ့တံမြက်လှဲသံတရွှမ်းရွှမ်း ဂီတစံမြန်းရာ
အိမ်ရှေ့ကွင်းပြင် မို့မို့ထက်မှာပေါ့
ငါတို့မမှတ်မိသော မျက်နှာများ
ငါတို့မသိသေးသော မျက်နှာများဟာ
ခြောက်ကပ်ပြန့်ကား တွန့်ခေါက်ကြေမွစွာ
ငါတို့နှလုံးသားတည့်တည့်ကို ချိန်ရွယ်ထားပါလား
ငါတို့ပြန်ရောက်တော့
မီးခိုးငွေ့တွေအူနေတဲ့ အိမ်ကလေးထဲမှာ
အမေရယ်
ညီမလေးရယ်
နှစ်ပရိစ္ဆေဒနဲ့ အဖြစ်အပျက်တွေကို မျက်ရည်လုပ်ရင်း
ငြိမ်သက်လို့…
မီးလောင်ပြင်ကလေးကိုပဲ
တစ်ရှိုက်မက်မက် ဖက်တွယ်ထားပြန်တယ်
ငါတို့ပြန်ရောက်တော့
အမေပြောသမျှ မီးလောင်ပြင်ထဲကစကား
ငါတို့ရင်ကို မွှန်းတဲ့ဓားပဲ
ငါတို့ဟာ မီးမြင်ရင် ရင်တုန်တတ်ပြီးသား
ကိုယ့်မှာရှိတဲ့ အားနဲ့
ကိုယ့်မှာရှိတဲ့ တရားနဲ့
ကိုယ့်စကားကိုယ် အံကြိတ်ဖိကိုက်ထားဆဲ
ငါတို့ဘာတွေလွဲမှားခဲ့သလဲ
(ငါတို့အထပ်ထပ်တွေးရင်း)
ငါတို့အထပ်ထပ်မေးရင်း
ငါတို့ငြင်းခွင့်မရကြတော့ဘူး
ငါဟာ အ၀ိဇ္ဇာဖုံးသူလား
ငါဟာ အယူလွဲမှားသူလား
ငါဟာ ပညတ်သမားလား
သေခြင်းဟာ ခါးသီးပေစွ
ဘာပဲဖြစ်ဖြစ်
“မင်းအဖေဆုံးပြီ”
ဒီစကားလုံးကိုပဲ သုံးလိုက်
ငါသေလို့ အဖေ့လက်တစ်ဖက် ပြတ်ရတယ်ဆိုရင်
အဖေဆုံးတော့
ငါ့ခေါင်းတစ်ခုလုံး ပြတ်ကျသွားခဲ့ပြီ အဖေမသေဘူး
ငါတို့ဘ၀မှာ
အဖေဟာ ဆူပူကြိမ်းမောင်းသူ
အဖေဟာ သိမ်မွေ့နူးညံ့သူ
အဖေဟာ ရိုက်ပုတ်ထိုးနှက်သူ
အဖေဟာ ညှာတာယုယသူ
အဖေဟာ အေးစက်မာကျောသူ
အဖေဟာ နွေးထွေးပျော့ပျောင်းသူ
အဖေဟာ အမှောင်မှာတိတ်ဆိတ်သူ
အဖေဟာ အလင်းကိုရှာတတ်သူ
အဖေဟာ ငါတို့နဲ့အဝေးဆုံး
အဖေဟာ ငါတို့နဲ့အနီးဆုံး
အဖေဟာ သူစိမ်းလိုနေတတ်သူ
အဖေဟာ ငါတို့ရဲ့သူငယ်ချင်း
ပူပင်သောကတွေ ဟင်းလင်းပွင့်နေတဲ့နေ့က
အဖေဟာ
ငါတို့မောင်နှမတွေနဲ့ ဆော့ကစားလို့
အဖေဟာ ငါတို့ရဲ့မိတ်ဆွေ
အိမ်ကလေးမှာ အလင်းရောင်တွေဝေတဲ့နေ့က
ငါတို့မောင်နှမများရဲ့ အနာဂတ်ကို
အဖေဟာ
တစ်ကြောင်းချင်းဖတ်လို့…
ခုတော့
အဖေဆုံးပြီ
ငါတို့ပြန်ရောက်တော့
အဖေစိုက်ခဲ့တဲ့ အိမ်ရှေ့မန်ကျည်းပင်မှာ
ကြေးစည်ဟာ ချာချာလည်နေတယ်
ငါတို့ရဲ့ ပဲ့ကြွေလှိုက်စားမှုတွေက
ကြေးစည်သံထဲ တိမ်ဝင်လွင့်ပါးပေါ့
အရေပြားလေး လန်ရင်တောင်
ကော့ပျံအောင် နာကျင်တတ်တဲ့စိတ်
သေခြင်းတရားကို ဘယ်လိုကြိတ်ဖြေမလဲ
အဖြစ်အပျက်တွေ၊ ပုံရိပ်တွေ၊ ဖြတ်သန်းမှုတွေ
ငါတို့အသက်ရှင်သမျှဟာ
ရုပ်ရှင်ဘယ်နှကားစာ ရှိမလဲ
ငါသေတဲ့အထိ စွဲနေမယ့်မျက်ရည်
သောကဟာ သံသရာရှည်ပေါ့
ခုတော့
ငါတို့က စစ်မြေပြင်ထဲမှာ
ဒဏ်ရာတစ်ထပ်၊ ကြေးညှော်တစ်ထပ်
ငါတို့ရပ်နေတော့ရော ဘာထူးမှာလဲ
ဒါဟာ အဖေပေးခဲ့တဲ့ဇွဲပေါ့
အဖေရှိတုန်းက
ငါတို့မိသားစုလေးရဲ့ တိုက်ပွဲမှာ
လက်နက်ရိက္ခာ ပြည့်စုံခဲ့ပါတယ်
အဖေဆုံးတော့
ငါတို့မိသားစုလေးရဲ့ နှလုံးသားဟာ
အသွားဆွေးရိပြတ်ကျသွားတဲ့
မုဆိုးမအိမ်က ဓား မဖြစ်ချင်ဘူး
ငါတို့ရှေ့ဆက်တူးဖော်ဆဲ
အဲဒါ အဖေပေးခဲ့တဲ့ဇွဲပေါ့
အဖေဟာ ငါတို့အတွက် သူရဲကောင်း
အဖေဟာ ငါတို့အတွက် လမ်းပြသူ
ငါတို့မိသားစုလေးအတွက်
အသက်နဲ့လဲပြီးပြခဲ့တဲ့ သံဝေဂ
ငါတို့ဘ၀မှာ သေခြင်းဟာ ဒါအဦးဆုံး
ငါတို့မောင်နှမတွေကို သိမ်းကျုံးပွေ့ဖက်ရင်း
အမေ့ရင်တွင်းမှာလည်း တသိမ့်သိမ့်ခါလို့
ငါတို့ဟာ တစ်ယောက်ကို တစ်ယောက်
နှစ်နှစ်ကာကာ
တစ်ယောက်ကို တစ်ယောက်
ကျစ်ကျစ်ပါအောင် ဖက်ထားရင်း
စကြ၀ဠာချဉ်းအောင် ဟစ်ကြွေးခဲ့တယ်
… အဖေ …။
သစ္စာပိုင်စိုး
Teen(ဖူးငုံ)မဂ္ဂဇင်း ၊ နိုဝင်ဘာ ၊ 2008 ။
အရူးမတစ်ယောက်ရဲ့ဒိုင်ယာရီ
မောင်……..
ကျွန်မနဲ့မောင် စတွေ့တော့
မောင့်နဲ့ မောင့်သူငယ်ချင်းတွေ
အရက်ဝိုင်းဖွဲ့ ပျော်နေကြတဲ့နေရာမှာလေ…….
အရက်ငှဲ့ထားတဲ့ဖန်ခွက်ကို
ကောက်ကိုင် မော့သောက်တော့မယ့်ဆဲဆဲ
စောင်းကျလာတဲ့ ဖန်ခွက်ထဲကို
ဝေ့ကြည့်လိုက်တဲ့ မောင့်မျက်ဝန်းအစုံနဲ့
ကျွန်မ အကြောင်းဆုံခွင့်ရခဲ့တယ်………
သိမ်မွေ့လှတဲ့ မောင့်မျက်ဝန်းလေးထဲမှာ
အနုပညာခံစားမှုတွေ ရစ်သီတွဲခိုလို့ …….
အဲဒီမျက်ဝန်းလေးတွေဟာ………
မောင့်ပါးချိုင့်လေးတွေနဲ့အတူ
ပြုံးတတ် ရယ်တတ်ပြန်တယ်
ပြီးတော့ ….
နှုတ်ခမ်းနှစ်လွှာရဲ့ တာဝန်ကိုပါ
ထမ်းဆောင်တတ်ကြပြန်တယ် ။
အဲဒီအချိန်က….
ကျွန်မတစ်ကိုယ်လုံး
ကြက်သီးမွေးညင်းထ
ရင်အုံကလေးကပါ
တယော ထိုးပြခဲ့တယ် ။
ကဲ…….
ဘယ်လောက် ဆန်းကြယ်လိုက်သလဲ
အဲသလို လူတစ်ယောက်ကို ချစ်ခွင့်ရတာ
ကျွန်မ ကုသိုလ်ထူးလို့ပေါ့နော်
ဒါပေမယ့်မောင်ရေ……
ကျွန်မကို ပတ်ဝန်းကျင်က
အရူးမ……တဲ့လေ….
ဟုတ်တယ်မောင်ရေ……….
ခုတော့
နှင်းတွေလဲ မဝေ
ကြယ်ကြွေသံတွေလည်း မကြားရ
ကောင်းကင်တံခါးဝမှာ
ဝါဂွမ်းရောင် တိမ်တိုက်ကြီးတွေသာ
အဆုပ်လိုက် အဆုပ်လိုက်
လေတိုက်ရာ လွင့်မျောနေကြတယ် ။
ကျေနပ်တယ်….မောင်…
နှလုံးသားရဲ့အလိုတော်အတိုင်းသာရှိပါစေ
တစ်နေ့ ……
မောင့်နံဘေးမှာ ငြိမ်ငြိမ်ကလေးထိုင်ရင်း
အရက်နဲ့ အမြည်းကို
သံယောဇဉ်ရစ်ပတ်နှောင်ဖွဲ့ပေးနေတဲ့
မောင့်လှုပ်ရှားမှုတွေကို မြင်ခွင့်ရတဲ့ည
အို …….
သိပ် အနုပညာဆန်လွန်းလှတယ် မောင်…..။
အို….၀သုန်မြေ
ကျွန်မ စိတ်ခံစားမှုအတွက်
စကားဆိုပါရစေ…………
….အရက်သည်
လူ၏စိတ်ကို ရိုင်းပျစေသည်ဟုဆိုပါလျှင်
ကျွန်မအနေဖြင့်…..
အရက်သည်
နူးညံ့သိမ်မွေ့မှု၏ အဖော်ဖြစ်သည်ဟု အယူခံလိုပါသည်…..
သို့အတွက်
သက်သေအရာတွင် မောင့်ကိုတည်စေပါမည်။
မောင်သည်…အရက်ကို
စွဲလမ်းရှိုက်မက်စွာ သောက်တတ်ပါသည်
သို့သော်…..အရက်သမားမဟုတ်ပါ။
တိမ်တွေကို
အသံနှင့်ချည်ရန် ကြိုးပမ်းနေသည့်
မယုတ်မာတတ်သော လူဆိုးတစ်ဦးသာ ဖြစ်ပါသည်။
မောင့်၏ ဆိုးမွေ ကောင်းမွေ ဟူသမျှကို
လက်ခံသိမ်းဆည်းရန်
ကျွန်မနှလုံးသား၏
လျှို့ဝှက်အပ်သောနေရာတွင်
ပြတိုက်ငယ်တစ်ခု တည်ဆောက်ပြီးဖြစ်ပါသည်။
မောင်က…တိမ်တွေကို အသံနှင့်ချည်မည်ဆိုလျှင်
ကျွန်မက…လရောင်ကို တယောထိုးပြမည် ဖြစ်ပါသည်။
ဤသစ္စာစကား မှန်ခဲ့ပါလျှင်
အသစ်အသစ်ဖြစ်ခွင့်ရသော ဘ၀တိုင်း
ချစ်သော မောင်၏
အရက်ဖြင့် စွန်းထင်းပေကျံနေသော
ကိုယ်သင်းရနံ့တို့ကို
သိမ်မွေ့စွာနမ်းရှိုက် ခံစားခွင့်ရှိသော
ကိုယ်စောင့်နတ်သမီးလေး ဖြစ်ရပါလို၏……..။ ။
တက္ကသိုလ်မင်းခန့်
————————————————————————————————-
ရင်ခွင်မဲ့သောမျက်ဝန်းများ
နာဂစ် …
ငါမချစ်သော အဆိပ်ပန်း
စိတ်တို့နွမ်းအောင်
ဆိုးသွမ်းပြခဲ့။
အိပ်မက်တွေကို ရိုက်ချိုး
အနာဂတ်တွေကို အလဲထိုးခဲ့တဲ့
ညတစ်ညရဲ့ အံကြိတ်သံ
စကြ၀ဠာအထိလွင့်ပျံ
ဒုက္ခကို ခါးစည်းခံလိုက်ကြရ။
ဘဝ
ဘ၀တွေ …
ရခဲလှတဲ့ လူ့ဘ၀တွေ အစိတ်စိတ်အမြွှာမြွှာ
တမလွန်တစ်နေရာဆီ
မှီတွယ်ရာမဲ့ ပြောင်းရွှေ့သွားရ။
ကျန်ခဲ့ကြရှာတဲ့
ကလေးငယ်တွေခင်မျာ
ခိုရာကင်းမဲ့
တဲအိုယဲ့ယဲ့မှာ
သဲ့သဲ့ကြိတ်ငို
အို …သားသားကိုကယ်ပါ …
ဘုရားရှင် ….။
၂။
ကလေးရယ် …
ေ၀၀ါးတဲ့လမ်းကြောင်းအလယ်
မင်း အားငယ်နေရှာမလား
ခါးသီးတဲ့ ဒဏ်ရာတွေကို
စိတ်ထဲမှာ တေးမှတ်နေတာလား
ကလေးရေ …
ဒီပွဲမှာ တို့ရှုံးခဲ့ပေမယ့်
သဘာဝကိုတော့ မမုန်းလိုက်နဲ့နော်
ဆုံးရှုံးသွားတဲ့ နေ့ရက်တွေအပေါ်
လျော်ကြေးမရတဲ့ ဘေးအန္တရာယ်
မင်းတို့ …
နာကြည်းတတ်ခဲ့ပြီလားကွယ်။
အားပါးတရ
ငိုချလိုက် ကလေးရေ
ထိတ်လန့်ချောက်ချားဖွယ် ညကြီးထဲ
ကူကယ်သူမဲ့ နေခဲ့ရလို့
ဘ၀ကိုပဲ အံ့သြနေတာလား
ညလုံးပေါက် ငိုကြွေးခဲ့ရလို့
မျက်ရည်စတွေ ခြောက်ခန်းနေပြီလား
ပြန်မလာနိုင်တော့တဲ့ မိဘနှစ်ပါးကိုပဲ
စောင့်စားနေတာလား …
တင်းမထားဘဲ
အားပါးတရ
ငိုချပစ်လိုက်ပါ ကလေးရယ်…
မင်းရဲ့
အပြစ်မဲ့ မျက်ရည်တွေဟာ
ဧရာဝတီမြစ်ရေတွေနဲ့အတူ
ကမ္ဘာအနှံ့က လူသားတွေရဲ့ ရင်ထဲကို
ညင်ညင်သာသာ စီးဆင်းသွားလိမ့်မယ်
အဲဒီအခါ
တို့နှလုံးသားတွေဟာ
တသားတည်းထပ်တူကျ
မင်းတို့ဒုက္ခကို
ဝေမျှခံစားကြမယ်လေ။
မေမေ … ဖေဖေ …
ညီမလေးနဲ့
မင်းချစ်တဲ့ နွားကြီးငနီတို့ကို
သတိရလွမ်းဆွတ်နေတာလား ကလေးရယ် …
လမ်းဘေးစပ်မှာ
ငြိမ်သက်စွာ ထိုင်နေရှာတဲ့
မင်းတို့ရဲ့ မျက်ဝန်းထဲမှာ
ဆာလောင်အားငယ်မှု
ဝမ်းနည်းတောင့်တမှုနဲ့
ကြေကွဲနေကြသလားကွယ်
ဒီအရွယ် …
ကျောင်းတော်အလယ်မှာ
အဖြူ အစိမ်းညီညီညာညာ
စာတွေအံလိုက် ပျော်ပါးလိုက်နဲ့
ဆရာမအရိုက်မခံရဖို့ဘဲ မျှော်လင့်ကြတဲ့အရွယ်
အခုတော့
နာဂစ်က
မင်းတို့ဘ၀ကို ရိုက်နှက်သွားခဲ့ပြီ။
ပျောက်ဆုံးသွားတဲ့
ကစားကွင်းတွေ
မြူတူးခဲ့ဖူးတဲ့
ကြည်နူးစရာနေ့ရက်တွေ
မပူမပင် မကြောင့်မကြ
မိဘအရိပ်အောက်
တည်ဆောက်ထားတဲ့ မိသားစုလေး
ဘယ်သူပြန်ပေးနိုင်မလဲ
ဘယ်သူပြန်ပေးနိုင်မတဲ့လဲ။
သိပ်မဝေးတဲ့
မင်းရယ်မော ပြုံးရွှင်လာမယ့် တစ်နေ့ကို
ဒို့တွေ အတူလက်တွဲ
ရဲရဲကြီး ရင်ကော့လျှောက်ကြစို့ရဲ့။
မကြာခင်မှာ
မိဘအသစ်တွေက
မင်းတို့ကို ရှာတွေ့ကြပါစေ …
လူသားချင်း စာနာထောက်ထား
လတ်ဆတ်တဲ့ မေတ္တာတရားတွေကြားမှာ
မင်းတို့
မော်ကြွားနိုင်ပါစေ …
ေ၀၀ါးတဲ့အနာဂတ်ကို
ဖြတ်တောက်တွန်းလှန်
နေ့ရက်တိုင်းမှာ အောင်လံထူနိုင်ပါစေ …
ကလေးရေ။
၃။
အိမ်တွေကို ပြန်မိုးလို့ရပေမယ့်
ကံဆိုးတဲ့ ကလေးငယ်တွေအတွက်
လုံခြုံတဲ့ အမိုးအကာဆိုတာ
ကမ္ဘာကြီးရဲ့ မေတ္တာတော်နဲ့
ကျွန်တော်တို့ရဲ့ အသည်းထဲမှာ
ကရုဏာတရားတွေ
စွင့်ကားနိုင်ကြပါစေလေ …
သေခြင်းတရားကို
မျက်ဝါးပြင်ပေါ်
ပုံဖော်ပြသ
ခြွေမွှဆွဲနှစ်
ဝါးမျိုပစ်တဲ့
ပန်းရိုင်းနာဂစ်
ငါမချစ်သော … ၂၀၀၈။
ဥက္ကာကိုကို၊သံတွဲ၊
အသံအက်သွားတဲ့ခေါင်းလောင်းလေး
ရောင်စုံပန်းခြင်းတစ်ခု
စတုတ္ထတန်းကျောင်းသား/သူများ ကောင်းမှု ။
အဖူးအငုံ
ပွင့်ရုံပွင့်ချပ် ၊ ပွင့်ဖတ်ညိုးရော်
သော်ကဇီဇ၀ါ ၊ စကြာပုဏ္ဏရိတ်
သွယ်ချိတ်ကုံးယှက်
မျက်ရည်စက်တွေနဲ့
သူ့အတွက်လေ …..။
ဖိနပ်မဲ့ခြေဖ၀ါး
မေးခိုင်ပိုးစားခြင်း
ထင်းရှုးသားသေတ္တာ
လဲလျောင်းစရာ ။
သွားပေဦးတော့ကွယ်
ဘုန်းကြီးအိုတစ်ပါးထံ
ဝတ္တုငွေ ငါးကျပ်အပ်နှံ
သရဏဂုံဆည်းကပ်လေ
ကောင်းရာဘုံဘ၀ရောက်ပါစေ….။
အမိကိုကူ ၊ အဖကိုကူ
အပူမျှယူ
ခဲတံမဲ့သူ ၊ စာအုပ်မဲ့သူ ၊ မုန့်ဖိုးမဲ့သူ
အလှုငွေမထည့်နိုင်သူ
အပူအားလုံးငြိမ်းပေါ့ ။
သေတ္တဖုံးရိုက်ပိတ်
လျှာအဆိပ်သင့် ၊ ရင်နင့်နေခိုက်
ရှိုက်သံတစ်ချက် ..တစ်ချက်
“ သံစူးသတဲ့….တော်တို့ရေ…..”
အကြော်သည်အမေ
မြေလူးလေရဲ့ ။
စာသင်ခန်းမ
နောက်ဆုံးကခုံနေရာ
လစ်ဟာနေမှာ ။
ကျောင်းခေါ်ချိန်စာရင်း
မင်းနာမည်ကျော်ဖတ်ရတော့မှာ။
လေ့ကျင့်ခန်းစာအုပ် ၊ တစ်အုပ်လျော့သွားမှာ ။
ခုံပေါ်မတ်တပ်
ရပ်ရမယ့်အပြစ်ဒဏ်
မင်းဝိညာဉ်မခံစားစေတော့ ။
“မင်း….သွားလိုရာ သွားနိုင်သည်….”
မကြားဝံ့ဝံ့ ၊ နှုတ်ဆွံ့ရှိုက်ငင်
တစပြင်အထွက်
နှောင့်ယှက်ဆဲအသံတွေ ……
မနက်ဖြန်နံနက်
ကျောင်းအတက်မှာ
ဆရာမလက် ….
ခေါင်းလောင်းအထိုး ခက်ပေလိမ့် ။ ။
မအိ
ရှုမ၀ ၊ ဇူလိုင် ၊ 1982 ။
————————————————————————————————–
မျှော်
မြန်မာပြည် ငြိမ်းချမ်းပါစေ
သွေးစတွေ စိုလူး
အလံဦးမှာ ကိုယ့်အမည်ချိတ်လို့ 
ကြိုးစင်ရိပ်ဝယ်
ကျနော်တို့ တိုက်ပွဲဝင်နေပါတယ်။
ပိတ်မထားရသေးတဲ့
သားကြီးတို့ ရဲ့ ကျောင်းစာအုပ်မှာ
ဒေါင်းရုပ်လေးတွေ သားငယ်ဆွဲတော့
မေမေ မျက်ရည်ဝဲရော့မယ်။
ရှစ်ဆယ့်ရှစ်ခုနှစ်ရဲ့
လက်နက်နဲ့  လွယ်အိတ်တိုက်ပွဲများ
မှုန်ဝါးပြာဝေ
ကမ္ဘာမကြေဘူး
ဘီလူးတခေတ်၊ ဒေါင်းတခေတ်။
တနေ့ နေ့ လေ
မသေသေးရင် ပြန်လာချင်တယ်
ရင်ခွင်မှာ ထွေးလို့ ကြိုပါမေမေရယ်။
မြန်မာပြည်ငြိမ်းချမ်းပါစေ
သွေးစတွေ စိုလူး
အလံဦးမှာ ကိုယ့် အမည်ချိတ်လို့ 
ကြိုးစင်ရိပ်ဝယ်
ကျနော်တို့  တိုက်ပွဲဝင်နေပါတယ်။ ။
ရွှေဘုန်းလူ (တာရာမင်းဝေ)
————————————————-____——————————————————–
ကျောင်းဖွင့်ချိန်
(၁)
ငါတို့ကျောင်းတော်ကြီးရဲ့
မော်ကွန်းထိန်းသိမ်းရေးအခန်းမှာ
ဟစ်တလာရုပ်ထုကို
လူတစုထုဆစ်နေကြတယ်။
သူတို့ဟာ …
ရုပ်တုရဲ့ရှေ့မှာ ကျိန်စာတွေရွတ်ဖတ်
ပျားရည်စက်တွေကို မီးရှို့ပူဇော်
ဆိုင်ရာနိုက်ဖြူလျော်လျော်တွေ သွန်းကြဲပက်ချ
ဟစ်တလာပါးစပ်ထဲက
ကျည်ဆန်တတောင့် ထွက်အံကျလာတယ်။
သူတို့ဟာ …
ကျောက်သင်ပုန်းပေါ်မှာ အဲဒီကျည်ဆံနဲ့
“ကျောင်းဖွင့်ပြီ” ဆိုတဲ့ စာကိုရေး
သွေးစွန်းလက်တွေနဲ့ ပျူငှာစွာ
ဖိတ်ခေါ်ကြပါပြီ။
(၂)
ငါတို့ကျောင်းတော်ကြီးရဲ့
ဟောင်းနွမ်းနေတဲ့ အခန်းလွတ်တခုဟာ
တဖြည်းဖြည်း နှစ်ငါးဆယ်လောက်ပြန်ငယ်ရွယ်သွား
အရင်က မမြင်ရတဲ့ ဟိုတုန်းက အရိပ်တွေ
နံရံတွေ၊ ခုံတန်းလျားတွေဆီက လွန့်လူးထ
အဲဒါ … “အောင်ဆန်း” တို့၊ “ကျော်ငြိမ်း” တို့၊ “သိန်းဖေ” တို့၊ “ညိုမြ” တို့ရဲ့
ဝိညာဉ်တွေပဲ …
ဗမာပြည်လွတ်လပ်ရေးကို သူတို့မြတ်နိုး
ဗမာပြည်လွတ်လပ်ရေးအတွက် သူတို့ရုန်းကန်
အာဏာရှင်ကို ဖီဆန်ခဲ့ကြတယ်။
ခု … သူတို့ရဲ့ ၀ိညာဉ်တွေဟာ
“ကမ္ဘာမကြေဘူး … … …
ငါတို့သွေးနဲ့ ရေးခဲ့ကြတဲ့ မော်ကွန်းတေး …”
သီချင်းလေး နားဆင်ရင်း
ရာဇ၀င်ရဲ့ တကျော့ပြန်စိမ်ခေါ်ပွဲကို
မျက်ရည်တ၀ဲဝဲနဲ့ စောင့်ကြည့်နေပါတယ်။
(၃)
ငါတို့ကျောင်းတော်ကြီးရဲ့
ဒီဘက်ခေတ် ၁၉၈၇ – ၈၈ နှစ်များထဲမှာပါ
တက္ကသိုလ်စာကြည့်တိုက်ထဲမှာ
ဖြူဝါးဝါးအရိပ်တချို့
စာထိုင်ဖတ်နေကြတယ်။
တချို့ဖတ်တာ .. ကဗျာစာအုပ်
တချို့ဖတ်တာ .. သမိုင်းစာအုပ်
တချို့ဖတ်တာ .. နိုင်ငံရေးစာအုပ်
ရုတ်တရက်
အဖြူရိပ်တခုဟာ ထိုင်ရာကထ
“ဗမာပြည်ကို ကယ်တင်ရတော့မယ်”
နောက်ထပ် အဖြူရိပ်တခု စာအုပ်ပိတ်
“ဗမာပြည်ကို ကယ်တင်ရတော့မယ်
ဗမာပြည်ကို ထိတ်တုံးချွတ်ပေးရမယ်”
သူတို့ဟာ တိတ်ဆိတ်စွာ
အခန်းပြင်ကို ထွက်သွားကြပါတော့တယ်။
စာကြည့်တိုက်ရဲ့ စာအုပ်ပိတ်သံများ
လွယ်အိပ်လွယ်သံများ
ဖိနပ်စီးသံများ အဆုံးမှာ
နောက်ထပ် အဖြူရိပ်တခု ထပ်ထွက် …
… … နောက်ထပ် … …
… … နောက်ထပ် … …
(၄)
ငါတို့ကျောင်းတော်ကြီးရဲ့
စာမသင်ဖြစ်တဲ့ စာသင်ခန်းတခုမှာ
အရိုးစုတအုပ် အစည်းအဝေးလုပ်နေတယ်။
အရိုးစုတခုက … ထိုင်ရာမှ ဖြည်းညှင်းစွာထ
“ကျနော်တို့ တော်လှန်ရေး
အာဏာရှင်တွေ နောက်ဆုံးနေ့အထိ”
စသည်ဖြင့် ပြောကြား
အားလုံးငြိမ်သက်နားထောင်နေကြတယ်။
အခန်းထဲမှာ
အကျဉ်းထောင်က ပြေးထွက်လာတဲ့
ဗိုလ်ချုပ်ရဲ့ မိန့်ခွန်းတွေ
သတ္တိဗုံးကို နှောင်ထုံးခတ်
ပတ်ကြားအက်နေတဲံ ရန်သူ့မျက်နှာတွေ
အဲဒီမှာ … အရိုးစုတခုက လက်သီးဆုပ်
သူ့နှုတ်က တိုးတိုးလေးပြော
“တောက အဖေနဲ့အမေတော့
ကျနော့်ကို မျှော်နေကြတော့မယ်ဗျာ”
ကြေကွဲစွာ သူ့မျက်လုံးပေါက်တဲက
မျက်ရည်ဖြူတစက်
စီးသက်ကျလာတယ်။
(၅)
ငါတို့ကျောင်းတော်ကြီးရဲ့
ပရ၀ဏ် အ၀င်အထွက်လမ်းတွေမှာ
အချုပ်ကားပြာပြာကြီးတွေ
ဒရကြမ်းနှင်နေကြတယ်။
အဲဒီကားကြီးတွေထဲမှာ
“ကမ္ဘာမကြေ၊ ဗမာပြေ .. ဒါတို့ပြေ
ဒါတို့ပြေ ..တို့ပိုင်တဲ့ မြေ” ဆိုတဲ့
တေးသံသာယာ
ညီညာစွာ ပဲ့တင်ပေါ်ထွက်
ကျောင်းသားလက်တွေ သွေးစိမ့်ယိုစီးခဲ့ပြီ
အချုပ်ကားပြာပြာကြီးရဲ့ ဦးထိပ်မှာ
သူတို့ရဲ့ တံဆိပ် … တို့ရဲ့အလံ
ဦးခေါင်းခွံမှာ အရိုးနှစ်ချောင်း ကန့်လန့်ဖြတ်ထားတဲ့ သဏ္ဍန်သာ ဖြစ်တယ်။
ကျောင်းခေါင်းလောင်းအိုကြီးဟာ
ထွက်ခွာသွားတဲ့ အချုပ်ကားနောက်
ပြေးလိုက်ခလုပ်တိုက်ပြီး လဲပြိုကျ
ချိုလွင်ရှတတဲ့ ခေါင်းလောင်းသံထွက်ရမယ့်အစား
“သားရေ အမေ လိုက်ရှာနေတယ်လေ .. သားရေ”
ဆိုတဲ့ ငိုရှိုက်ညည်းတွားသံအဖြစ်နဲ့သာ
ရာဇ၀င်တုန်ခါအောင် မြည်ဟည်းလာခဲ့ပြီ။
(၆)
ငါတို့ကျောင်းတော်ကြီးရဲ့
နီမောင်းသောလမ်းကြီး၊ လမ်းငယ်များမှာ
ဒေါင်းအလံတလူလူလွှင့်ထူလို့
ကျောင်းသားတွေ ချီလာပါပြီ
ရင်တအုံလုံးပွင့်ထွက်နေတဲ့ ကျောင်းသားက
ရှေ့ဆုံကအလံကိုင်ပြီး သွေးပွက်ပွက်အန်ထွက်နေတဲ့
ကျောင်းသားတွေက
နောက်က ချီတက်လိုက်ပါလာတယ်။
“ဒီမိုကရေစီရရှိရေး … တို့အရေး”
“အာဏာရှင်စနစ်ကျဆုံးရေး … တို့အရေး” တဲ့။
ကိုယ့်ကိုယ်ကိုယ် တခါတည်း အသုဘချရင်း
တိုက်ပွဲဝင်ခဲ့ကြရတဲံ ငါတို့ရဲ့တော်လှန်ရေး
ဘယ်တော့မှ … အရှုံးမပေးဘူးဟေ့ …
သေနတ်သံတချက်ဖောက်ရင်
ရာဇပလ္လင်မီးဟုန်းဟုန်းတောက်သွားမယ် …
နောက်ဆုံးနေ့အထိ …
(၇)
ငိုက်မြည်းနေတဲ့ အင်းလျားရေပြင်ဟာ
ရုတ်တရက် ရဲရဲနီစွေးသွားတယ်။
ချက်ခြင်းပဲ ရေငွေ့ပျံတက်
ကောင်းကင်ထက်မှာ တိမ်အဖြစ် မိုးစက်ခို
ကျောင်းတော်ကြီးကို မိုးသွေးတွေ ပြန်ရွာချ
လျှပ်တွေပြက်၊ မိုးတွေခြိမ်း … … …
ဒိန်းဒုံး ဆူညံသွားတယ် …
အဲဒီအခါ … ကျောင်းတော်မှာ …
ပန်းတွေ ဖျတ်ကနဲ ပွင့်ကြ
ငှက်ဆိုးတွေ ဝေါကနဲ ထပျံကြ
သစ်ရွက်တွေ တလက်လက်တောက်ပကြ
ခုံတန်းလျားတွေ အုတ်ဂူအဖြစ်ပြောင်းလဲကြ
မြေကြီးတွေ တုန်ခါတော်လဲကြ
တို့အရေး .. တို့အရေး .. တို့အရေး .. တို့အရေး
ကြွေးကြော်သံတွေနဲ့
ဗမာပြည်ကြီး တ၀ုန်းဝုန်းရုန်းကန်
နိုးထပြီး နောက်ဆုံးငြိမ်သက်သွားတဲ့အခါ
ငါတို့ကျောင်းတော်ကြီးဟာ … …
တလဲ့လဲ့ တ၀င်းဝင်း
သွေးနီရောင် တောက်ပခါ …
အာဇာနည် သူရဲကောင်းတို့ရဲ့
ဂူဗိမာန်ကြီးပမာသာ တည်ရှိနေပါတော့တယ် …။
(၈)
ကျောင်းသားတွေနဲ့ ကျောင်းတော်ကြီးကြား
ခု … သွေးပင်လယ်ကြီးခြားနေပါပြီ …
“ကျောင်းဖွင့်ပြီ” ဆိုတဲ့ အာဏာရှင်တွေဟာ
သွေးပင်လယ်ကြီးကို ကျော်နင်း
ထုံးတံတားကြီးကို ကျော်ခင်းပေးတယ်။
တချို့တွေက ကျောင်းတက်လာကြလိမ့်မယ် …
အဲဒီထဲက တချို့ဟာ …
“အကြောင်းကြောင်းကြောင့်ပါ” လို့
စိတ်မကောင်းစွာပြောရင်း …
ထုံးတံတားကို လျှောက်နင်း …
ကျောင်းခန်းအတွင်း ၀တ္တရားအရထိုင်
ငါတို့ … နားလည်ခွင့်လွှတ်နိုင်ပါတယ် …
တချို့ကတော့ …
“ဂုဏ်တုဂုဏ်ပြိုင်” ကောင်းကြောင်းပြောရင်း
ထုံးနံ့သင်းတဲ့ ပန်းခင်းကိုဖြတ် …
ရီးစားထားဖို့ ကျောင်းပြန်တက်လိမ့်မယ်။
အဲဒီလို … လူစားတွေကိုတော့ …
ငါတို့က ခွင့်လွှတ်သည့်တိုင်အောင်
ရာဇ၀င်က ခွင့်မလွှတ်သရွေ့
သူတို့ဟာ … သမိုင်းမှာ …
“သစ္စာဖောက်” များသာဖြစ်တယ်။
(၉)
ကျောင်းသားနဲ့ကျောင်း
တနေ့တော့ ပေါင်းရမှာပဲ
ငါတို့တွေ သွေးပင်လယ်ကို ဖြတ်ကူးပြီး
ကျောင်းကြီးဆီ အရောက်သွားကြမယ်။
သွေးပင်လယ်ကြီးဟာ
တငွေ့ငွေ့ပူခြစ် ဆူပွက်
ထက်ကောင်းကင် မုန်တိုင်းတို့ အစပျိုး
သွေးလှိုင်းတံပိုး တ၀ုန်းဝုန်းပြင်းထန်
ငါတို့တွေ
ငါတို့တွေ လှည့်မပြန်ဘူး၊
ငါတို့ထဲက တချို့ဟာ …
ကိုယ့်အရိုးကိုယ်ချိုး လှေအဖြစ်ထွင်းထု
ငါတို့အထဲက တချို့ဟာ …
ကိုယ့်အသားကိုယ်လှီး လှေနံရံအဖြစ် ခင်းရိုက်
ငါတို့အထဲက တချို့ဟာ …
ကိုယ့်လက်ဖ၀ါး ကိုယ်ရိုက်ဖြတ်
လှေရွက်အဖြစ် စပ်ချုပ်
မုန်တိုင်းကို ခွဲဝင်
သွေးပင်လယ်ကို ဖြတ်ပြီး
ကျောင်းတော်ကြီးဆီသွားဖို့
လုပ်နေတယ်…။
(၁၀)
နောက်ဆုံးမှာ …
ဒေါင်းအလံကို … ဇြောင်းဆန်အောင် လွှင့်ထူရင်း
အမှန်တရားတခုထံ
ငါတို့ သစ္စာအဓိဌာန်ပြု
အို … သူရဲကောင်းတို့
အို … ကျဆုံးခဲ့လေသော
ဒီမိုကရေစီ တိုက်ပွဲဝင်
သူငယ်ချင်းဟောင်း …
သူရဲကောင်းတို့
ထာဝစဉ်မပျက်ပြယ်နိုင်လောက်အောင်
မြင့်မြတ်စွာ ကျဆုံးခဲ့သော …
သင်တို့၏၀ိညာဉ်တန်ခိုးတော်များသည်
ငါတို့၏ရှေ့နောက်ဝဲယာ …
ထက်အောက်ဝန်းကျင်၌
ပျံ့နှံ့တည်ရှိကြကုန်တော့၏။
ထိုသော …
သင်တို့၏၀ိညာဉ်တန်ခိုးတော်များသည်
ငါတို့၏ခန္ဓာကိုယ်နေရာအနှံ့အပြားသို့
ထိုးဖောက်ယိုစိမ့်စီးဝင်ကာ
ရဲရင့်ခြင်းမှာ ငါတို့အားဖြစ်တည်စေတော့၏။
အို … သူရဲကောင်းတို့
အို … ကျဆုံးလေသော
ဒီမိုကရေစီတိုက်ပွဲဝင်
သူငယ်ချင်းဟောင်း သူရဲကောင်းတို့
ဗမာပြည်ကို ရှိခိုးကာ
ဤသွေးပင်လယ်အား
ငါတို့ ဖြတ်ကူအံ့
မိုးလုံးပြည်ကောင်းချီးသြဘာပေးသံများကြားမှာ
ငါတို့၏ အရေးတော်ပုံ အောင်မြင်ပါစေသတည်း။ ။
ရွှေဘုန်းလူ(တာရာမင်းဝေ)
————————————————————————————————————————————————-
တစ်ညလုံးမအိပ်ခဲ့ရတဲ့ ညကြီးရဲ့ ကောင်မလေး
မောင်ချောနွယ်
(၁)
ကျွမ်းကျင်လွန်းလှတဲ့ ဝက်သတ်သမား
နံကြားကလှံကိုဆွဲအနှုတ်
အဲဒီနှုတ်ချက်ဟာ အသက်ပါလှချည်ရဲ့
မင်းကလေးအကြည့်
ဒီက တစ်ညလုံး မအိပ်ခဲ့ရတဲ့ ညပါကွယ်။
ခုတော့
မြင်းတွေ မြင်းပေါက်စတွေ
အကောင်တစ်ရာလောက်
ငါ့ရင်အုံကြီးထဲကနေ
ကဆုန်ပေါက်ခုန်ထွက်
ငါ့နှလုံးသားခမျာ ဖုံပူပူထဲလဲကျ
လူးလဲထ
အဲဒီ ဒရယ်မျက်လုံးလဲ့လဲ့ကလေးကိုလေ
တစ်ဒေါင့်ထဲစုကပ်ပြီး မကြည့်လိုက်ပါနဲ့
ဧရာဝတီတစ်မြစ်လုံး
ငါသောက်မိပါလိမ့်မယ်ကွယ် …
(၂)
လာပြီ
မောင်းပြန်ဓားခလုပ်ကိုနှိပ်လိုက်သလို
ထပ်ခနဲ
မြည့်နေတဲ့အကြည့်
ငါ့ရင်ခေါင်းကြီးထဲ
အောင့်ကနဲ ပူကနဲ
ငုံထားမိချောကလက်
ရာဘာတုံးကြီးဖြစ်သွား
အသာကလေး အသက်ရှူအောင့်ထားခိုက်
နောက်ထပ်ဓားရောင်လက်ကနဲ
ဒင်းကလေး မျက်လုံးတစ်ချက်
သတိ
ကင်မရာခလုပ်ကိုနှိပ်ချဖို့မမေ့နဲ့
လက်ကနဲဝင်းပ
ဖလက်ရှ်ဂန်းကျွမ်းသွား
ဒီမှာ
အလိုလိုနေရင်း သကြားတွေ
အရည်ပျော်ကုန်ရပါပြီကွယ်။
သည်မှာ
တို့ဆေးနဲ့တို့ခံလိုက်ရသလို
မတ်တတ်ကြီး
ဝိုက်လက်သီးတွေမေးရိုးပေါ်
ဆင့်ဆင့်ဝင်လာ
ဖျောက်ကနဲ
မှောက်သွားရပါပြီကွယ်
“ဒိုင်း” ကနဲ မိုးပေါ်ပျံတက်
“ဒိုင်း” ကနဲ ချောက်ထဲပြုတ်ကျ
မြေကြီးနဲ့ မထိခင် ပြန်ထိလုလုမှာ
ကြက်သွန်ခင်းပေါ် လူးလိမ့်ပေးလိုက်ရ
အို … အိစက်ညက်ညော
ငါဟာ
တစ်ညလုံး မအိပ်ခဲ့ရတဲ့ ညကြီးပါကွယ်။
ခုတော့
ဓားရေးကျွမ်းသူ ဓားသမား
လျှပ်လက်သလို ဓားစွမ်းစွမ်းနဲ့
ခုတ်ချ
ထက်ပိုင်းပြတ်ကျသွားတာမှန်ပေမယ့်
လဲကျဖို့မေ့ခဲ့သူ
ငှက်ပျောပင်တစ်ပင်ဖြစ်ခဲ့ရပါပြီကွယ် …
မင်းကလေး ဘယ်သူလဲ
ဘုရား … ဘုရား …..
ဟောသည်ငါ့ရင်အုံကြီး
ကုန်ကုန်ခမ်းခမ်းပါကွယ် …
မင်းကလေး ဘယ်သူလဲ
ဘုရား … ဘုရား …..
ငါ့မှာ
ပေါင်မုန့်ဝယ်သွားရင်း ပေါင်မုန့်ဖြစ်
ငါ့မှာ
လက်ဖက်ရည်ဝယ်သွားရင်း
လက်ဖက်ရည်ဖြစ်ရပေါ့ …
မင်းကလေး ဘယ်သူလဲ
ဘုရား … ဘုရား …
ငါ့မှာ
“လယ်ထွန်သွား နွားမေ့” ဆိုစကား
ဘယ်ကလိမ့်မလဲ
နွားကိုငေါက်မယ့်ကိုယ့်အသံကိုယ်တောင်
သည်မှာ မေ့ကျန်မယ့်ကောင်ပါကွယ် …
အသက်ရှူမဝသလိုလို
အပမှီလိုက်သလိုလို
အိုကွယ်
တိမ်တွေအားလုံး ငါ့ကိုယ်ပေါ်
ပြိုကျသလိုလိုပါကွယ်
အချစ်ကလေးရယ်
ငါ့လည်ပင်းကြီးကို ခင်းပေးလိုက်ပါ့မယ်ကွယ်
မင်းရဲ့ခြေထောက်အလှကလေးတစ်စုံနဲ့
နင်းလျှောက်လိုက်ပါတော့
အဲသည် အချိန်။
ငါ့ခပ်မြှင်းမြှင်းအသက်ရှူသံလေးကအစ
မင်းကိုချစ်နေမိပါပြီကွယ်
သူများ မိန်းကလေးတွေ မတတ်စွမ်းဖူး
လျှပ်တပြက်မင့်အပြုံး
ဝတ်မှုန်ကူး
အတိအကျအပိုင်ပြုံးချက်တွေ
ရှောင်တခင်ပြုံးချလိုက်တဲ့
အပိုင်ပြုံးချက်တွေ
အဲဒါက … ကွန်တဲ့လား
ဟောသည်က
တစ်ညလုံး မအိပ်ခဲ့ရတဲ့ညကြီးက
ကွန်ထဲကငါးပေါ့
ချစ်တယ်ကွယ် …
လက်ကလေးကိုဝှေ့ရမ်းပြီး
တယ်လီဖုန်းနီနီရဲရဲလေးကို
စွေ့ကနဲဖမ်းကိုင်လိုက်ပုံဟာလေ
လှလွန်း၊ လှပြီးရင်းလှလွန်း
ချစ်တယ်ကွယ် …
သက္ကလပ်ဦးထုပ်အညိုကလေး ခပ်စွေစွေဆောင်းလို့
မထေမဲ့မြင်ဟန် မျက်နှာရစ်သမ်လေးနဲ့
ပုခုံးသားကို လှိုင်းကြက်ခွပ်တွေတွန့်သလို
တွန့်တွန့်ပြီး စကားပြောတတ်တဲ့
မင့်ကိုယ်ဟန်အထည်ကလေး
ငုံထားပစ်လိုက်ချင်တော့တာပဲ
ချစ်တယ်ကွယ် …
ဆောင်းဦးပေါက်ခွေးပေါက်စလေးတွေ
နို့ဆာလို့ ချမ်းလို့
တအိုင်အိုင်
မင်းကလေးကို မမြင်ရရင်လေ
(ဆောင်းဦးပေါက်ခွေးပေါက်စလေးတွေလို)
ငါ့မလဲ တအိုင်အိုင်ရယ်ပါ
ချစ်တယ်ကွယ်…..
အလကားနေရင်း
သွားတိုက်ဆေးကို ဖျစ်ဖျစ်နေတော့တာပဲ
ချစ်တယ်ကွယ် ….
တက်သစ်စကျွန်းကလေးလို အုံ့ဆိုင်းဝေဆာ
မို့မောက်ဖောင်းကားနေ မင်းကိုယ်လုံးကလေးမှာ
အပျိုစင်သွေးကလေးတွေ
ပတ္တမြားရည်လို
တဖျပ်ဖျပ်စီးလည်နေတာ
အဲဒါကလေးကိုလည်း
သည်က
တစ်ညလုံး မအိပ်ခဲ့ရတဲ့ညကြီးက
ချစ်တယ်ကွယ် …
မင်းရီလိုက်တော့
လီမွန်ဘာလီရည်သောက်လိုက်ရသလိုပဲ
ချစ်တယ်ကွယ် …
အမေရေ
သင်းကလေးရဲ့ လှဂုဏ်ရည်ကြောင့်ရယ်
မနေနိုင်တဲ့သားရင်အုံကြီးကြောင့်ရယ်
ချစ်မိတယ် …
မိချောင်း ကျောက်ခက်ပန်းရုံလို
မင့်ဆံပင်အုံကလေး
အမွှေးဖွားဖွားရှဉ့်ကလေးများ
သစ်ရွက်သစ်ခက်ပေါ်ဆော့ကစားသလို
မင့်လည်တိုင်ပေါ်လှုပ်ရှားလို့
ချစ်တယ်ကွယ် …
ဂျွိုင်းဂျက်ကက်ကလေးနဲ့
တောရိုင်းပန်းပွင့်လိုဟန်နဲ့
စက်ဘီးပေါ်မင့်ကိုယ်ထည်ကလေး
ဝေ့ကနဲ ဝဲပျံတက်လိုက်တာများ
ငါ့တစ်ကိုယ်လုံး
သုံးသိန်းထီတွေပေါက်ကုန်ရပါပြီ
ချစ်တယ်ကွယ် …
တစ်လုံးချင်း ခုတ်မောင်း နေတယ်
တစ်လုံးချင်း
တစ်လုံးချင်း
ခုတ်မောင်း နေတယ်
မင့်ရင်အုံ မင့်တင်သားတွေ
တစ်လုံးချင်း ခုတ်မောင်းနေတယ် …
ဟောသည်ကမ္ဘာကြီးပေါ်မယ်
ဘယ်လိုမြစ်တွေက ရေစီးကြမ်းသတဲ့လဲ
ငါထမ်းရ ထမ်းရပါကွယ်
မင်းကိုချစ်တယ် …
ငါလာမယ်
မင့်ချစ်ဝတ်မှုန်အိမ်ကလေးဆီ
အဲသည်
ကျောက်ကျောတုံတုံကလေးလို
မင့်နှုတ်ခမ်းသားတုံတုံကလေးဆီ
မင့်ကိုချစ်တယ် …
အသည်းနှလုံးကို ခလုပ်တိုက်
မင်းကလေး
အား
ပင်နယ်ဆလင်အလုံးတစ်ရာထိုးထားသလို
နာလှချည်ရဲ့ …
မင့်နာမည် … ကလေး ခေါ်နေလိုက်လို့
ငါ့မှာလေ
ရထားမမီ ကားမမီ
လေယာဉ်ပျံမမီ
သေခြင်းတရားမမီ
မမီဘူး
ဘာမှမမီတော့ပါဘူးကွယ် …
အကျင့်မရှိပဲဝိတ်မပြီး နောက်တစ်နေ့
တစ်ကိုယ်လုံး နာကျင်ကျန်ရစ်သူလို
တစ်ဘဝလုံး။
ယူပါကွယ်
လည်ဆွဲမဟုတ်ဘူး
ပုတီးကုံးကလေးမဟုတ်ဘူး
ဆွဲခြင်းကလေး
ငါ့အသည်းနှလုံးကိုထည့်ဆွဲသွားဖို့
ဆွဲခြင်းကလေးပဲ
ယူသွားပါကွယ် …
ကမ္ဘာကြီးရေ
ကျွန်တော်လည်းမှားတော့မယ်
သူ့အသီးကအလွန်ကိုထွားပါတယ်
ချစ် … ချက် … ချောက်
ချစ် … ချက် … ချောက်
ချစ် … ချက် … ချောက်
ချစ် … ချက် … ချောက်
လာနေပြီ
လာနေပြီ
လှပသူသစ်ပင်ကလေး
တစ်ပင်လုံး
တစ်အုံလုံး ရွှေ့လာနေပြီ
အဝေးမြင်ကွင်းပေမယ့်
ထင်လင်းလှချည်ရဲ့ …
ငါဟာ
နာရီအိုကြီးတစ်လုံးထဲက မြည်သံဖြစ်
တက်ကလောက်
တက်ကလောက်
တက်ကလောက်
တက်ကလောက်
တက်ကလောက်
တက်ကလောက်
ငါ့ရင်အုံပေါ် ငါ့ရင်အုံကြီးပေါ်
မြင်းပြိုင်ကွင်းလို သဘောထား
တက်ကလောက်
တက်ကလောက်
သူကလေးလာနေပြီ …
ငါ့ရင်ထဲမှာ
တက်ကလောက်
နီးလာပြီ
နီးလာပြီ
တဖြည်းဖြည်း
မနှေးမမြန်ကလေး
မမြန်မနှေးကလေး
ငါဟာ၊ ကောင်းဘွိုင်လိုမြင်းစီးသမားဖြစ်
ဒိန်းတပ်တပ်
ဒိန်းတပ်တပ်
ဒိန်းတပ်တပ်
ဒိန်းတပ်တပ်
ငါဟာ ဒရမ်မာ (ဗုံတီးသမား) ဖြစ်ခါ
ငါ့ရင်အုံငါပြန်တီးမိ
လောကကြီး ချက်ချင်းလင်းပေးသွား
လောကကြီး ချက်ချင်းမှောင်လိုက်
လောကဓာတ်ကြီး ချက်ချင်းလင်းပေး
ငါ့အချစ်မှာ
ညမရှိဘူး …
ဘယ်ဘဝက သွေးလည်း
သိလား
သင်းကလေးကိုချစ်မိ
အညတရပါ …
မင်းကလေးရဲ့ ရင်၊ တင်၊ ခါး
အတိုင်းအတာဖြင့်
ဂရင်းနစ်စံတော်ချိန်ပေါ့
မင်းကလေးရဲ့ ရင်ဘတ်ကြယ်သီးတွေ
ထွားလွန်း
တစ်လမ်းလုံး မွှေးသွားတယ်
မင်းကိုယ်နံ့တွေကြောင့်လမ်းမှာ
မွှေးခွင့်ရ
လာပြီ
သင်းကလေးလာနေပြီ။
ဆံပင်ကလေးခါလိုက်တာ
ကဗျာ
မင်းကလေးတစ်ချက်ပြုံးလိုက်တာ
ငါ့လယ်ယာထွက်သီးနှံတွေ
အကုန်လုံးဖွံ့ထွားကြီးမားကုန်ရပါပြီ
မင်းကလေးဟာ
ပွဲတော်ထဲက မြို့ကလေးပါ
မင်းကလေးမျက်ခွံပေါ်
ငါ နေခိုပါရစေတော့
မင်းဆံပင်ကလေးနမ်းပြီးမှ
အသက်ရှင်ရမယ့်သူပါကွယ်
ချစ်တယ် …
ဟော …..
ကောက်နေတဲ့ လမ်းတွေဖြောင့်သွားပေါ့
လာနေပြီ
ငါ့နွေဦးပေါက်အသစ်စက်စက်ကလေး
လာပြီ
လာပြီ
ငါ့နွေဦးပေါက်ကလေးလာနေပြီ
ပန်းပွင့်သံတစီစီ
ပေါက်ပွင့်သံ ဒိုင်းကနဲ
ငှက်အမျိုးမျိုးပျံဝဲပုံနဲ့ သစ်ရွက်တွေ
ဝဲပျံကြ
အသီးသစ် အရွက်သစ်တွေ
ပျားရည်ရွှဲကြလို့
အလင်းလှ
အလင်းပြေပြေချောချောကလေး
ပျားအုံဗရန်ဒီအရက်ကလေးထွေထွေနဲ့
တောက်စား
အဲသလို နွေဦးပေါက်ကလေး
အဲသလို နွေဦးပေါက်သင်းကလေး
လာနေပြီ…….
မိန်းမဆိုတာ
သည်လိုဝပ်အား
ခပ်များများနဲ့မှပေါ့ …
ခြေသဲကလေး ဝိုင်အိုလက် ပန်းခရမ်းရောင်
ခြေထောက်အုအုကလေးမှာ
ရွှေလိမ္မော်သီးဖိနပ်နဲ့တင့်
သစ်တောစိုက်ခင်းတစ်ခင်းလို
ခြေသလုံး ဝ၀ကစ်ကစ်မှာ
မွှေးညင်းနုကလေးတွေစီရီ
လေကပွတ်သပ်လိုက်တိုင်း
စီးချက်ညီညီက …
ပြီးရင်
မြင်ရမှာက
ရွှေပိုးကောင်ဂုတ်သားအရောင်လုံချည်
လှိုင်းအိလို့
သင်းကလေး ပေါင်သားပေါ်အိလို့ …
ပြီးရင်
စရွေးကိုက်ပြီး
ရွှေဘော်ထိုးပြီး
ပါလစ်သုတ်ပြီး
ပွတ်လုံးလို
လုံးကျစ်ဝန်းဖုတဲ့
တင်သားတင်းတင်းကလေး …
ရွလို့ …
ပြီးရင်
ခါးကလေး
ခါးသားကလေး
ခါလို့ …
သည်ခါးကလေးပဲဖြစ်မှာ
သည်ကမ္ဘာကြီးကို ဆွဲကိုင်လှုပ်ရမ်းခဲ့တာ
သည်ခါးကလေးပဲဖြစ်မှာ
သည်ကမ္ဘာကြီးကို တဒီးဒီးလည်စေခဲ့တာ
သည်ခါးကလေးပဲဖြစ်မှာ
သည်ကကောင်ကြီးရဲ့ အသည်းကိုလေ
ခဲကလေးလို
ရေပေါ်ရှပ်ရှပ်ပစ်ကစားတာ
သည်ခါးကလေးပဲ
သည်ခါးကလေးပဲ
သိပ်သေချာပါတယ်
အဲသည်ခါးကလေးပဲပေါ့ …
ရေကျချိန်
မို့မောက်ပြီးခုံးခုံးကလေးကျန်ရစ်ခဲ့
ထွန်းသစ်စသောင်ခုံမို့မို့လိုရင်သား
တင်းလို့
အဲသည်ဝင်းပရင်သားအထက်မှာပေါ့
ဂျက်လေယာဉ်တွေ
ဂျက်လေယာဉ်တွေ
တစ်စီးပြီး တစ်စီး
ပျက်ပျက်ကျရာ
မျက်နှာလွင်ပြင်လေး
ဝင်းပ …
ဟုတ်တယ်
သင်းကလေးမျက်နှာဟာ
နှလုံးသား ဂျက်လေယာဉ်တွေ
တစ်စီးပြီး တစ်စီး
ပျက်ပျက်ကျရာလွင်ပြင် …
အမေရေ
အမေ့သား မလဲ
သင်းကလေး မျက်နှာလွင်ပြင်ပေါ်
ဘဝတစ်ခုလုံး
ပျက်ကျရ လေယာဉ်တစ်စီးပေါ့ …
မိုးစပ်စပ်ကလေးရွာပြီးကာစ
နေရောင်အဝါက
စပေါ့လိုက်တစ်ခုလိုထိုးပြထား
ငုပင်
သည်ငုပင်က ငုပွင့် ငုဖတ်တွေ
တစ်ဖြာဖြာခါဆင်းပုံမျိုး
သင်းကလေး
လှမ်းလျှောက်လို့လာနေခဲ့ပြီ …
ဒါဟာ
ငါ့နွေဦးပေါက် အသစ်စက်စက်ကလေးပေါ့
‘ဒါဟာ
ငါ့ဂေါ်ဖီခင်း ထွေးထွေးထပ်ထပ်ကလေးပေါ့
ဒါဟာ
ငါ့အသည်း ပလုပ်တုတ်ဖြစ်ပုံရှုမျှော်ခင်းကလေးပေါ့ …
အမေရေ
၁၆-အောင်စ အလေးချိန်ရှိတဲ့
သားရဲ့ နှလုံးသားလေးဟာ
သူကလေးလှုပ်ကစားမှ
ပျော်ရတဲ့
သူ့လက်ထဲက
ပလုပ်တုတ်ကလေးဖြစ်နေရတာ
ဘယ်ရှေးကုသိုလ်ဆက်လဲဟင် …
“ဒါကဘာလဲ”
(သင်းကလေးအသံလေ)
လက်ကလေးနဲ့ ပွေ့ယူလိုက်သလိုပေါ့
“ဖိတ်စာ”
(ငါ့အသံလေးပါ …
အကြောက်တရားနဲ့ မွေးဖွားလာသမို့
အသံဖြစ်ရုံတင်လေးပေါ့ …)
“ဖိတ်စာ … ပါ”
“ဖိတ်စာ … ပါ”
“ပေး”
(သင်းကလေးအသံပါ)
ငါ့သောတာရုံတစ်ခုလုံး
ပန်းရုံတစ်ရုံဖြစ်သွား …..
ငါ့အသည်းနှလုံး ငါ့ဘဝ
မင်းမျက်ဝန်းလေးထဲ
ပစ်ထည့်မိ။
ပြန်ဆွဲနှုတ်ကြည့်တော့
အသည်းနှလုံးရော ဘဝရော
တစ်ခုမှပြန်ပါမလာတော့ဘူး …
မြေပဒူအောင်း တွင်းထဲ
ခြေထောက်ကျွံကျခဲ့သူ မုဆိုးခမျာ
ပြန်ဆွဲနှုတ်တော့
ခြေထောက်ပြန်ပါမလာတော့သလိုလေ
ဒါပေမယ့်
ချစ်တယ်ကွယ် …
ငါ့အိပ်ကြီးထဲ
ငါ့အက်ႌထဲ
အချစ်တွေပါတယ် ……
ငါ့အသားတွေ ပွတ်သပ်တိုက်ခတ်သွားတဲ့လေမှာတောင်
အချစ်တွေပါတယ် …
ငါ့အဆုပ်ထဲ
အချစ်တွေပြည့်ဖောင်းလို့
အချစ်တွေနဲ့
ငါ့အဆုပ်ကြီးပြည့်ဖောင်းလို့
သင်းကလေး
တသွင်သွင်စီးဆင်းပုံဟာ
တစ်သက်လုံး ငါ့မှာချစ်မှားယွင်းခဲ့
အလကားပါ
ဘဝတစ်လျှောက်လုံးလောက် ချစ်မှားယွင်းသင့်တာပေါ့ …
မြောက်ဥက္ကလာဟိုးမားက
ငါ့မိတ်ဆွေ ဖိနပ်ချုပ်သမားလေးရေ
ငါ့အသည်းနှလုံးကိုပေးပို့လိုက်ပါရဲ့
အလှဆုံး ဖိနပ်ကလေးတစ်ရံ
အမြန်ဆုံးချုပ်ပေးပါ
သူကလေးစီးဖို့ပါကွယ် …
တယ်လီဗေးရှင်းထဲမှာလဲ
ငါမင်းကိုရှာတယ်
တယ်လီဖုန်းလေးထဲမှာလဲ
ငါမင်းကိုရှာတယ်
မိုက်ကရိုဝေ့စလောင်းကြီးထဲမှာများ
မင်းကိုယ်ရိပ် ကိုယ်ရောင် ရှိမလား
ငါမော့ကြည့် အနံ့ခံမိတယ။်
ဆ.သ.ရ ကိုလဲ
အကြောင်းကြားထားပါတယ်
သူကလေးကိုတွေ့ရင်လေ
အမြန်ဆုံးသတင်းပို့ပါလို့။
အလှဆုံး ဇာပန်းကွက်ကလေးတွေ
တစ်ခုပြီး တစ်ခု
ငါ့စိတ်ရဲ့ ပိတ်သားပေါ်
မင်းတိုးဖွဲခဲ့ပါလားကွယ် …
သစ်ကြားသီးလေးပူနွေးနေပုံဟာလေ
မင်းကိုယ်ထည်အနွေးဓာတ်ကလေးလား
သစ်ကြားသီးလေးစားမိတုန်းအခါ
ငါခံစားရပုံများ
ဖရိုဖရဲအုတ်ပုံတွေလို
ငါ့မှာ
“အင်ထရိုပီ” တွေ မြင့်ကုန်ရပါပြီကွယ် …
ခဲတန်ချွန်စက်ထဲကထွက်လာစ
ခဲဆံလို
ကိုက်ခဲပါကွယ်
အဲသည် သွားထက်ထက်ကလေးတွေနဲ့
ငါ့အသည်းနှလုံးကိုလေ
ကိုက်ခဲပါကွယ် …
အို … ဘာဖြစ်လို့များ
မင်းညကို ငါချစ်မိပါလိမ့်
ဒါ ငါမမျှော်လင့်ခဲ့ဖူး
ဒါ မျှော်လင့်လို့မဟုတ်ခဲ့ဖူး
လုံးလုံးမဟုတ်ခဲ့ဖူး
ထူးဆန်းလှချည့်…..
ဒါ ငါမသိခဲ့
ငါ့နှလုံးသား ဘာဘီကျူမီးဖိုဖြစ်
လှိုင်းသစ် ဝင်ပြေး ပင်လယ်ရင်ခွင်
ဘယ်သူသိသလဲ
ဘယ်လောက်ကောင်းတယ်ဆိုတာ …
စိတ်ကူးယဉ်နေတုန်း ရင်ဘတ်ပေါ်
ကြွက်ပေါက်စနီနီရဲရဲလေးတွေ
ရုတ်တရက်ပြုတ်ကျ
လန့်ခုန်
အူတွေယားလို့
ငါ့မှာအူတွေ အထပ်ထပ်ယားလို့ …
စိတ္တဇဆေးရုံကုတင်ပေါ်မှာတဲ့
ငါ့ကိုလူတွေကပြောကြ
ဘယ်ဟုတ်ရမလဲ
ငါဟာ မေတ္တာလမ်းပေါ်ရောက်နေတာပါ
အိမ်နံပါတ်က
၁၅၀ဝ လေ …
လူတွေဟာ ခက်ပါတယ်
သည်လောက်ရိုးရိုးစင်းစင်းလေးတောင်
မသိကြချေဘူး
ခက်တယ် …
အိပ်မက်တွေခြောက်ဆင့်မက်
ညကျရင်အိပ်မက်ထဲမှာ
တဝကြီး သင်းကလေးနဲ့ …
အချစ်နဲ့ပတ်သက်ရင်
နပိုလီယံဆိုတဲ့ကောင်ဟာ
ငါ့ဘယ်မှီမလဲ
မြို့တွေရွာတွေ
တစ်မြို့ပြီး တစ်မြို့ရပေမယ့်
သိတယ်မှုတ်လား
သင်း ချစ်သူ ဂျိုးဇက်ဖင်းဆီတော့
နပိုလီယံဟာ ကျဆုံးခဲ့တယ်မှုတ်လား …
ငါကတော့
ငါ့ချစ်သူလေးလက်ထဲ
မြို့တွေရွာတွေ
အကုန်လုံးပုံပေးထားတဲ့ကောင်
ဘယ်ကောင်ယှဉ်ရဲသလဲ …
ညညအိပ်မရဘူးကွယ်
အိပ်ခန်း ခန်းစည်းလေးကို လေတိုးတိုင်း
ကြည့်စမ်း
မင်းအပြုံး အရမ်းပဲမွှေးလာ
ကောင်းကင်ကိုမော့ကြည့်တော့
မင်းအပြုံးတွေ
ကောင်းကင်အပြည့်
အသည်းလေးရယ်
မင်းကလေးဟာ လမင်းအသစ်ပါကွယ် …
သိပြီ သိပြီ
မင်းလေးကြောင့်
သည်ကောင်ရင်ခုန် မိုးလုံးပြည့်
ငါ့ချစ်စိတ်တွေလွှင့်ပစ်မရတော့ဘူး
ဆိုး …
သွားနှုတ်ဆရာက
မနာမကျင်အောင်
ကျွမ်းကျွမ်းကျင်ကျင်သွားနှုတ်ပုံမျိုးခံရ
သွားတစ်ပြုံလုံးကုန်သွားပေမယ့်
ငါ့မှာ
သွားတွေရှိသလို အားကုန်ပြုံးမိ
ပစ်ရက်စရာ မရှိအောင်ပဲ
ငါ့အဖြစ်ကဆိုး
ချစ်တယ်ကွယ် …
မိုးအသစ်တွေရွာသွန်းဖြိုး
ရေသစ်တွေမြစ်ဖြစ်
ဒါငါ့ရင်ခွင်လေ …
အဆုံး
အဆုံးရဲ့ အဆုံး ခုံးခုံးပေါ်မှာ
ဒါဘယ်သူ့ကောင်းကင်တဲ့လဲ
ဝင်းပ
ဝင်းပ မင့်အပျိုရည်ကလေး
ဘယ်လဲ
ဘယ်ရောက်သွားပြီတဲ့လဲ
အဲဒါဟာ
အပင်ပေါက်သွားပြီလားကွယ် …
ဟေ့
ကောင်းကင်ပြာလေး
ငါ့ကို တစ်ခုခုပြောစမ်းပါ
ပြောခဲ့စမ်းပါ
ဟောသည်က သွေးခဲတစ်ခဲကို
ပြောခဲ့စမ်းပါ
အနာတစ်ခုကို အနာတစ်ခုနဲ့
ကုသရတယ်လို့
သည်သွေးခဲတစ်ခဲကိုလေ
ပြောခဲ့စမ်းပါ …
ခုတော့
ဓားပေါက်ဝိဇ္ဇာရဲ့ ဓားပေါက်ချက်တွေထဲ
ငါ့မှာ
အသည်းတယားယား
ကြက်သီးတဖြန်းဖြန်း မှန်တွေကွဲ
ဓားပေါက်ချက်တွေထဲ
ငါ့မှာ
လောကဓံတရားကိုတွေ့
ငါ့အသည်း
ကျောက်စရစ်ခဲလေးဖြစ်ကျန်ရစ်ခဲ့
ချစ်တယ်ကွယ် …
ငါ့အသက်
မင်းလေးလက်အပ်နှံထား
အထပ်ထပ်ခွဲစိတ်
လွှာချ
တစ်လွှာပြီးတစ်လွှာ
လွှာချ …
အို … အသည်းခွဲစက်ကလေးရဲ့
သိပ္ပံနည်းကျ မင်းပြုစား
ငါ့ရင်ခေါင်းကြီး တစ်ခုလုံး
ရန်သူမလေးရယ်
ချစ်အခိုးတွေအလိပ်လိုက် အလိပ်လိုက်
ထကုန်ရပါပြီ
ငါ့မှာ
ချစ်ပြီးရင်း ချစ်ရင်း
ချစ်တယ်ကွယ် …
ငါ့ကိုဘဝကူးသွားပြီတဲ့
လူတွေက
လူတွေဟာ အတော်ကြီးကိုခက်တယ်
ငါမပြောဖူးလား
အရာရာဟာ တွန့်လိမ်ကောက်ကွေးပြီး
သေးမွှားသွားရုံကလွဲပြီး
ဟောဟို … နေအောက်မှာ
ဘာမှမဆန်းသစ်ဘူးဆိုတာ
မသိကြရှာဘူး …
သည်မှာ … ပြောလိုက်မယ်
တွေ့လား …
အက်စစ်နဲ့ နှလုံးသားကိုပက်မှ
လူဟာသေတာ မဟုတ်ဘူး
ပန်းတစ်ပွင့်ရဲ့ ဝတ်မှုန်တစ်မှုန်နဲ့ထိလဲ
သေတယ်ဆိုတာ
သင်း တို့သိသွားစေရမယ် …
တစ်ညလုံး မဟုတ်ဘူး
ဆယ်ဘဝ ဆယ်ညလုံး မအိပ်ရရ
ချစ်နေမှာပဲ
သိကြ … သိကြ
ချစ်တဲ့အကြောင်းကို
တစ်ဘဝလုံး အကုန်ခံပြီး
အကျယ်ကြီး အော်ပြောသွားတဲ့ကောင်
ဝံ့စားကြလား …
အော်ပြောလိုက်မယ်
ချစ်တဲ့အကြောင်းကို အော်ပြောလိုက်မယ်
သင်းကလေး တစ်ကိုယ်လုံး
ချစ်စရာချည်းပဲ
ချစ်တဲ့အကြောင်းကို
အကျယ်ကြီး အော်ပြောလိုက်မယ်
အချစ်နိုင်ငံကူးလက်မှတ်အမြန်ထုတ်ပေးပါကွယ် …
ဝင်းပပါ … ဝင်းပပါ
ငါ့အသည်းနှလုံး Betelgues ကြယ်ကလေးရဲ့
စွတ်စို စိုထိုင်း
ငါ့မှာ ထွန့်ထွန့်လူး
ငါ့အချစ်တွေ
တိတ်တခိုးကြီးထွန်းလင်း
အိုး … တိတ်တခိုးကြီးပါလားကွယ်
သိကြ
ခု ငါ့ချစ်သူလေး ရင်အုံထဲ
တစ်နေ့ကို အကြိမ်တစ်သိန်းတိတိ
ခုန်ပေါက်နေတဲ့ အသည်းနှလုံးဟာ
ငါ့အသည်းနှလုံးစစ်စစ်ပဲ …
သူငယ်ချင်းတို့ရေ
ဘုရားသခင်စားနေကျ
တော်ဝင်တဲ့ အစားအစာကို
ကိုက်ချီဖို့ကြိုးစားတဲ့
ခွေးတစ်ကောင်ရဲ့ဇာတ်လို့
မှတ်လိုက်ကြပါတော့ကွာ … … … …။
မောင်ချောနွယ်
မမဖြိုးကိုချစ်တဲ့ မိုးရေစက်တွေ
(၁)
မ….မ….ရေ…
တိတ်တဆိတ်ကြေကွဲ
မျက်ရည်ဝဲရုံကလွဲပြီး
ဘာများတတ်နိုင်ဦးမှာလဲကွယ်
မြတ်မြတ်နိုးနိုးမက်ခဲ့ရတဲ့ အိပ်မက်ငယ်
မုတ်သုန်လေနဲ့ လွင့်တော့တယ်။
ငါချစ်တဲ့ မိုးစက်တွေရယ်
မမဖြိုးကို သယ်ဆောင်ခဲ့ကြကွယ်
စံပယ်တွေလည်း ပွင့်တော့မယ်။
(၂)
မမဖြိုးလေ….
မိုးနဲ့အတူ စေခဲ့တာ
စံပယ်နဲ့အတူ ဝေခဲ့တာ
ကြယ်ကမ္ဘာမှာ ကမ္ဗည်းထိုး
မမဖြိုးကို ချစ်တယ်ဟေ့..လို့
စို့စို့ပို့ပို့ ဟစ်ကြွေး
ဟောဒီကောင်ဟာ အရူးလေးပါ။
ရင်ထဲမှာ မိုးတွေရွာတယ်
ကဗျာဆရာရဲ့ အိပ်မက်ဟာ
ရင်နာစွာ ပျက်သုန်းကြေမွ
မလှမပ ရှုံးနိမ့်ခဲ့ရတာလေ …..
သေဆုံးသွားတဲ့ နှလုံးသား
အစားထိုးမရနိုင်တဲ့အချစ်
အသစ်မဖြစ်တော့တဲ့ ရာဇ၀င်တစ်ခုလုံး
မိုးစက်တွေဖုံးလို့
အားလုံးကို ဆုံးရှုံးပေးလိုက်ပါတယ်မမရယ်။
အညတရ ကဗျာဆရာကို
ကံကြမ္မာက လှည့်စားလွန်းတယ်
ရယ်မောစရာ ဇာတ်စင်ပေါ်မှာ
`မြင်သာမြင်…မကြင်ရတဲ့ဘ၀´ တဲ့
ကဗျာဆရာ ကပြခဲ့ပါတယ်။
မူးယစ်နေတဲ့ သစ်ပင်တွေရယ်
မျက်နှာလွှဲထားကြစမ်းကွယ်
မမဖြိုးကို လွမ်းတော့မယ်။
(၃)
`ကဗျာဆရာက မိုးကိုချစ်တယ်လား´
မမဖြိုးမေးစကား
နှလုံးသားမှာစွဲနစ်
အို…. ချစ်ရပါသော မမဖြိုး
မိုးကိုချစ်သော မမဖြိုး။
နှင်းဆီနဲ့တူတဲ့အလှမျိုးပေမယ့်
နှင်းဆီရိုးမှာ ဆူးရှိတယ်
မမဖြိုးမှာ ဆူးမရှိဘူး။
မျက်ဝန်းနက်နက်တစ်စုံသာ အပ်နှင်းခဲ့
ညနေခင်းခါးခါးအတွက်
ကွက်ကြားမိုးတွေက မစဲတော့အောင်ရွာချ
မျှော်လင့်ထားသမျှ လောင်ကျွမ်းပြာကျ
ဘယ်ခြေလှမ်းနဲ့ ခရီးဆက်ရမတဲ့လဲ
ဘယ်အလွမ်းနဲ့ ရှေ့ဆက်လှမ်းရမတဲ့လဲ
လမ်းမခွဲခဲ့ကြပေမယ့်
လမ်းကွဲခဲ့ကြပြီ
ဟောဒီကောင်က ၀မ်းနည်းခဲ့ရပြီ…..
စံပယ်ပန်းကိုချစ်သော မမဖြိုးရေ
ဖွင့်မပြောသာတဲ့ အခြေအနေဆိုတာ
တိတ်တခိုးပဲ လွမ်းနေဖို့ရာ အတွက်လား
မှုန်ရီဝိုးဝါး နှလုံးသားအလယ်
စံပယ်ညိုးတဲ့ ကဗျာမိုးရယ်
မမဖြိုးအတွက် ရွာခဲ့တယ်။
(၄)
ဝေးမသွားချင်ဘူး
အတွေးများတဲ့ ညမျိုးမှာ
မမဖြိုးရဲ့ စကားသံနုနုကို
ပြန်ကြားမိတဲ့ အခါခါ
ကဗျာလေးတွေ မျက်ရည်ဥခဲ့။
သူပြုသမျှ ခံမယ့်ဘဝ
တေးတွေက…. ဝေပြီ
တေးတွေက….. ဝေပြီ……
သစ်ရွက်ကြွေမြင်
ရယ်ချင်တဲ့ကာလပါပဲ
မီးအိမ်လက်ဆွဲ ခရီးသည်လေးဟာ
နိုက်တင်ဂေးငယ်မဖြစ်နိုင်သလို
အပိုပစ္စည်းတွေနဲ့
နှလုံးသားကိုဖာထေးထားရတဲ့
အနားသတ်ဆောင်းဟာလည်း
အချစ်သူရဲကောင်းမဖြစ်နိုင်ပါဘူး။
ထူးတယ်
ရူးတယ်
မမဖြိုးတိုက်တဲ့ အလွမ်းတွေသောက်ပြီး
မူးတယ်။
ညရဲ့
လွမ်းတဲ့ ကဗျာရယ်
အမှောင်သို့ ကြယ်တို့ပြက်တော့မယ်
မမဖြိုးကို ချစ်ခဲ့တယ်။
(၅)
မယုံကြည်နိုင်ခဲ့
စကားရဲ့အဓိပ္ပယ်
စိတ်ဝယ်ဖော်ကျုး
ရူးသွပ်မတတ်
ပြတ်သားရက်သူ မမဖြိုးရေ…..
မိုးတွေလည်း ကြွေပြီ
စံပယ်တွေလည်း ဝေပြီ
ရာသီတွေဟောင်းခဲ့ပေမယ့်
မမဖြိုးကို ချစ်တဲ့အကြောင်း
ရင်ထဲမှာ ဘယ်ခါမှမဟောင်းဘူး။
အရူးလေး…. တဲ့
နဖူးကိုဖွဖွထု
မမရဲ့ယုယမှုဟာ
အခုထိသာယာစေဆဲ။
အသည်းကိုခါးတယ်ထင်ခဲ့တဲ့အကောင်
မမဖြိုးရဲ့ မာယာတစ်ထောင်မှာ
စကြ၀ဠာတစ်ခုလုံး မိုးခေါင်နေရဲ့။
လျစ်လျူရှုခံရတဲ့နှလုံးသားအပေါ်
မမ ဘာနဲ့များ အလျော်အစားပေးမှာလဲ
အဖြေရှာမရတဲ့အထဲ
မိုးဖွဲတွေက မြှားလိုရွာတယ်။
စံပယ်ရနံ့တွေ သင်းပျံ့တယ်
လေပြည်ညင်းတွေ ရှင်းသန့်တယ်
မိုးစက်တွေရယ် စဲတော့ကွယ်
နှလုံးသားလေး ချမ်းရော့မယ်။
(၆)
ပိုင်ဆိုင်သမျှ
ချပြရရင်
ငါ့မှာ
ဂစ်တာတစ်လက် ရှိတယ်
ဘာဂျာတစ်လက်ရှိတယ်
မပြီးသေးတဲ့ ကဗျာတစ်ဝက် ရှိတယ်
မမဖြိုးကိုချစ်တဲ့ နှလုံးသွေးတစ်စက် ရှိတယ်
ကမ္ဘာကြီးကို ဟားတိုက်ရယ်မော
မမဖြိုးကို ချစ်ကြောင်းပြောမယ်
မမဖြိုးရယ်… ကျနော်ရယ်
စိတ်ကူးထဲက အိမ်ကလေးဝယ်
အနမ်းတွေချွေမယ်…..
ပန်းတွေဝေမယ်…..
……………………..
သြော်… ရူးလိုက်တာကွယ်
ကြယ်ကလေးတွေကို ရေတွက်
အိပ်ရေးပျက်တဲ့ညပေါင်း
ထောင်သောင်းကုဋာကုဋေ
မမဖြိုးရေ….
အခုနေတော့
အလွမ်းတွေသာ ဝေလေပေါ့။
လမ်းတွေ့ရင်
တမြင်ကရှောင်
ယောင်လို့တောင် ငဲ့မကြည့်
ဟောဒီကောင်အပေါ်မှာ
အဲဒီလောက်ပစ်ခါရက်သတဲ့လား။
ကျနော့်ကိုပြောမယ့်စကားတွေကို
ဘယ်ထောင့်ကြားမှာ သိမ်းထားတာလဲ
မမဖြိုးရဲ့ နှလုံးသားက
စိမ်းကားလွန်းနေတော့တယ်။
မမဖြိုးရယ်…
ရာသီမိုးဦး ဖူးတဲ့စံပယ်
မျက်ရည်လူးတဲ့ အလွမ်းသည်
ပန်းကြွေတေးကို ဆိုနေပါတယ်။
(၇)
ယောက်ျားတန်မဲ့
မရွဲ့ချင်ဘူး
မိုးဦးရောက်ရင်
အစဉ်နွမ်းလျ
တမ်းတမ်းတတ မျက်ရည်ကျ။
ဘ၀ဆိုတာ
သူရှိပါမှ
ပြည့်စုံရလိမ့်
တသိမ့်သိမ့်ငို
(အို) သူ့အချစ်များ
ပေးသနားပါ… အရှင်။
သူ့ရင်ခွင်မှာ
ဝင်ကာမှေးစက်
စွယ်တော်ရွက်တို့
စိတ်ကူးသက်သို့ ဖြစ်ခဲ့ပြီ။
ပြန်ငဲ့ကြည့်ပါ
ဒဏ်ရာတွေကို
တောင်းဆိုချင်လည်း
မိုးဖွဲသည်းသည်း စဲခဲ့ပြီ
တိမ်ညိုမည်းမည်း လွင့်ခဲ့ပြီ
စံပယ်ပွင့်ဆဲ… ဝေး… ဝေး…….
ဝေး……ခဲ့……ပါ…….ပြီ။
(၈)
အပြင်မှာ မိုးတွေရွာသလို
မျက်ဝန်းမှာ မိုးတွေရွာ
ဘယ်တော့မှ စဲမှာလဲ မိုးရယ်
မမဖြိုးရဲ့ဘ၀လေး
မိုးသည်းသည်းနဲ့ ဝေးပါစေ….
ေ၀၀ါးနေဆဲ နှလုံးသားကို
တစ်နေရာမှာပဲ အကျဉ်းချထားလိုက်ပါပြီ
ဘယ်အခါမှ မေ့သွားမယ်မထင်
ပိုင်ရှင်ရှိတဲ့ပန်း
လက်မလှမ်းတော့ပါ သခင်။
မိုးတွေရွာတဲ့ လမ်းတစ်ခွင်မှာ
ကဗျာပင်တွေ စိုက်ပျိုးရင်း
မမဖြိုးကြိုက်တဲ့ စံပယ်ပန်းကို
လွမ်းမိနေတိုင်း နမ်းတော့မယ်
မိုးစက်တွေရယ်… ကျေးဇူးပါကွယ်
မမဖြိုးလည်း….. ပျော်ရော့မယ်………။ ။
(စိတ်ကူးယဉ်မိုးစက်များသို့….)











Sheep
November 27, 2010 at 9:34 am
we produce poem